ကိုဗစ်(၁၉)ကို ကာကွယ်ရန် အိမ်မှာနေရင်း နေ့စဉ်ဂရုစိုက်ရမည့် နေထိုင်စားသောက်မှုများအကြောင်း

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင်နှင့် တွေ့ဆုံခြင်း

ယခုအခါတွင် COVID-19 ကပ်ရောဂါကြောင့် လူတိုင်း အိမ်မှာသာနေရသော ကာလဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်မကောင်းမဖြစ်ရန် ဂရုစိုက်ရမည့်ကာလဖြစ်၍ နေ့စဉ် နေထိုင်စားသောက်မှုများအကြောင်းကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင်နှင့် စံတော်ချိန်က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်-

အေးမြတ်မွန်(ယုဇန)-မေးမြန်းသည်

မေး – လက်ရှိမှာ ရာသီဥတုလည်း ပူပြင်းတယ်။ ဆေးရုံ၊ ဆေးခန်းလည်း သွားလာလို့သိပ်မကောင်းတဲ့ ဒီအချိန် အိမ်မှာ နေထိုင်နေရသူများအနေနဲ့ နေ့စဉ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်နေထိုင်သင့်ပါသလဲဆရာမ။ နံနက်၊ နေ့လယ်၊ ည တစ်နေ့တာဂရုစိုက်ရမယ့် အစားအသောက်များအကြောင်း ပြောပြပေးပါ။

ဖြေ – ရာသီဥတုက ပူပြင်းနေချိန် အပြင်ထွက်ပြီး ဆေးရုံ၊ ဆေးခန်းသွားလို့ အဆင်မပြေချိန်မှာ အိမ်မှာနေထိုင်ရသူများအတွက် နေ့စဉ် ကျန်းမာရေးကို အထူးဂရုပြုပြီး နေထိုင်စားသောက်ဖို့ လိုပါတယ်။ လူ့ခန္ဓာကိုယ်က ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးခုအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း မူတည်နေတယ်လို့ ပြောလို့ရတဲ့အတွက် ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုတဲ့ စကားနဲ့အညီ အာဟာရပြည့်အောင် ဘယ်လိုစားကြမလဲ။ အထူးသဖြင့် အိမ်မှာ ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ သက်ကြီးရွယ်အို၊ မွေးကင်းစ၊ ငယ်လွန်းတဲ့ကလေးတွေနဲ့ ကျန်းမာရေးမကောင်းသူတွေရှိရင် ပိုပြီး စိတ်ပူရတဲ့အတွက် အခုအချိန် အိမ်ထဲမှာနေတာ အကောင်းဆုံးပါ။ တကယ်လို့ ရာသီဥတုအရမ်းပူနေချိန် အဖျားရှိခဲ့ရင် အင်အားတွေ ကုန်ခန်းနွမ်းလျနေတဲ့အတွက် ကျန်းမာအောင် ဘယ်အစာတွေက ထောက်ပံ့ပေးပြီး အဟာရပြည့်စေနိုင်မလဲဆိုတာ မျှဝေလိုပါတယ်။ အစားအသောက်မှာ အဓိကအနေနဲ့ ရွေးချယ်ရမယ့် အစာအုပ်စု သုံးမျိုးရှိပါတယ်။

၁။ ကာဗိုဟိုက်ဒရိတ်ဆိုတဲ့ ကစီဓာတ်ကို ပိုပြီး တိုးစားရပါမယ်။ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို တိုက်ရမယ့်အချိန်ဟာ Catabolism ဆိုတဲ့ ပျက်ခြင်းဖြစ်စဉ်မှာရောက်နေတဲ့အတွက် ကုန်သွားတဲ့ ခွန်အားတွေကို အမြန်ဆုံး ပြန်လည်ဖြည့်ပေးနိုင်တဲ့အစာတွေကို ရွေးချယ်စားသောက်ရပါမယ်။

၂။ ပရိုတင်းအသားဓာတ်ကတော့ ဗိုင်းရပ်စ်ကို ပြန်လည်တိုက်တဲ့ အချိန်မှာကုန်သွားတဲ့ Immune cells ဆဲလ်တွေ ထပ်ဖြည့်ဆည်းပေးဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့မှာ အလွန်အရေးကြီးပါတယ်။

၃။ ဗီတာမင်နဲ့ ဓာတ်သတ္တုများကတော့ ခန္ဓာကိုယ်က ထုတ်လုပ်မပေးနိုင်တဲ့အတွက် အစားအသောက်မှတစ်ဆင့် ဖြည့်ဆည်းပေးကြရပါတယ်။ ဗီတာမင်နှင့် ဓာတ်သတ္တုကြွယ်ဝတဲ့ အစားအစာတွေက များသောအားဖြင့် အစိမ်းရောင်ရှိတဲ့ အရွက်အမျိုးမျိုး၊ အန်တီအောက်ဆီဒင့် ပါဝင်မှု ပမာဏများတဲ့ အဝါရောင်၊ အနီရောင်၊ ညိုမှောင်တဲ့ အရောင်ရှိသော အသီးအရွက်များကို ရွေးချယ်ဖို့ လိုပါတယ်။ တခြား မရှိမဖြစ် နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ အဆီဓာတ်၊ အငန်ဓာတ်တွေကတော့ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါတွေရှိခဲ့ရင် မိမိအခြေအနေပေါ် မူတည်ပြီး သင့်တင့်လျောက်ပတ်သလို စားသုံးရမှာ ဖြစ်ပါတယ်။

ဈေး၊ စူပါမားကက်တို့သွားရင် ဘာတွေဝယ်ကြမလဲ။ ကာဗိုဟိုက်ဒရိတ်၊ ကစီဓာတ်ခွန်အားအမြန်ဆုံး ဖြည့်ပေးရန်အတွက် အကြမ်းဖျင်းပြောရရင် အပြင်အခွံမာကို ဖယ်ပြီး ကြိတ်လိုက်ရင် ပေါင်ဒါအမှုန့်ဖြစ်သွားတဲ့ grains အစေ့အဆန်တွေဖြစ်တဲ့ ဆန်၊ ပီလောပီနံ၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ပဲပိစပ်နဲ့ ဂျုံများကို ရွေးချယ်ဝယ်တာ အကောင်းဆုံးဖြစ်ပါတယ်။ (ဆန်၊ ကြာဆံ၊ ခေါက်ဆွဲ)များကလည်း တာရှည်အထားခံပါတယ်။ ပရိုတင်း အသားဓာတ်အနေနဲ့ တိရစ္ဆာန်မွေးမြူရေးကထွက်တဲ့ အနီရောင်အသား ဝက်သား၊ အမဲသား၊ ဆိတ်သားများ၊ ရေချိုငါး၊ ပုစွန်နဲ့ ပင်လယ်စာများ၊ အသားနဲ့ ဥစားမွေးမြူရေးကထွက်တဲ့ ကြက်သား၊ ဘဲသားနဲ့ ကြက်ဥ၊ ဘဲဥတွေ ရွေးချယ်ဝယ်ပါ။ ဒါ့အပြင် အလွယ်တကူ ဈေးမသွားနိုင်ချိန် ငါးခြောက်၊ ပုစွန်ခြောက်၊ အသားခြောက်များအနေနဲ့ သိုလှောင်ထားလို့ ရပါတယ်။နောက်တစ်မျိုးကတော့ အပင်တွေကရတဲ့ အသားဓာတ်ဖြစ်ပြီး ပဲအမျိုးမျိုး (ကုလားပဲ၊ ပဲနီလေး၊ ပဲစင်းငုံ၊ စားတော်ပဲ၊ မြေပဲ၊ မတ်ပဲ) တို့ကို ရွေးချယ်နိုင်ပါတယ်။ အပင်ကရတဲ့ ပရိုတင်းအမျိုးအစားဖြစ်ပြီး တိရစ္ဆာန်အသားတွေထက်စာရင် သိပ်မပျက်စီးလွယ်တဲ့အတွက် မီးဖိုချောင်မှာ အကြာကြီး သိုလှောင်ထားနိုင်ပါတယ်။

ဒါ့အပြင် ရယ်ဒီမိတ် လက်ဖက်ရည်၊ ကော်ဖီမစ်၊ ဟောလစ်၊ အိုဗာတင်း၊ မက်တိုဗာတွေထက်စာရင် ပိုပြီး အာဟာရဖြစ်စေတဲ့ နို့အမျိုးမျိုးကို သောက်ခြင်း၊ နို့ခရင်မ်တွေအစား ဒိန်ချဉ်တွေစားခြင်း၊ လက်လုပ်ချဉ်များ စားခြင်းဖြင့် အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားများတိုးပွားစေပြီး ကိုယ်ခံအားကို ပိုမိုတက်စေပါတယ်။ တကယ်လို့ လူကြီးတွေမှာ ချေဖျက်နိုင်စွမ်းနည်းသွားရင်ဖြစ်ဖြစ် ရောဂါတစ်ခုခုကြောင့် အစားမစားနိုင်တဲ့ ကလေး၊ လူကြီးတွေမှာ အာဟာရဓာတ် လျော့နည်းသွားရင်တော့ ပြန်လည်ဖြည့်ဆည်းပေးဖို့ Multi vitamin အားဆေး ဖြည့်စွက်သောက်ဖို့ လိုပါမယ်။ ရောဂါပျောက်အောင် ဆေးလုံးခါးခါးတွေ သောက်ရသလို ခါးသက်တဲ့ အရွက်များ၊ အသီးများက ရောဂါပိုးကို ပိုပြီး တိုက်ဖျက်နိုင်စွမ်းရှိပါတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သကြား၊ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ကြရပါမယ်။

အခုလိုအချိန်မှာ ရယ်ဒီမိတ် ခေါက်ဆွဲထုပ်များအစား မြန်မာပြည်မှာ ပေါပေါများများရှိတဲ့ အသီးအရွက်တွေကို ရွေးချယ်စားသုံးလို့ရပါတယ်။ ဗီတာမင် စီ၊ ဘီ၊ ဒီ၊ ဖောလစ်ဓာတ်၊ဇင့်၊ သွပ်၊ သံဓာတ်များကြွယ်ဝတဲ့ ရာသီပေါ်သီနှံများကို ရွေးချယ်စားဖို့လိုပါတယ်။ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဖရုံသီး၊ ဘူးသီး၊ အာလူး၊ ပဲတောင့်ရှည်၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီ၊ ကြက်ဟင်းခါးသီး၊ ငရုတ်သီး၊ မုန်လာဥနီများကို ဟင်းချက်လို့ဖြစ်စေ၊ အရည်သောက်ဟင်းဖြစ်စေ ချက်စားလို့ရပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသားငါးများကို အစိမ်းမစားဘဲ မြန်မာမှုမြန်မာ့ဟန်နည်းအတိုင်း သေချာကျက်အောင်ချက် စားသောက်ရပါမယ်။ ဒါ့အပြင် ရေဓာတ်ကို ဖြည့်ဆည်းနိုင်ဖို့ နွေရာသီမှာ လတ်လတ်ဆတ်ဆတ်ခွဲတဲ့ အုန်းရည်သောက်လို့ရသလို အရည်ရွှမ်းတဲ့ အသီးများဖြစ်တဲ့ ဖရဲသီး၊ ဆန်းကစ်သီး၊ လိမ္မော်သီး၊ သခွားမွှေးသီး၊ စတော်ဘယ်ရီသီး၊ ဂရိတ်ဖရုသီးများစားသင့်ပါတယ်။ အဲဒီအသီးတွေကို အနေတော်အတုံးလေးတွေတုံးထားပြီး Freezer bag ထဲမှာထည့်ပြီး အေးခဲထားရင် အကြာကြီးခံပြီး ရာသီဥတုပူတဲ့အချိန်ထုတ်ပြီး သစ်သီးဖျော်ရည် (Fruit Juice or Smoothie) လုပ်စားလို့ရပါတယ်။

မနက်စာ ထမင်းကြော်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ နေ့လယ်စာနဲ့ ညနေစာကို ထမင်း၊ ဟင်း၊ အသား၊ ငါး၊ ငါးပိရည်၊ ဟင်းသီးဟင်းရွက်တို့စရာများ ရွေးချယ်လို့ ရပါတယ်။ မုန့်အဆာပြေ စားတာမျိုးမှာ ရယ်ဒီမိတ် ကွတ်ကီး၊ ချော့ကလက်၊ အာလူးကြော်၊ ဆီကြော်မုန့်တွေအစား အသီးအနှံများ၊ မြန်မာ့ရိုးရာမုန့်များနဲ့ လက်ဖက်သုပ်ကို စားပေးလို့ရပါတယ်။ အခုအချိန်မှာ ဆိုင်တွေမှာရောင်းတဲ့ ကိတ်မုန့်၊ ပေါင်မုန့်၊ စမူဆာ၊ ပလာတာ၊ မုန့်ဟင်းခါး၊ လက်သုပ်၊ မုန့်တီ၊ ပီဇာ၊ ဟန်ဘာဂါ၊ ကြက်ကြော်၊ ခေါက်ဆွဲကြော်၊ ကြေးအိုးတွေမှ စားချင်သောက်ချင်တယ်ဆိုရင်တော့ ဆိုင်သွားပြီး ချိုင့်ဆွဲ Carry out ဖြစ်ဖြစ် ကြိုက်ရာမှာပြီး အိမ်အရောက်ပို့တဲ့ Delivery Service တွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက အစားအသောက်တွေကို ‘တန်ဆေး လွန်ဘေး’ဆိုသလို အများကြီးလည်း စားလို့မရပါဘူး။ မိမိစားမယ့် ထမင်းပန်းကန်မှာ လုံလောက်တဲ့ အစာအာဟာရရအောင် အမြဲတမ်း စိတ်ထဲမှာ ချင့်ချိန်သတိပြုပြီး စားကြရမယ့်ပုံစံ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် မိမိစားမယ့် ထမင်းပန်းကန်ကို လေးပုံပုံပြီး တစ်ပုံက ကစီဓာတ်၊ ကျန်တစ်ပုံက အသားဓာတ်၊ ကျန်နှစ်ပုံက အသီးအရွက်များပါအောင်စားမယ်ဆိုရင် အာဟာရပြည့်စုံလုံလောက်တယ်လို့ ပြောလို့ရပါတယ်။

သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါအခံရှိသူတွေ၊ အဝလွန်သူတွေအနေနဲ့ကတော့ ကယ်လိုရီများတဲ့ ချက်ပြုတ်စားသုံးနည်းများကို ရှောင်ကြဖို့လိုပါတယ်။ အခုချိန်မှာ ရသာတဏှာကိုတတ်နိုင်သလောက် ထိန်းချုပ်ပြီး မိမိအိမ်မှာ အာဟာရ ပြည့်ဝတဲ့ ပဲပြုတ်နဲ့ ထမင်းဖြစ်ဖြစ်၊ ဆန်ပြုတ်ဖြစ်ဖြစ် ပြုတ်သောက်ခြင်းက အကုန်အကျမများဘဲ အာဟာရပိုဖြစ်စေနိုင်ပြီး ဘေးကင်းလုံခြုံစေပါတယ်။

အိမ်သားတစ်ဦးဖျားခဲ့ရင်တော့ အိမ်သားအချင်းချင်း ရောဂါကူးစက်မှုမရှိအောင် အခန်းတစ်ခုမှာ သီးသန့်ထားဖို့ အထူးလိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ အနည်းဆုံးခြားနေသင့်ပါတယ်။ မိမိနေအိမ်မှာ ထမင်းပန်းကန် အသုံးအဆောင်ကအစ ကိုယ့်အသုံးအဆောင်နဲ့ကိုယ် သတ်မှတ်ပေးခြင်း၊ ဇွန်းနဲ့ ပန်းကန်များ၊ အဝတ်အစားများကို ရေနွေးနှင့် ပြုတ်လျှော်ခြင်း။ အညစ်အကြေးနဲ့ အမှိုက်များအတွက် အမှိုက်ပုံးသီးသန့် ထားပေးရပါမယ်။

မေး- COVID-19 ကပ်ရောဂါအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အိမ်မှာနေစဉ်၊ မဖြစ်မနေအပြင်ထွက်ရလျှင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ပြောပြပေးပါ ဆရာမ။

ဖြေ – ကိုဗစ်(၁၉)ရောဂါကိုကာကွယ်ဖို့ အိမ်မှာ သက်ဆိုင်ရာဇုန် ခွဲခြားသတ်မှတ်ပြီး ကြပ်မတ်ထိန်းချုပ်ကြရပါမယ်။ မဖြစ်မနေ အိမ်ပြင်ထွက်ခဲ့ရရင် လူရှင်းတဲ့အချိန်မှ သွားပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နှာခေါင်းစည်းသေချာတပ်၊ မျက်မှန်တပ်၊ ဦးထုပ်ဆောင်း၊ လက်သန့်ဆေးဘူးကို အိတ်ထဲမှာ ထည့်ယူသွားပြီး ခဏခဏ သုံးပေးရပါမယ်။ ဈေးဝယ်တဲ့နေရာမှာလည်း လူတွေနဲ့ခြောက်ပေလောက် ခပ်ခွာခွာနေပြီးမှ ဝယ်ကြရပါမယ်။ အိမ်ပြန်ရောက်ရင် အပြင်မှာဝတ်ခဲ့တဲ့ အဝတ်တွေကို အိမ်ထဲမသွင်းဘဲ အိမ်ပြင် ကားဂိုဒေါင်ထဲမှာပဲချွတ်ပြီး ပိုးသတ်ရပါမယ်။ လက်ကိုလည်း ဆပ်ပြာနဲ့ သေချာဆေးပြီး ရေပါချိုးနိုင်ရင် အကောင်းဆုံးပါ။

၁။ ညစ်ပတ်တဲ့ဇုန်။ ။ကော်ရစ်ဒါ၊ ပြင်ပက ပစ္စည်းတင်တဲ့နေရာ၊ အမှိုက်ပုံးထားတဲ့ နေရာတွေဟာ ညစ်ပတ်တဲ့ဇုန်လို့သတ်မှတ်ပါတယ်။
၂။ သန့်ရှင်းတဲ့ဇုန်။ ။အိမ်တွင် ခြေနင်းရန် ခင်းထားတဲ့ကြမ်းပြင်။
၃။ အိမ်ခန်း (၁) ပိုမိုသန့်ရှင်းသောဇုန်
၎။ အိမ်ခန်း(၂) အထူးသန့်ရှင်းသောဇုန် နုနယ်သော မွေးကင်းစကလေး၊ ကိုယ်ဝန်သည်၊ သက်ကြီးရွယ်အို၊ ကျန်းမာရေး အခံမကောင်းသူများနေနိုင်ရန် အခန်းဆိုပြီး Safety Zone တွေခွဲခြားထားရပါမယ်။ တံမြက်စည်း၊ ကြမ်းတိုက် အဝတ်များကို သီးသန့်နေရာမှာ ထားပါ။

အိမ်တွင်း ပိုးသတ်ခြင်း၊ အိမ်တွင်း အိမ်ပြင် မျက်နှာပြင်ပရိဘောဂအသုံးအဆောင်အားလုံး ပိုးသတ်ထားပါ။

လက်ပတ်နာရီ၊ လက်စွပ်၊ လက်ကိုင်ဖုန်း၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်၊ လက်ဆွဲပစ္စည်းများကိုလည်း ပိုးသတ်ပါ။

ဖုန်းကိုင်ပြီးလျှင် လက်ဆေးပါ။ ဖြစ်နိုင်လျှင် ငွေစက္ကူ၊ ရုံးစာရွက်စာတမ်း၊ ဘောက်ချာများ၊ ပြေစာများ စာချုပ်စာတမ်းများ၊ ကြော်ငြာစာရွက်များ၊ လိပ်စာကတ်များ မကိုင်ပါနှင့်။ကိုင်ပြီးလျှင် လက်ကို စနစ်တကျပြန်ဆေးပါ။

ငွေစက္ကူများကို တစ်ရွက်ချင်းဖြန့်ပြီး နာရီဝက် နေလှန်းပါ။ လိုင်းဖုန်းတွေ၊ မိုဘိုင်းဖုန်း၊ အီလက်ထရွန်နစ်ပစ္စည်းများသုံးရင် သတိထားပါ။ ဖြစ်နိုင်ရင် ဖုန်းစပီကာဖွင့်ပြီး လူနဲ့ သုံးပေအကွာကနေ ပြောပါ။ အများသုံး ပန်းကန်ဆေးနေရာမှာဆိုရင် ရေခွက်၊ ရေပိုက်ခေါင်းတွေ၊ အိမ်တွင်းအိမ်သာတံခါး၊ အိမ်သာချက်တွေ၊ Hand shower တွေက ကူးစက်သွားနိုင်ပါတယ်။ ဒီကာလမှာ ချက်မထိုးဘဲ (အတွင်းရော၊ အပြင်ရော) ခြေထောက်နှင့် အဖွင့်အပိတ် လုပ်သင့်ပါတယ်။ ဘိုထိုင်အိမ်သာများကို အိမ်တွင်းသုံး Bleach အသုံးပြုသန့်စင်စေခြင်းကို လက်အိတ်စွပ်ကာ အိမ်သာတက်ပြီးတိုင်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။ တစ်ခုရှိတာက ပိုးသတ်ဆေး Disinfectant တွေရဲ့ အာနိသင်က ၂၄ နာရီ ယာယီမျှသာ ဖြစ်ပါတယ်။ လူပေါ်ဖျန်းလို့မရသလို ရှူမိလို့ရှိရင် အရေပြား၊ မျက်လုံး၊ ပါးစပ်နဲ့ အသက်ရှူလမ်းကြောင်းကို အဓိက ထိခိုက်စေတဲ့အတွက် နှာစေး၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေဖြစ်လာနိုင်ပါတယ်။ Hand sanitizer သုံးသူများအနေနဲ့ အရေပြားခြောက်ခြင်း၊ ဓာတ်မတည့်ခြင်းများဖြစ်တတ်တဲ့အပြင် ဆေးလိပ်သောက်ရင်းနဲ့ ဂက်စ်မီးဖိုချောင်မှာ မီးလောင်တတ်လို့ သတိထားဖို့ လိုပါတယ်။ အိမ်သားတစ်ဦးဖျားခဲ့ရင်တော့ အိမ်သားအချင်းချင်း ရောဂါကူးစက်မှုမရှိအောင် အခန်းတစ်ခုမှာ သီးသန့်ထားဖို့ အထူးလိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ အနည်းဆုံး ခြားနေသင့်ပါတယ်။ မိမိနေအိမ်မှာ ထမင်းပန်းကန် အသုံးအဆောင်ကအစ ကိုယ့်အသုံးအဆောင်နဲ့ကိုယ် သတ်မှတ်ပေးခြင်း၊ ဇွန်းနဲ့ ပန်းကန်များ၊ အဝတ်အစားများကို ရေနွေးနှင့် ပြုတ်လျှော်ခြင်း။ အညစ်အကြေးနဲ့ အမှိုက်များအတွက် အမှိုက်ပုံးသီးသန့် ထားပေးရပါမယ်။

မေး – အများအားဖြင့် လူတွေဟာ ရာသီအကူးအပြောင်းကြောင့်လည်းကောင်း၊ အပူလျှပ်၍လည်ကောင်း၊ အစားမှား၍သော်လည်းကောင်း သာမန် ချောင်းဆိုး၊ နှာစေးတတ်ကြတယ်။ အခုလို COVID-19 ရောဂါဖြစ်လာတော့ ချောင်းဆိုးရင်၊ နှာစေးရင် ရောဂါများဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဆေးခန်းလည်း မပြရဲ၊ ဆေးမြီးတိုလေးတွေ အသုံးပြုနေတာ တွေ့ရတယ် ဆရာမ။ သူတို့အတွက် ဘယ်လိုနေထိုင်၊ ကုသသင့်တယ်ဆိုတာပြောပြပေးပါ။

ဖြေ – ဒီအချိန်မှာ တချို့ ရိုးရိုးဖျားတာလည်း ရှိတတ်ပါတယ်။ ‘ငါတော့ ဝူဟန်များဖြစ်နေလားဆိုပြီး ထိတ်လန့် စိုးရိမ်တတ်ကြပါတယ်။ အခုချိန်မှာ ကိုဗစ်ပဲလို့ ပြောနိုင်တဲ့ သီးခြားလက္ခဏာ Risk factor (နိုင်ငံခြား ခရီးသွားတာ၊ အလုပ်အကိုင် ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့မှုတွေ မရှိရင်၊ ကိုယ်နေတဲ့အရပ်မှာ ရောဂါဖြစ်ပွားမှုများနေရင်တော့၊ မရှိရင်တော့ စိတ်ပူစရာမရှိပါဘူး။ သာမန်ဖျားတာမျိုးကိုက ချောင်းဆိုးရင် ချက်ချင်းမပျောက်ဘဲ ၁၀ ရက်ကြာတာမျိုး ဖြစ်တတ်ပါတယ်။ အခုလောလောဆယ် ကိုဗစ် ဟုတ်၊ မဟုတ်သိချင်ရင်တော့ ဆေးရုံကိုသွား၊ လည်ပင်းတို့ဖတ်စ ပို့စစ်ရမှာဖြစ်ပါတယ်။ တကယ်လို့ စစ်ချင်ရင် ဆေးရုံသွားရဖို့ အတွက် ကြိုပြီး ဖုန်းဆက်ထားပါမှ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ခု မစစ်ချင်ရင်တော့ ဆေးဆိုင်မှာ ချောင်းဆိုးပျောက်ဆေးဝယ်သောက်ထားပြီး ငါးရက်ကျော်လို့ မပျောက်ရင်တော့ Antibody စစ်ကြည့်လို့ ရပါတယ်။ များသောအားဖြင့် တစ်ပတ်အတွင်း အလိုလိုပျောက်သွားကြပြီး ရောဂါဆိုးမယ့်သူတွေကလည်း တစ်ပတ်ကျော်မှစပြီး ဆိုးလာတတ်ကြတယ်လို့ ဆိုပါတယ်။ အရေးအကြီးဆုံးက ကိုဗစ်မှန်းသိလည်း ကုစရာထိရောက်တဲ့ဆေး မရှိသေးပါ။ သေချာတာက ဖြစ်တိုင်း မသေပါဘူး။ သူ့အလိုလို ပြန်ကောင်းတတ်ပါတယ်။

ပြင်းထန်အဆုတ်ရောင်ရောဂါ ခံစားရတဲ့သူတွေက အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိတဲ့ လူငယ်တွေဖြစ်ကာ အသက်ရှူစက်တပ်ပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေက အပူချိန် ၁၀၀ ကျော် စဖြစ်လာပါတယ်။ တချို့ ချောင်းဆိုးတယ်။ နှာမချေဘူး။ လည်ချောင်းနာတယ်။ ခေါင်းကိုက်တယ်။ ခါးနာတယ်။ အသက်ရှူ နည်းနည်းကျပ်လာတယ်။ စောစောစစ်လိုက်လို့ ပိုးရှိရင်သတ်မှတ်ထားတဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူရပါမယ်။ အိမ်မှာပဲ နားနားနေနေနေရင်း အသက်ရှူခက်ခဲမှ ဆေးရုံရောက်သွားတဲ့သူတွေလည်းရှိပါတယ်။ အဲဒါဆိုရင်တော့ အိမ်မှာရှိတဲ့ အနီးကပ်မိသားစုဝင်တွေကို ရောဂါကူးစက်မှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီး ကုသကြရပါမယ်။

ဖျားနေရင်၊ ချောင်းဆိုးနေရင် ဘာလုပ်မလဲ။ အပူလျှပ်တာ Heat Stroke မဟုတ်တဲ့ ဘာရောဂါနဲ့ပဲဖျားဖျား အဖျားအရမ်းတက်ချိန်မှာ အဖျားကျဆေး ပါရာစီတမောက သုံးလို့ရတယ်လို့ WHO ကဆိုပါတယ်။ Biogesic, Tylenol, Panadol,စတဲ့ ပါရာစီတမောအုပ်စုဝင် အဖျားကျဆေးကို လေးနာရီ တစ်ခါခြားပဲ သောက်လို့ရပါတယ်။

တခြား အကိုက်အခဲပျောက်ဆေး အုပ်စုထဲက Ibuprofen အိုင်ဗျူပရိုဖင်ဆေးက ကိုဗစ် (၁၉)ရောဂါကို ပိုမိုဆိုးရွားစေလို့ မသောက်သင့်ဘူးလို့ဆိုပါတယ်။ ကလေးတွေမှာလည်း ဖျားရင် ပါရာစီတမောအုပ်စုဝင်ဆေးတွေက စိတ်အချရဆုံးဖြစ်ပြီး အခြား အက်စပရင် (Asprin) အဖျားကျဆေး၊ မြန်မာအဖျားကျဆေးများ လုံးဝ သုံးလို့မသင့်ပါ။ ရိုးရိုးသာမန် ချောင်းဆိုးတာကို သက်သာစေဖို့ အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ ချောင်းဆိုးပျောက်ဆေးတွေက အမျိုးမျိုးရှိပြီး ဆရာဝန်လက်မှတ်မလိုပါ။ ချောင်းဆိုးပျောက်ဆေးအရည်၊ ဆေးလုံး၊ ငုံဆေးအမျိုးမျိုးရှိပြီး အဆင်ပြေရာ သောက်လို့ရပါတယ်။ ကလေး၊ လူကြီး သတ်သတ်ရှိသလို တချို့ဆေးတွေက အချိုဓာတ်ပါနေတတ်တဲ့အတွက် ဆီးချို၊ သွေးချိုရှိရင် Sugar Freeကို ရှာသင့်ပါတယ်။ တချို့ဆေးတွေက နေ့အတွက်၊ ညအတွက် သတ်သတ်ခွဲသောက်ရသလို နှလုံးရောဂါနဲ့ သွေးတိုးရောဂါအခံတွေရှိရင် တချို့ နှာစေး၊ ချောင်းဆိုးပျောက်ဆေးတွေနဲ့ မတည့်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်ကို ရယူသင့်ပါတယ်။ ဖျားတာနဲ့ချောင်းဆိုးတာအတွက် အဓိကအနေနဲ့ ရေများများသောက်ပြီး အနားယူရမှာဖြစ်ပါတယ်။

မေး – နောက်တစ်ချက် COVID-19 ကပ်ရောဂါကို မဖြစ်ဘူး၊ ပျောက်တယ်ဆိုပြီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပဋိဇီဝဆေးတွေကို သောက်ကြတယ်။ ဒီဆေးတွေက ဘယ်လိုဆိုးကျိုးရှိတယ်ဆိုတာကို အသိပညာပေး ပြောပြပေးပါဆရာမ။

ဖြေ – COVID-19 နဲ့ပတ်သက်ပြီး ပိုးသတ်ဆေး အခုလောလောဆယ်မှာတော့ ပိုးသတ်ဆေး (၁) Azithromycin Tablets, USP 250 mg နဲ့ ငှက်ဖျားရောဂါနဲ့ auto immune ရောဂါတွေမှာသောက်တဲ့

(၂) Hydroxychloroquine ဆေးနှစ်မျိုးကို တွဲဖက်သုံးဖို့ အမေရိကန်မှာ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဲဒီဆေးတွေက နိုင်ငံခြားမှာသက်ဆိုင်ရာ ဆရာဝန်လက်မှတ်ပါမှဝယ်လို့ရပါတယ်။ အဲဒီဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းမသောက်ဘဲ ဆေးဆိုင်မှာ ကိုယ့်ဘာသာ အလွယ်တကူ ဝယ်ပြီးသောက်ရင် အဲဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေက အသက်ဘေးအန္တရာယ် အများကြီးရှိနိုင်ပါတယ်။ အဖျားအရမ်းမြင့်နေရင်၊ အသက်ရှူတာ ခက်ခဲလာပြီဆိုရင်၊ အောက်ဆီဂျင်ကျလာရင် ဆေးရုံကို ချက်ချင်းသွားပြဖို့လိုပါတယ်။ ကူးစက်နေပါလျှင်လည်း အလျှင်းမပျောက်သော်မှ သက်သာနိုင်သဖြင့် ခုခံမှု အင်အားရှိရန် အထူးသဖြင့် သက်ကြီးရွယ်အိုများကို အထူးဂရုစိုက်သင့်ကြောင်း ကျန်းမာ ရေးဌာနက အကြံပြုထားပါတယ်။

မေး – ဆရာမအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ – နောက်ဆုံးအနေနဲ့ လူစုလူဝေးရှိတဲ့နေရာ ရှောင်ကြဉ်ပါ။ အိမ်ပြင် မထွက်ပါနဲ့။ အိမ်အပြင်ထွက်လျှင် နှာခေါင်း၊ ပါးစပ်ဖုံး mask တပ်ဆင်ပြီးမှ ထွက်ပါ။ လက်ဆေးခြင်းကတော့ ရောဂါကာကွယ်ရေးအတွက် အခုထိ အရေးကြီးဆုံးပါပဲ။ ဆပ်ပြာနဲ့ရေကိုသုံးပြီး လက်၊ မျက်နှာပြင်အနှံ့ စက္ကန့် ၂၀ ကြာ ပွတ်တိုက်ပြီး ဆေးကြောပစ်ပါ။