ရောဂါအခြေအနေပိုဆိုးလာ၍ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ICU သို့ပို့ထား

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် အခြေအနေပိုဆိုးလာ၍ အထူးကြပ်မတ်ဆောင်(ICU)သို့ ပို့ထားရသည်ဟု ဘီဘီစီသတင်းတစ်ရပ်အရ သိရသည်။

ဆေးအဖွဲ့၏အကြံပြုချက်အရ ဝန်ကြီးချုပ်ကိုပိုပြီးဂရုစိုက်ကုသပေးနိုင်ရန် ICU သို့ပို့ထားရကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ကပြောထားပြီး ဆေးရုံတင်ထားရချိန်အတွင်း ဝန်ကြီးချုပ်၏တာဝန်အချို့ကို နိုင်ငံခြားရေးဝန်ကြီးဒိုးမနစ်ရက်ဘ်က ပူးတွဲလုပ်ဆောင်ပေးနေရသည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် တနင်္ဂနွေနေ့ညနေပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာပြင်းထန်လာ၍ လန်ဒန်ဆေးရုံတစ်ရုံကိုတက်ရောက်ကုသနေရသည်။ ဘီဘီစီသတင်းထောက်၏ ပြောကြားချက်အရ ဝန်ကြီးချုပ်ကို အသက်ရှူကိရိယာ အကူအညီပေးရသည်အထိတော့ အခြေအနေမဆိုးသေးဟု သိရသည်။

သတင်း – မောင်ဇေယျ