ကိုရိုနာဗိုင်းရပ်စ်နဲ့ ကာကွယ်ကုသဆေးခြေလှမ်းများ

ဒီနေ့အချိန်မှာ တစ်ကမ္ဘာလုံးမျှော်လင့်နေကြတာက ကိုဗစ်-၁၉ ကို ကာကွယ်၊ ကုသနိုင်မယ့် ဆေးဝါးတွေပဲဖြစ်မယ်ထင်ပါတယ်။ဘေးထွက်ဆိုးကျိုးနည်းပြီး လုံးဝစိတ်ချရမယ့် ကာကွယ်ဆေးထုတ်ဖော်ဖို့က တစ်နှစ်ကနေ တစ်နှစ်ခွဲအထိအချိန်ယူရမယ်ဆိုတော့ လတ်တလောရင်ဆိုင်နေရတာတွေကို ဘယ်လို‌ဆေးဝါးနဲ့ ကျော်ဖြတ်မလဲ။ အထူးသဖြင့် ဗိုင်းရပ်စ်ကူးစက်မှုစတင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ဘယ်လိုဆေးဝါးတွေနဲ့ ကူးစက်လူနာကိုကုသခဲ့သလဲကို စိတ်ဝင်စားနေကြပါတယ်။

တရုတ်က ကာကွယ်ကုသဆေးပိုင်ဆိုင်ထားသလား

တရားဝင်ထုတ်ပြန်ချက်တွေမှာ တရုတ်နိုင်ငံအတွင်း ကူးစက်လူနာ ရှစ်သောင်းကျော်ထဲက ၇၆၀၀၀ ကျော်အထိ ပြန်ကောင်းလာတယ်လို့ဆိုပါတယ်။ သေဆုံးသူက ၃၃၀၀ ကျော်ပဲရှိခဲ့ပါတယ်။ဒီအချက်အလက်တွေသာသေချာရင်တော့ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကို ကုသမယ့် ဆေးရှိပြီးသားလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်ထားပါတယ်။ဒါပေမဲ့ပြဿနာက တရုတ်အစိုးရဟာ ကိုဗစ်-၁၉ ရောဂါစတင်ပျံ့နှံ့ခါစက အခြေအနေတွေကိုပွင့်ပွင့်လင်းလင်းထုတ်မပြောသလို အခုရောဂါထိန်းချုပ်နိုင်တဲ့အဆင့်မှာလည်း ဘယ်လိုဆေးဝါးကထိရောက်သလဲဆိုတာကို ဂဃနဏ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အမေရိကန်နဲ့ ကာကွယ်ဆေး

ကမ္ဘာတစ်လွှားဆရာဝန်တွေကတော့ သင့်တော်မယ်ထင်တဲ့ဆေးဝါးတွေနဲ့ စမ်းသပ်ကုသနေကြရပါတယ်။ ဥပမာအားဖြင့် ငှက်ဖျားဆေး ကလိုရိုကွင်းနဲ့ ဟိုက်ဒရိုဆီကလိုရိုကွင်းတို့ဟာ ကိုဗစ်-၁၉ လူနာတွေကိုကုသရာမှာအဆင်ပြေတယ်လို့ မကြာသေးခင်ကပြောကြားခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စကားက သက်သေဖြစ်ပါတယ်။ အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲမှုကြီးကြပ်ရေးအဖွဲ့(FDA)ကလည်း ထရန့်ပြောတာကို ထောက်ခံထားပါတယ်။ဒါ့အပြင် ပြင်သစ်သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာမှုအရလည်း ဟိုဒရိုဆီကလိုရိုကွင်းနဲ့ အန်ဇီထရိုမိုင်ဇင်တို့ဟာ ဗိုင်းရပ်စ်ကိုတိုက်ဖျက်ရာမှာ ထိရောက်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လုံးဝပြည့်စုံတဲ့အဆင့်တော့ မရောက်သေးပါဘူး။ မှန်းဆကုသတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကိုဗစ်-၁၉ ဆေးကိုဖော်ထုတ်ဖို့ကြိုးစားနေတဲ့အဖွဲ့တွေတော့ အများကြီးပါပဲ။ တရုတ်ဗိုင်းရပ်စ်သုတေသနအဖွဲ့တစ်ဖွဲ့ကလည်း လိုပီနဲဗာနဲ့ ရီတိုနဲဗာတို့လို HIV ဆေးနဲ့ကုသတာမှာ အရမ်းသိသာကောင်းမွန်တဲ့ ရလဒ်မထွက်ခဲ့ဘူးလို့ပြောပါတယ်။အားလုံးမှန်းဆကုသနေကြချိန်မှာ အစောပိုင်းကပြောတဲ့ဆေးဝါးတွေကဘေးထွက်ဆိုးကျိုးအနေနဲ့ နှလုံးကြွက်သားတင်းကြပ်မှုကို ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဂျပန်နဲ့ ကာကွယ်ဆေး

ဂျပန်တုပ်ကွေးဆေး ဖားဗီပိုင်းရေးဗားကလည်း တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကိုကုသရာမှာ တော်တော်လေးထိရောက်ခဲ့ပါတယ်။တရုတ်သိပ္ပံပညာရှင်တွေဟာ ဒီဆေးကိုတော်တော်လေးအားကိုးခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ ဖားဗီပိုင်းရေးဗားဆေးနဲ့ ကုသတဲ့လူနာတွေဟာ လေးရက်လောက်နဲ့ ရောဂါကင်းရှင်းပြီး ဒီဆေးမသုံးတဲ့လူနာကတော့ ရောဂါကင်းရှင်းဖို့ ၁၁ ရက်လောက် အချိန်ယူရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဝေဒနာပြင်းထန်တဲ့လူနာတွေကျတော့ ဒီဆေးလောက်နဲ့ မရပြန်ပါဘူး။ဒီဆေးကိုထုတ်တာက ဂျပန်ကုမ္ပဏီ Fujifilm Toyama Chemical ကပါ။ အဗီဂန်လို့လည်း ခေါ်တဲ့ တုပ်ကွေးဆေးမှာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေပါပါတယ်။ ဆက်လက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကိုလည်း ဒီကုမ္ပဏီက ဆက်ထုတ်ဖို့ပြင်နေပါတယ်။ဒါပေမယ့် လူပေါင်း ၁၀၀ လောက်အထိ စမ်းသပ်မယ့် ဒီအစီအစဉ်က ဇွန်လကုန်လောက်အထိကြာမြင့်ဦးမှာပါ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပေါ်လာပြီးနောက်ပိုင်း ကမ္ဘာတစ်လွှား ဆေးအမျိုးအစားပေါင်း(၃၀၀ ကျော်လောက်နဲ့ စမ်းသပ်ခဲ့ပြီးပါပြီ။ အဲဒီထဲမှာ အီဘိုလာဗိုင်းရပ်စ်ကို ဟန့်တားနိုင်တဲ့ ရမ်ဒီဆီးဗားကတော့ တော်တော်လေးထိရောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ဆေးဝါးကုမ္ပဏီ ဂီလိဒ်သိပ္ပံကထုတ်တဲ့ ဒီဆေးကလည်း ပြီးပြည့်စုံမှုမရှိဘူးဆိုတာကို လက်ရှိအမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းမြင့်နေတာကိုကြည့်ရင် ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံ ဝူဟမ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နှုန်း အရမ်းမြင့်တက်နေချိန် ရှန်ဟိုင်းမြို့ကနေသွားရောက်ကူညီပေးခဲ့ရတဲ့ တရုတ်ဆရာဝန်အဖွဲ့ခေါင်းဆောင် ဒေါက်တာကျန်းဝန်ဟောင်ရဲ့ပြောစကားကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ”ရောဂါကုသမှုလုပ်ငန်းစဉ်တစ်ခုလုံးမှာ ဘယ်လိုဆေးဝါးမဆို ရွေးချယ်စရာတစ်ခုအနေနဲ့ပဲ သတ်မှတ်လို့ရပါသေးတယ်။ဒါကြောင့် လူနာရဲ့သွေးကြောထဲ ဆေးသွင်းလိုက်လို့ အဖြေချက်ချင်းသိရတယ်ဆိုတဲ့အတွေးက ရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲမြင်ရတာပါ” လို့ ဒေါက်တာကျန်းဝန်ဟောင်က ပြောပါတယ်။

ဝူဟန်က အစမ်းသပ်ခံများနဲ့ ကာကွယ်ဆေး

ကိုဗစ်-၁၉ ဆေးနဲ့ပတ်သက်လို့ နောက်ဆုံးထွက်လာတာက ဝူဝန်နဲ့ပတ်သက်တဲ့ သတင်းပါ။ ဝူဟန်မြို့မှာ ကာကွယ်ဆေး စမ်းသပ်ခံဖို့ စာရင်းပေးသွင်းထားတဲ့ စေတနာ့ဝန်ထမ်း ၅၀၀၀ ထဲက ပထမအသုတ်အနေနဲ့(၁၀၈)ယောက်ကို စတင်စမ်းသပ်ထားပါတယ်။
စမ်းသပ်လူနာတွေကို ကာလအတိုင်းအတာတစ်ရပ်အထိ စောင့်ကြည့်လေ့လာသွားမှာပါ။ သူတို့တွေရဲ့ကျန်းမာရေးအခြေအနေအသေးစိတ်ကို သိပ္ပံပညာရှင်တွေဆီ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး သိပ္ပံပညာရှင်အကြီးအကဲလည်းဖြစ်၊တရုတ်အင်ဂျင်နီယာအကယ်ဒမီအဖွဲ့ဝင်လည်းဖြစ်တဲ့ ချန်းဝေက ကာကွယ်ဆေးရလဒ်က လိုချင်တဲ့အတိုင်းဖြစ်လာရင် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒီကြားထဲ သြစတြေးလျဆေးဝါးသုတေသီတွေရဲ့ရှာဖွေတွေ့ရှိမှုကလည်း အားရစရာကောင်းပါတယ်။ ကမ္ဘာတစ်လွှားမှာ ဝယ်ယူရရှိနိုင်တဲ့ ဆေးတစ်မျိုးဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို (၄၈)နာရီအတွင်း သတ်နိုင်တာကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနဲ့ ကာကွယ်ဆေး

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က သုတေသီတွေဦးစီးပြီးစမ်းသပ်ခဲ့တဲ့ဆေးကတော့ အိုင်ဗာမက်တင်ဆိုတဲ့ဆေးပါ။ ဒီဆေးက Dose တစ်ကြိမ်တည်းနဲ့ လူ့ဆဲလ်တွေအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြီးထွားတာကို ရပ်တန့်နိုင်တယ်လို့ဆိုပါတယ်။ ဆက်လေ့လာရမှာက အိုင်ဗာမက်တင်ဟာ ဗိုင်းရပ်စ်တွေကို ဘယ်လိုရပ်တန့်သလဲဆိုတဲ့အချက်ပါ။
နောက်တစ်ဆင့်က လူနာနဲ့သင့်လျော်မယ့်ဆေးညွှန်းအတိအကျကို ပြောနိုင်ဖို့ဖြစ်ပါတယ်။ အိုင်ဗာမက်တင်ဟာ FDA အသိအမှတ်ပြုဆေးပါ။ HIV၊ သွေးလွန်တုပ်ကွေးနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို ရပ်တန့်ရာမှာ ထိရောက်တဲ့ ဆေးစွမ်းတစ်လက် ဖြစ်ပါတယ်။

မြန်မာနဲ့ ကာကွယ်ဆေး

ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မြန်မာမှာလည်း သုတေသနပညာရှင်တွေနဲ့ ဆေးသုတေသနဘက်က တာဝန်ရှိသူတို့ ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိလာခဲ့ရပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်ထုတ်ဖော်ဖို့ နိုင်ငံတော်အစိုးရထံမှ ခွင့်ပြုချက်တောင်းခံထားတဲ့ ဒေါက်တာအောင်မြင့်ဟာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အပါအဝင် ပညာရှင်တချို့နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး နောက်ထပ်လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားရဦးမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က စံတော်ချိန်ရဲ့ ဆက်သွယ်မေးမြန်းမှုကိုဖြေကြားထားပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးသွားမှာနဲ့ပတ်သက်ပြီး ဒေါက်တာသာထွန်းကျော်က “ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့တိုင်ပင်နေပါတယ်။ ရန်ကုန်မှာရှိတဲ့ ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရယ်၊ သုတေသနပညာရှင်တချို့ရယ် တွေ့ဆုံပြီးဆွေးနွေးတဲ့အစီအစဉ် ကျွန်တော်တို့လုပ်ထားပြီးဖြစ်ပါတယ်။နောက်ပိုင်းလည်း အကြိမ်ကြိမ်ဆွေးနွေးသွားဖို့ရှိပါတယ်”လို့ ဆိုပါတယ်။

ကာကွယ်ဆေးမျှော်လင့်ချက်

အခုအချိန်မှာ ကိုဗစ်-၁၉ အတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်နိုင်တဲ့ဆေးဝါးတွေ မတွေ့ရှိသေးပေမယ့် ရောဂါလက္ခဏာအပျော့စားလောက်ပဲပြတဲ့လူနာတွေအတွက်တော့ ပျောက်အောင်ကုသနိုင်မယ့်ဆေးတွေရှိနေပါတယ်။ သိပ်မဝေးလှတဲ့ လအနည်းငယ်အတွင်း ကိုဗစ်-၁၉ ကို တကယ်ဟန့်တားနိုင်မယ့် ဆေးဝါးတွေထွက်လာနိုင်မယ့် လမ်းစတွေ ရှိနေပြီလို့ မျှော်လင့်ရတာပါပဲ။

သတင်းဆောင်းပါး – မောင်ဇေယျ
ကိုးကား – Independent