ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် တပ်မတော်မှ ငွေကျပ် ၂ ဒသမ ၂၄၅ ဘီလီယံကျော် လှူဒါန်း

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများ စုစုပေါင်း ငွေကျပ်၂၂၄၅၃၆၅၂၁၄ (၂ ဒသမ ၂၄၅ ဘီလီယံကျော်)အား လှူဒါန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လှူဒါန်းငွေများအား တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင်လိုအပ်သော ဆေးဘက်ဆိုင်ရာအထောက်အကူပြု ပစ္စည်းများအား လိုအပ်သည့်နေရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် နေရာကန့်သတ် စောင့်ကြည့်မှုစနစ် (Quarantine) ဆောင်ရွက် မှုများတွင် အသုံးပြုနိုင်ရန် အတွက် ထည့်ဝင်လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးအတွက် သီးခြားစောင့် ကြည့်ကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တပ်မတော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၂၀၀၀ ဦးနှင့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ၁၅၀၀၀ ဦး နေထိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မတ် ၃၁ ရက် ညနေပိုင်းမှ စတင်၍ ဧပြီ ၅ ရက်အထိ စုစုပေါင်း ၁၂၄ ဦး လက်ခံထားရှိကြောင်းနှင့် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌လည်း ဧပြီ ၄ ရက်မှ စတင်၍ ဧပြီ ၅ ရက် ညပိုင်းအထိ စုစုပေါင်း စောင့်ကြည့် လူနာ ၁၂၂ ဦး လက်ခံထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကို ယခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ် ကြေညာခဲ့ကြောင်း၊ ကိုဗစ်-၁၉
ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် သတ်မှတ်ခဲ့ကာ မတ် ၁၁ ရက်တွင် တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေညာခဲ့ကြောင်း၊ အဆိုပါရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း – မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး