မြန်မာနှင့် ကိုဗစ်-၁၉ ကိန်းဂဏန်းအခြေပြုချက်

(ဧပြီ ၁၉ ရက်၊ နံနက် ၇ နာရီထိအချက်အလက်)

◾ ရောဂါတွေ့ရှိသူစုစုပေါင်း – ၁၀၇ ဦး။

◾ ရက်ပေါင်း ၂၈ အတွင်း ကူးစက်ခံရသူ ၁၀၀ ကျော်သို့ရောက်ရှိ။

ယနေ့(ဧပြီ ၁၉ ရက်) နံနက် ၇နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူ ကိုးဦးထပ်မံတိုးလာကြောင်းသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူ စုစုပေါင်း ၁၀၇ ဦးအထိရှိလာပြီဖြစ်ပြီး တစ်လအတွင်း ကူးစက်ခံရသူ ၁၀၀ ကျော်သို့ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

ယနေ့ထပ်တိုးလာသည့်လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ကိုးဦးစလုံး ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၁၀၇ ဦးရှိသည့်အနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၇၂ ဦး၊ တောင်ဥက္ကလာအမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် ၁၂ ဦး၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၄ ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ တောင်ကြီး စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၂ ဦးနှင့် မန္တလေး ကန်တော်နဒီဆေးရုံတွင် ၁ ဦးတို့ကို ကုသပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ယနေ့(ဧပြီ ၁၉ရက်)နံနက် ၇ နာရီအထိ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ ၁၀၇ ဦးရှိနေပြီး ထိုအထဲမှ သေဆုံးသူ ၅ဦးရှိကာ ပြန်လည်သက်သာသူ ၅ ဦးရှိသည်။

ထိုကူးစက်ခံရသူများ ၁၀၇ ဦးအနက် အသက် တစ်နှစ်ခွဲအရွယ်သာရှိသေးသည့် Case-95 လူနာလည်းပါဝင်နေပြီး ၎င်းသည် ယနေ့အထိ မြန်မာနိုင်ငံ၌ အသက်အငယ်ဆုံးကူးစက်ခံရသူအဖြစ် မှတ်တမ်းဝင်ထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်