ရှမ်းယူနိုက်တက်အသင်း ကစားသမားများ လစာလျှော့ယူမည်

မြန်မာနေရှင်းနယ်လိဂ် ရှမ်းယူနိုက်တက်အသင်းမှ မြန်မာကစားသမားများအနေနှင့် ၄၀ ရာခိုင်နှုန်၊ နိုင်ငံခြားသားကစားသမားများက ၅၀ ရာခိုင်နှုန်း လျှော့ယူသွားမည် ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် -၁၉ စတင်ဖြစ်ပွားနေပြီဟု ကြေညာပြီးနောက် ရှမ်းယူနိုက်တက်ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် အသင်းရှိ ကစားသမားများကို နေရပ်သို့ ပြန်လည်စေလွှတ်ကာ လေ့ကျင့်မှုများ ရပ်နားခဲ့သည်။

မဖြစ်မနေလိုအပ်သည့် ဝန်ထမ်းအချို့ကိုသာ ရုံးတာဝန်များအား ဆက်လက်ထမ်းဆောင်ရန် ညွှန်ကြားခဲ့ပြီး ကျန်သူများအား နေအိမ်တွင် စနစ်တကျနေထိုင်စေရန် မှာကြားခဲ့ပြီးနောက် မတ်လအတွက် လုပ်ခလစာများကို အသင်းတာဝန်ရှိသူများက အပြည့်အဝပေးအပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် – ၁၉ ကို ရင်ဆိုင်တုံ့ပြန်နေရသည့်ကာလဖြစ်သည့်အတွက် မြန်မာဘောလုံးလောကအရှည်တည်တံ့စေရန် တစ်ဖက်တစ်လမ်းမှပါဝင်အားဖြည့်လိုသည့်အတွက် လုပ်ခလစာလျှော့ယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သတင်း – ကိုဖြိုးကြီး/စံတော်ချိန်
ဓာတ်ပုံ – ရှမ်းယူနိုက်တက်