ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အင်တာမီယာမီအသင်းထံ‌ခေါ်ယူဖို့ ဒေးဗစ်ဘက်ဟမ်း ဆွေးနွေးနေ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ၎င်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းမှာ ကိုလံဘီယာတိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့အတွက် မိခင်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။ အမေရိကန်က မီယာမီမြို့မှာအခြေစိုက်တဲ့ အင်တာမီယာမီ အသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲဝင် ဘောလုံးအသင်းသစ်ဖြစ်လာခဲ့ပြီး ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတစ်ဦးရှာဖွေနေတာပဲဖြစ်ပါတယ်။

အသင်းပိုင်ရှင်ဒေးဗစ်ဘက်ဟမ်းဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို မျက်စိကျနေတာကြောင့် ရီးရဲလ်အသင်းဥက္ကဌပီရက်ဇ်နဲ့ ဆွေးနွေးနေတာပဲဖြစ်ပါတယ်။ ဘက်ဟမ်းကိုယ်တိုင်ကလည်း ၂၀၀၀ ပြည့်လွန်နှစ်တွေက ပီရက်ဇ် စုစည်းခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကြယ် စင်စုကစားသမား စာရင်းမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့ဖူးပါတယ်။