မြန်မာပြည်၏ ကိုဗစ် – ၁၉ တစ်လပြည့် မှတ်တမ်း

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – ၁၉ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် ရောဂါဖြစ်ပွားသူ စတင်တွေ့ရှိခဲ့ပြီး တစ်လပြည့်မြောက်သည့် ဧပြီ ၂၂ ရက် ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၃ ဦး၊ သေဆုံးသူ ၅ ဦးနှင့် ပြန်လည်ကောင်းမွန်သူ ၉ ဦးရှိလာပြီဖြစ်သည်။ အဆိုပါ ကာလအတွင်း အစိုးရ၏ ရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်နှင့် ရောဂါကူးစက်မှုအခြေအနေများမှ ထူးခြားချက်များကို မှတ်တမ်းအဖြစ် စုစည်းတင်ပြလိုက်ပါသည်။

◾နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ဒေသ ၉ခု၊ ရန်ကုန်တိုင်းအတွင်းရှိ ၂၅ မြို့နယ်သို့ ရောဂါပြန့်နှံ့

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင်စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် တစ်လကြာအတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် စုစုပေါင်းဒေသ ၉ ခုတွင် ပြန့်နှံ့ဖြစ်ပွားခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရောဂါဖြစ်ပွားသည် မြို့နယ်စုစုပေါင်း ၂၅ မြို့နယ်အထိရှိခဲ့သည်။ ကူးစက်ခံရသူ ၁၂၃ ဦးအနက် အမျိုးသား ၆၇ ဦးနှင့်အမျိုးသမီး ၅၆ ဦးပါဝင်နေသည်။ ကူးစက်ခံရသူများအနက် အသက် ၁၀ နှစ်နှင့်အောက် ကလေးငယ် ၅ ဦးပါဝင်ပြီး ၎င်းတို့မှာ Case 18 (ကျား ၁၀ နှစ်)၊ Case 19 (မ ၈ နှစ်)၊Case 54 (မ ၇ နှစ်)၊ Case 95 (ကျား ၁ နှစ်ခွဲ)၊Case 117 (မ ၁၀ နှစ်)တို့ဖြစ်သည်။

◾အမေရိကန်မှ ပြန်လာသည့် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြု လူနာ

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြု လူနာမှာ အမေရိကန်နိုင်ငံမှ ပြန်လာသည့် အသက်(၃၆)နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားဖြစ်ပြီး မတ် ၁၅ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။ ထို့မှတစ်ဆင့် မတ် ၁ ရက်တွင် တီးတိန်မြို့ သို့ ရောက်ရှိခဲ့ပြီး ၎င်းမှတစ်ဆင့် အခြားအတည်ပြုလူနာ(Case-23)(Case-31)၊(Case-74)သို့ ထပ်မံကူးစက်ခဲ့သည်။

◾ကူးစက်ခံရမှုအများဆုံး ရန်ကုန်

ရန်ကုန်တိုင်းသည် တစ်လတာအတွင်း ကူးစက်ခံရမှုအခြေအနေ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ရောဂါကူးစက်ခံရသူ (၉၅)ဦးနှင့် သေဆုံးသူ (၄)ဦးအထိ ရှိခဲ့သည်။ ရောဂါတွေ့ရှိသည့် မြို့နယ်စုစုပေါင်းမှာ (၂၅)မြို့နယ်ဖြစ်ပြီး အင်းစိန်မြို့နယ်တွင် ရောဂါဖြစ်ပွားသူ ၂၀ ဦးအဖြစ် အများဆုံးတွေ့ရှိခဲ့သည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ဖြစ်သလို ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးများ၏ ဝင်ထွက်ရာဒေသဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှု၏ အထိခိုက်ဆုံး ဒေသဖြစ်ခဲ့သည်။

◾အင်းစိန်ဘာသာရေးပွဲမှတစ်ဆင့် ကူးစက်ခံရသူ ၆၀ ကျော်နှင့် ထိတွေ့သူဦးရေ ၂၇၀ ကျော်ရှိ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဘာသာရေးဟောပြောပွဲတစ်ခုမှ ရောဂါကူးစက်မှာလည်း တစ်လတွင်း အဆိုးဝါးဆုံးရောဂါကူးစက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါဘာသာရေးဟောပြောပွဲမှတဆင့် အင်းစိန်၊ ဗဟန်း၊ မရမ်းကုန်း၊ သာကေတ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာစသည့် မြို့နယ်(၇)ခုအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့အထိ ရောဂါကူးစက်ပြန့်နှံ့ခဲ့သည်။ ထို့ပြင် ဘာသာရေးပွဲမှတစ်ဆင့် ကူးစက်သူ ၆၀ ကျော်နှင့်ထိတွေ့သူ ၂၇၀ ကျော်ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးမှ ထုတ်ပြန်သည့် စာရင်း အရသိရသည်။ အဆိုပါဖြစ်စဉ်မှ ပွဲဦးဆောင်သူ လေးဦးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ ဖြင့် တရားစွဲဆိုခဲ့သည်။

◾တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဗစ်ဂယက်

ကနေဒါနိုင်ငံသားခံယူထားသူ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားသည် အင်းစိန်မြို့နယ်၌ ဘာသာရေးပွဲပြုလုပ်မှုကြောင့် တရားစွဲခံရသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအဖြစ် ဝေဘာဂီဆေးရုံ၌ ဆေးကုသမှုခံယူနေသည်။ ၎င်းနှင့်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ အတူသွားလာနေသည့် ဓာတ်ပုံများကြောင့်လည်း လူမှုကွန်ရက်တွင် လူသိများလာခဲ့သည်။ ၎င်း၏ ဟောပြောချက်များနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက အင်းစိန်မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သော်လည်း တရားရုံးက လက်မခံကြောင်း ပလပ်ခဲ့သည်။

◾ကိုဗစ် – ၁၉ ရောဂါရှိ၊ မရှိ ဆေးစစ်ချက်ခံယူခဲ့ရသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ

ကိုဗစ်အတည်ပြုလူနာတစ်ဦးနှင့် တွေ့ဆုံခဲ့သည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအပါအဝင် လူ ၃၀ ဦးကို ဧပြီ ၁၄ ရက်တွင် ကျန်းမာရေးစစ်ဆေး၍ ဓာတ်ခွဲအတည်ပြုချက်ရယူခဲ့သည်။ စစ်ဆေးချက်နှင့်ပတ်သက်၍ ဒုတိယသမ္မတသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်များ၊ တွေ့ဆုံမှုများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ်ဆောင်ရွက်ထားကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

◾ပထမဆုံးကူးစက်ခံရသည့် အနုပညာရှင်

မြန်မာနိုင်ငံ၏ လူသိများထင်ရှားသည့် အနုပညာရှင်များအနက် ရောခ့်ဂီတ အဆိုတော် မျိုးကြီးသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ပထမဆုံး အနုပညာရှင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် အင်းစိန်မြို့နယ်ရှိ ဘာသာရေးပွဲတစ်ခုသို့ ဇနီးနှင့်အတူတက်ရောက်ခဲ့ရာမှ ကူးစက်ခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းနှင့်အတူ ဘာသာရေးပွဲသို့ တက်ရောက်ခဲ့သည့် ဒရမ်ဝေထွန်း(နဝရတ်)နှင့် အဆိုတော် နီတာတို့လည်း ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းတွင် ပါဝင်လာခဲ့သည်။

◾ကိုဗစ်ရောဂါကူးစက်မှု ပဟေဠိများ

ကွယ်လွန်ခဲ့ပြီဖြစ်သည့် ကိုဗစ်အတည်ပြုလူနာ(Case-16) အသက် ၆၃ နှစ် အမျိုးသမီးသည် မတ်လ (၁၅) ရက်တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ပြီး သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့သူဖြစ်သည်။ ၎င်း၏ သားဖြစ်သူအား ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမရှိသော်လည်း ယခင်ကူးစက်ခံရမှုမှ ပြန်လည်ပျောက်ကင်းခဲ့သည့် လက္ခဏာများ ဆေးစစ်ချက်တွင် တွေ့ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က ဖြေကြားထားသည်။

အလားတူပင် အင်းစိန်မြို့နယ်၊ ဘာသာရေးပွဲသို့ တက်ရောက်ခဲ့သည့် အဆိုတော် ဂျေမီ၏ ဆေးစစ်ချက်တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိပဲ ၎င်း၏ ဇနီးတွင်မူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားကြောင်း တွေ့ရှိခဲ့သည်။ အဆိုတော် ဂျေမီ၏ ဇနီးမှာ အင်းစိန်မြို့နယ်ရှိ ဘာသာရေးပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိကြောင်း စမ်းချောင်းမြို့နယ်၊အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက အတည်ပြု ပြောကြားသည်။

ပိုးရှိသူနှင့်မထိတွေ့ ၊ ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ကူးစက်ခံရသူ ၇ ဦးရှိခဲ့ပြီး ၎င်းတို့မှာ Case 33၊ Case 79၊ Case 85၊ Case 92 ၊ Case 109၊Case 111 ၊Case 120 တို့ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရသိရသည်။

◾ကိုဗစ်အတည်ပြုလူနာများအား ကုသစောင့်ရှောက်မှုပေးရင်း ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ

ပြည်မြို့၊ ပြည်သူ့ဆေးရုံမှ မေ့ဆေးအထူးကုဆရာဝန် ဒေါက်တာမြင့်မြင့်စိန်သည် ကိုဗစ်အတည်ပြုလူနာတစ်ဦးအား ဆေးကုသမှုပေးရာမှ ရောဂါကူးစက်ခံခဲ့ရသော ပထမဆုံးကျန်းမာရေးဝန်ထမ်းဖြစ်သည်။ ၎င်းသည့် ကွယ်လွန်ခဲ့ပြီဖြစ်သည့် ကိုဗစ်အတည်ပြုလူနာ (ပေါက်ခေါင်းမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး)အား ဆေးကုသသော အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်ပြီး အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလည်း ရောဂါထပ်မံကူးစက်ခံခဲ့ရသည်။ ဆရာမကြီး ဒေါက်တာမြင့်မြင့်စိန်အား ဧပြီ ၁၁ ရက် ညပိုင်းတွင် ပြည်မြို့မှ ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခေါ်ဆောင်လာသည့် ယာဉ်တန်း လမ်းတစ်လျှောက်တွင် ပြည်မြို့ဒေသခံများနှင့် လုံခြုံရေးရဲဝန်ထမ်းများက အလေးပြုနှုတ်ဆက်ခဲ့သည့် ရုပ်သံဖိုင်များလည်း လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သည်။ တစ်လတာအတွင်း ကိုဗစ်အတည်ပြုလူနာအား ဆေးကုသမှုပေးရာမှ ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းလေးဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

◾ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် WHO ဝန်ထမ်း

ဧပြီလ ၂၀ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူများ၏ စစ်ဆေးချက်နမူနာများအား သယ်ဆောင်လာသည့် ကုလသမဂ္ဂအဖွဲ့၏ (UN) တံဆိပ်အမှတ်အသားပါသော မော်တော်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး WHO ဝန်ထမ်းတစ်ဦးသေဆုံးကာ အခြားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်ဖြစ်ပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဝမ်းနည်းကြောင်း စကားပြောကြားခဲ့သည်။ ၎င်းတို့သည် ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူများ၏ စစ်ဆေးချက်နမူနာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ကူညီထောက်ပံ့သည့်အနေဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ သယ်ယူပို့ဆောင်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

◾ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး အစိုးရ၏ ဆောင်ရွက်ချက်များ

မတ် ၁၃ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနား ပွဲလမ်းသဘင်များအား မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့သည်။

မတ် ၁၃ ရက်တွင် Coronavirus Disease 2019 (COVID 19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအား ထပ်မံဖွဲ့စည်းခဲ့သည်။

မတ် ၁၅ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါဖြစ်ပွား/သေဆုံးမှုများသော နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အီတလီနိုင်ငံ၊ အီရန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ စပိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမဏီနိုင်ငံတို့ ခရီးသွားများအား ယာယီအသွားအလာကန့်သတ်ခြင်း ( Quaratine )လုပ်ငန်းများကို ပိုမိုတင်းကြပ်ထိရောက်စွာ ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ် ၂၀ ရက်တွင် COVID – 19 ကူးစက်ရောဂါပြန့်ပွားနှုန်း အလွန်မြင့်မားလာသည့် အမေရိကန်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်စသည့် နိုင်ငံ (၉)ခုမှ ခရီးသွားများအား ယာယီကန့်သတ်ချက်အစီအမံများ ချမှတ်ခဲ့သည်။

မတ် ၂၉ ရက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ် ၃၀ ရက်တွင်ဒုတိယသမ္မတ(၁)ဦးဆောင်သည့် ပြည် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခဲ့သည်။

ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ပြည်သူများအနေဖြင့် နေအိမ်တွင်သာနေကြရန်နှင့် အဆိုပါကာလအတွင်း တစ်နိုင်ငံလုံးရှိ လက်လုပ်လက်စားပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ရိက္ခာ(၅)မျိုး ပေးဝေရန် နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီ ၁၈ ရက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် လူငါးဦးနှင့်အထက်စုဝေးပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

စုစည်း – မင်းဟိန်း/စံတော်ချိန်