မြန်မာနိုင်ငံ၌ (မတ် ၂၃ ရက်မှ ဧပြီ ၂၃ ရက်) ကိုဗစ် ၁၉ ရောဂါကူးစက်မှု သတင်းမှတ်တမ်း

◾အမည်မသိဗိုင်းရပ်စ်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် – တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO သို့ အမည်မသိဗိုင်းရပ်စ် (သို့မဟုတ်) ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရှိနေကြောင်းသတင်းပို့

◾ဖျားသွားမယ်

၂၀၂၀ ဇန်နဝါရီ ၂၄ ရက် – ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် ကြိုတင်ပြင်ဆင်ထားမှုများနှင့်ပတ်သက်၍ “ဝေဖန်သူတွေ လာခိုင်းလိုက်၊ ဖျားသွားမယ်” ဟု မီဒီယာများကို ဖြေကြားခဲ့

◾အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ

၂၀၂၀ ဇန်နဝါရီ ၃၀ ရက် – WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာ၊ မြန်မာနိုင်ငံတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖွဲ့စည်း

◾ကမ္ဘာ့ကပ်ရောဂါ

၂၀၂၀ မတ် ၁၁ ရက် – WHO က ကိုဗစ် – ၁၉ ကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ်ကြေညာ

မတ် ၂၃ ရက် – မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂ ဦး စတင်တွေ့ရှိ

မတ် ၂၄ ရက် – ကိုဗစ်-၁၉ ကြောင့် ကျင်းပဆဲ တက္ကသိုလ်ပထမနှစ်ဝက် စာမေးပွဲများ၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများအား ရွှေ့ဆိုင်း၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ကုန်တိုက်များ၊ ဆေးဆိုင်များတွင် လာရောက်ဝယ်ယူသူများပြား

မတ် ၂၅ ရက် – ကိုဗစ်-၁၉ လူနာ ၁ ဦးထပ်တိုး၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့်အတူ ပြန်လာသူအား တောင်ဥက္ကလာပမြို့နယ်ဆေးရုံ၌ သီးသန့်စောင့်ကြည့်ရန် စီစဉ်

မတ် ၂၆ ရက် – ထိုင်းနိုင်ငံမှ မြန်မာလုပ်သားအများအပြား ပြည်တွင်းသို့ အစုလိုက်ဝင်ရောက်

မတ် ၂၇ ရက် – Case 4, Case 5 ထပ်တိုး၊ ပိတ်သိမ်းရန်နှင့် အင်အားလျှော့ချရန် တင်ပြထားသည့် စက်ရုံ ၂၆ ရုံရှိနေဟု လွှတ်တော်အလုပ်သမား ကော်မတီဥက္ကဋ္ဌပြောဆို၊ ကိုဗစ်-၁၉ ရောဂါသည် တိုင်ကြားရမည့်ရောဂါဖြစ်ကြောင်း ကြေညာ

မတ် ၂၈ ရက် – Case 6, Case 7, Case 8 ထပ်တိုး၊ တာချီလိတ် ချစ်ကြည်ရေးတံတားအမှတ်(၁)မှ နေရပ်ပြန်လုပ်သားများလက်ခံမှုရပ်ဆိုင်း၊ အစားအသောက်ဆိုင်များ တတ်နိုင်သမျှ ပါဆယ်သာရောင်းချရန် ညွှန်ကြား၊ ဗိုလ်တထောင်စေတီတော်နှင့် ဆူးလေစေတီတော်တွင် ဘုရားဖူးခွင့် ယာယီပိတ်

မတ် ၂၉ ရက် – Case 9, Case 10 ထပ်တိုး၊ ကျောက်တံတားတစ်မြို့နယ်လုံး ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်၊ ရန်ကုန်မြို့အတွင်း Quarantine Center များထားရှိရန် တိုင်းအစိုးရစီစဉ်၊ မြန်မာနိုင်ငံသို့ လာရောက်မည့်နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်း

မတ် ၃၀ ရက် – Case 11, Case 12, Case 13, Case 14 ထပ်တိုး၊ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ ဧပြီ ၁၅ ရက်နောက်ပိုင်းမှ ၀င်ရောက်ရန် ထုတ်ပြန်၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ယာယီပျံသန်းမှုရပ်ဆိုင်း

မတ် ၃၁ ရက် – Case 15 ထပ်တိုး၊ Case 5 နံနက် ၇ နာရီ ၂၅ မိနစ်တွင် ကွယ်လွန်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး နိုင်ငံတော်အဆင့်ကော်မတီဖွဲ့စည်း၊ ယုဇနပလာဇာအပါအ၀င် ဈေးဝယ်စင်တာများ ယာယီပိတ်သိမ်း

ဧပြီ ၁ ရက် – Case 16 ထပ်တိုး၊ အဆိုပါလူနာမှာ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှု(Local Transmission)စတင်သည့်လူနာဖြစ်၊ အများပြည်သူနှင့်ဆက်သွယ်နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူမှုကွန်ရက်အင်တာနက်(Facebook) စသုံး၊ လူစီးနင်းမှုနည်းနေသည့် ဝိုင်ဘီအက်စ် (၁၀၁) ယာဉ်လိုင်းနှင့် ဆူးလေ-လေဆိပ်ယာဉ်လိုင်းအား ယာယီရပ်နားရန်စီစဉ်

ဧပြီ ၂ ရက် – Case 17,18, 19, 20 ထပ်တိုး၊ ကိုဗစ်-၁၉ ကာကွယ်ကုသရန် အင်းစိန်မြို့နယ်ခန်းမကို ယာယီကျန်းမာရေး စစ်ဆေးရေးဌာနအဖြစ်ဖွင့်လှစ်၊ ဧရာတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုခံရသူ ထွက်ပြေး၍ ထောင်ဒဏ်သုံးလ ချမှတ်ခံရ၊ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နေအိမ်မှအပြင်သို့သွားလာခြင်းမပြုရန် (Home Stay) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထုတ်ပြန်

ဧပြီလ ၃ ရက် – ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေလျှောက်ထားခြင်းကို အွန်လိုင်းမှ ဆောင်ရွက်နိုင်၊ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများ အချက်အလက်များနှင့် သတင်းပေးပို့ရန် ၀က်ဘ်ဆိုက်ဒ်လွှင့်တင်၊ မြန်မာနိုင်ငံသို့ လာရောက်မည့် သံတမန်များ (၇၂) နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း သက်သေခံဓာတ်ခွဲအဖြေပါရှိရမည်ဟု ကြေညာချက်ထုတ်ပြန်၊ ပြည်တွင်း နေရပ်ပြန်သူများ သက်ဆိုင်ရာမြို့နယ်များတွင် ၁၄ ရက်ကြာ သီးသန့်စောင့်ကြပ်ကြည့်ရှုခြင်းခံရမည်

ဧပြီ ၄ ရက် – Case 21 ထပ်တိုး၊ သင်္ကြန်ရုံးပိတ်ရက်အတွင်း အစိုးရ၀န်ထမ်းများကို နာရေးမှအပ ခရီးသွားလာခွင့်မပြု၊ ဝိုင်ဘီအက်စ်ယာဉ်မောင်း ၃၀၀ ကျော် လခစားအဖြစ်မှ ယာယီရပ်နား၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းတွင် အရက်မူး၍ ဆဲဆိုသောင်းကျန်းသူအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ထုတ်ဖော်နိုင်မည့်နည်းလမ်း ဆေးသုတေသနနှင့်ပညာရှင်အချို့ဆွေးနွေး

ဧပြီ ၅ ရက် – ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးချမှတ်ထားသည့် ဒေသန္တရအမိန့်ဖောက်ဖျက်သူများကို ထောင်ဒဏ်များချမှတ်၊ စုဝေးဆန္ဒပြ တောင်းဆိုခြင်းမပြုလုပ်ရန် အလုပ်သမားဝန်ကြီး အသိပေးညွှန်ကြား၊ တမူးမြို့နယ်၌ မင်္ဂလာဆောင်သူ သတို့သားကို ထောင်ဒဏ်ခြောက်လနှင့် ငွေ ၁၀ သိန်း ဒဏ်ရိုက်၊ အဝေးပြေးလက်မှတ် ၀ယ်ယူပြီးသူများကို ခရီးသွားကန့်သတ်မှုကြောင့် ငွေပြန်အမ်းခြင်း(သို့မဟုတ်) ရက်ရွေ့ဆိုင်းခွင့်ပေးမည်၊ အကျဉ်းထောင်များအတွင်း ကိုဗစ် – ၁၉ ကူးစက်မှုကာကွယ်ရန် အကျဉ်းသားဦးရေလျှော့ချသင့်ဟု နိုင်ငံရေးအကျဉ်းသားများတောင်းဆို၊ စစ်ကိုင်းတိုင်းအတွင်း ဧပြီ ၇ ရက်မှစ၍ အသွားအလာကန့်သတ်ခြင်းများ တားမြစ်မိန့်ထုတ်ပြန်၊ ဧပြီလအတွင်း ပြည်သူများအတွက် နှာခေါင်းစည်း ၆ ဒသမ ၃ သန်း ဖြန့်ဖြူးရန်ရှိဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ဧပြီ ၆ ရက် – Case 22 ထပ်တိုး၊ ကန်တော်နဒီမှ Case 04 အားဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့၊ အဆိုပါလူနာမှာ ကိုဗစ်-၁၉ ကူးစက်ခံရရာမှ ပထမဆုံးပြန်လည်ကောင်းမွန်သူဖြစ်၊ ရန်ကုန်တိုင်းအတွင်း ရေပက်ခံမဏ္ဍပ်များ ဆောက်လုပ်ခြင်း မပြုရန်နှင့် အသံချဲ့စက်၊ ဆောင်းဘောက်များ ကျယ်လောင်စွာမဖွင့်ရန် တိုင်းအစိုးရညွှန်ကြား၊ ကြို့ပင်ကောက်မြို့နယ်၌ ကျန်းမာရေးစစ်ဆေးရာမှ လူသတ်မှုဖြစ်၊ အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်ထောက်ပံ့မှုငါးမျိုးနှင့် အိမ်သုံးလျှပ်စစ်မီတာ ၁၅၀ ယူနစ်အထိ အခမဲ့ပေးမည်ဟု ကြေညာချက်ထုတ်ပြန်

ဧပြီ ၇ ရက် – ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် တပ်မတော်မှ ငွေကျပ် ၂ ဒသမ ၂၄၅ ဘီလီယံကျော် လှူဒါန်း၊ ၀က်လက်မြို့နယ်၊ သာလိုင်းကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့ကို ပြဿနာရှာပြီး အဖွဲ့ခေါင်းဆောင်နေအိမ်ကို မီးရှို့မှုဖြစ်ပွား

ဧပြီ ၈ ရက် – Case 16 နှင့် Case 17 ကွယ်လွန်၊ မြန်မာနိုင်ငံ၏ ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ်ရေး အားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအဖွဲ့ရောက်ရှိ ၊ ဆွစ်ဇာလန်နိုင်ငံသူ (Case 7) ဆေးရုံမှဆင်းခွင့်ရ

ဧပြီ ၉ ရက် – Case 23 ထပ်တိုး၊ ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မင်္ဂလာဆောင်ပွဲကျင်းပခဲ့သည့် ကျွန်းလှမြို့မှ လူနှစ်ဦး ထောင်ဒဏ် ၆ လချမှတ်ခံရ၊ MOHS Call Center စတင်၊ Case 04 ရောဂါပြန်လည်သက်သာ

ဧပြီ ၁၀ ရက် – Case 24, 25, 26, 27, 28 ထပ်တိုး၊ ကိုဗစ်-၁၉ လက္ခဏာတွေ့ရှိပါက မဖုံးကွယ်ထားသင့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြော

ဧပြီ ၁၁ ရက် – Case 29, 30, 31 ထပ်တိုး၊ သီတဂူဆရာတော်ကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PPE ၀တ်စုံ ၁၀၀၀ လှူဒါန်း၊ အသွားအလာကန့်သတ်ခြင်း Quarantine ကို ၂၁ ရက်အထိ တိုးမြှင့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဧပြီ ၁၂ ရက် – Case 32, 33, 34, 35, 36, 37, 38, 39 ထပ်တိုး၊ Case 39 မှာ သေဆုံးပြီးသူဖြစ်နေ (သေဆုံးသူ ၄ ဦးရှိ)

ဧပြီ ၁၃ ရက် – Case 40, 41, 42, 43, 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 56, 57, 58, 59, 60, 61, 62 ထပ်တိုး၊ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၃ ဦးရှိခဲ့၊ အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများကို Home Quarantine မထားဘဲ Facility Quarantine နှင့်သာ နေခွင့်ပြုမည်ဟုဆို

ဧပြီ ၁၄ ရက် – Case 63, 64, 65, 66, 67, 68, 69, 70, 71, 72, 73, 74 ထပ်တိုး၊ တရားဟောဆရာ ဒေးဗစ်လား အပါအ၀င် လေးဦးကိုအမှုဖွင့်၊ စစ်ကိုင်းတိုင်းတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီကြား အပြင်မထွက်ရအမိန့်ထုတ်

ဧပြီ ၁၅ ရက် – Case 75, 76, 77, 78, 79, 80, 81, 82, 83, 84, 85 ထပ်တိုး၊ ဓမ္မရဝေတောရကျောင်း၌ Quarantine ထားရှိမည်၊ ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများ တစ်နှစ်ကင်းလွတ်ခွင့်ပြု

ဧပြီ ၁၆ ရက် – တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ အကြံပြုချက်များကို ပွင့်လင်းပြတ်သားစွာ ပေးအပ်စေလိုကြောင်း ကျန်းမာရေးဝန်ကြီးတိုက်တွန်း၊ မန္တလေးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ လူငါးဦးနှင့်အထက်စုဝေးပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူမည်

ဧပြီ ၁၇ ရက် – Case 3, 9, 12 ရောဂါပြန်လည်ကောင်းမွန်လာ၊ အကျဉ်းထောင်စခန်းများရှိ အကျဉ်းသူ၊ အကျဉ်းသားနှစ်သောင်းကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၊ ကျန်းမာရေးဝန်ထမ်းများကို အထူးထောက်ပံ့ကြေးပေးအပ်ရန် စီစဉ်နေဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော၊ ပုပ်ရဟန်းမင်းကြီး၏ ကိုဗစ်-၁၉ ရန်ပုံငွေသို့ သီတဂူဆရာတော်ကြီးမှ အမေရိကန်ဒေါ်လာ တစ်သောင်းလှူဒါန်း

ဧပြီ ၁၈ ရက် – Case 86, 87, 88, 89, 90, 91, 92, 93, 94, 95, 96, 97, 98 ထပ်တိုး၊ အင်းစိန်မှ (၇၈)နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမှတ် (၈၆) ကွယ်လွန် (စုစုပေါင်းသေဆုံးသူ ၅ ဦးဖြစ်လာ) ၊ ရန်ကုန်မြို့အတွင်း မြို့နယ် ၇ ခုတွင် Stay at Home အမိန့်ထုတ်ပြန်၊ နေပြည်တော်ပြင်ပမှ ပြန်ရောက်လာသည့် အစိုးရ၀န်ထမ်းများကို သတင်းပေးတိုင်ကြား ရန်ထုတ်ပြန်၊ ကလေးနှင့် တီးတိန်မြို့၌ ညမထွက်ရအမိန့်ထုတ်

ဧပြီ ၁၉ ရက် – Case 99, 100, 101, 102, 103, 104, 105, 106, 107, 108, 109, 110, 111 ထပ်တိုး Case 11 နှင့် Case 15 အား တတိယနှင့် စတုတ္ထအကြိမ်ဓာတ်ခွဲအတည်ပြုချက်အဖြေရယူရာမှာ Negative ပြ (စုစုပေါင်း ပြန်လည်ကောင်းမွန် လာသူ ၇ ဦးရှိ)၊ သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးပြီးမှသာ ပြန်ဖွင့်ခွင့်ပြုမည်

ဧပြီ ၂၀ ရက် – Case 112, 113, 114, 115, 116, 117, 118, 119 ထပ်တိုး၊ Case 3, 9, 21, 15 ဆေးရုံမှဆင်း၊ Case 10 နှင့် Case 12 တို့ရောဂါပြန်လည်သက်သာလာ(စုစုပေါင်းပျောက်ကင်းသူ ၉ ဦးရှိလာ)၊ မတ်လအတွက် မီတာခပေးဆောင်ခြင်းကို မေလ ၂၀ ရက်အထိရွှေ့ဆိုင်း၊ ၃၈ လမ်းဈေးကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရဆောင်ရွက်မည်၊ ရှမ်းပြည်နယ်ရှိ ၄၈ မြို့နယ်၌ ညမထွက်ရအမိန့်ထုတ်ပြန်၊ အလုပ်မလုပ်သည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို နောက်တစ်ကြိမ်မရွေးရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး

ဧပြီ ၂၁ ရက် – Case 120, 121 ထပ်တိုး၊ အဆိုပါလူနာ ၂ ဦးမှာ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိ၊ ပိုးရှိသူနှင့်ထိတွေ့ခဲ့ဖူးခြင်းမရှိဘဲ ပြည်းတွင်းကူးစက်ခံရသူ ၂ ဦးဖြစ်၊ စက်သုံးဆီဈေး ဆက်လက်ကျဆင်း၊ ပန်းဘဲတန်းတစ်မြို့နယ်လုံးကို ပိုးသတ်ဆေးဖျန်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခမိတ်ကျေးရွာတွင် စောင့်ကြည့်အဖြစ်နေသည့် ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ထိုးကြိတ်မှုဖြင့် ထောင်ဒဏ် (၃) လချမှတ်ခံရ၊ ရခိုင်ပြည်နယ်တွင် ဓာတ်ခွဲနမူနာများပို့ဆောင်စဉ် ပစ်ခတ်ခံရသည့် WHO ၀န်ထမ်းတစ်ဦးသေဆုံး၊ မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး ရန်ပုံငွေသန်း ၅၀ ကမ္ဘာ့ဘဏ်မှရရှိ၊ ကလေးမြို့သို့ ၀င်ရောက်လာသူများ Quarantine (၂၁)ရက် နေရမည်

ဧပြီ ၂၂ ရက် – Case 122, 123 ထပ်တိုး၊ ကိုဗစ် ၁၉ ရောဂါသက်သာလာသည့် Case 3,4,7,9,10,11,12,15,21 ဝေဘာဂီဆေးရုံမှဆင်းခွင့်ရ၊ နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းခပေးသွင်းခြင်းကို ၆ လရွှေ့ဆိုင်း၊

ဧပြီ ၂၃ ရက် (နံနက် ၁၀ နာရီ) – Case 124, 125, 126, 127 ထပ်တိုး၊ အဆိုပါလူနာ ၄ ဦးမှာ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပိုးရှိသူနှင့်ထိတွေ့ခဲ့

သတင်းစုစည်းမှု – စွမ်းရည်တိုး/စံတော်ချိန်