ဂီတလောကသားများအား စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးမည်

ကိုဗစ်(၁၉) ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခက်အခဲ ဖြစ်ပေါ်နေသည့် ဂီတလောကသားများအား ထောက်ပံ့ ကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး( ဗဟို)မှ ကိုဗစ် (၁၉)ကာလ ဂီတအစည်းအရုံးအဖွဲ့ဝင်များအား ထောက်ပံ့ကူညီရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ထောက်ပံ့လှူဒါန်းပေးမည် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကိုဗစ်(၁၉) ကာလ ဂီတအစည်းအရုံး အဖွဲ့ဝင်များအား ထောက်ပံ့ကူညီရေးကော်မတီကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းအနေဖြင့် ကိုဗစ် (၁၉)ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ဂီတလောကသားများအား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာများကို ထောက်ပံ့လှူဒါန်းပေးမည်ဖြစ်ကြောင်း မေ ၈ ရက် မွန်းလွဲ ၁နာရီက ဂီတအစည်းအရုံး(ဗဟို)တွင် ကျင်းပသည့် ထောက်ပံ့ကူညီရေးကော်မတီ အရေးပေါ် အစည်းအဝေး၌ ပြောဆိုခြင်းဖြစ်သည်။

‘ပြီးခဲ့တဲ့ ဂီတအစည်းအရုံးသက်တမ်းက သမ္မတ ဦးသိန်းစိန် လှူဒါန်းခဲ့တဲ့ အလှူငွေကျပ်သိန်း ၅၀၀ ထဲကနေပြီးတော့ ကျပ်သိန်း ၂၀၀ မတည်ပြီးတော့ ကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်တာပါ။ ဧပြီ ၂၃ ရက်က ဒီကော်မတီကို စတင်ပြီးတော့ ဖွဲ့စည်းခဲ့တာပါ။ ဒီလိုမျိုး ကိုဗစ်(၁၉) ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ဂီတသမားတွေက အလုပ်မရှိ အခက်အခဲတွေနဲ့ ကျော်ဖြတ်ရတဲ့ အခြေအနေမှာ ကျွန်တော်တို့လည်း ကူညီပံ့ပိုးပေးချင်တဲ့အတွက် ထောက်ပံ့ကူညီပေးရေး ဆပ်ကော်မတီဖွဲ့ပြီး ဆောင်ရွက်တာပါ။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ဂီတသမားတွေကို ဆန်၊ ဆီ စားနပ်ရိက္ခာတွေကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးမှာပါ’ဟု ကိုဗစ် (၁၉)ကာလ ဂီတအစည်း အရုံးအဖွဲ့ဝင်များအား ထောက်ပံ့ကူညီရေးကော်မတီအတွင်းရေးမှူး ဦးစိုးမိုးက ပြောဆိုသည်။

ကိုဗစ်(၁၉) ကာလ ဂီတအစည်းအရုံးအဖွဲ့ဝင်များအား ထောက်ပံ့ကူညီရေး ဦးစီးကော်မတီမှ မြန်မာနိုင်ငံအတွင်းရှိ ကန်တော့ခံသက်ကြီးဂီတပညာရှင်များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဝင် ဂီတသမားများနှင့် ဂီတလောကသား ၃၆၀၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးသေတ္တာများအား ထောက်ပံ့လှူဒါန်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကိုဗစ် (၁၉)ကာလ ဂီတအစည်းအရုံးအဖွဲ့ဝင်များအား ထောက်ပံ့ကူညီရေး ဦးစီးကော်မတီမှ ယခုကဲ့သို့ ဂီတလောကသားများအား လှူဒါန်းမည့် အစီအစဉ်တွင် ပါဝင်လှူဒါန်းလိုကြသော စေတနာရှင်အလှူရှင်များအနေဖြင့် KBZ Bank အကောင့်နံပါတ် ၀၄၂ ၃၀၂ ၀၀၇ ၀၃၉၅ ၉၃၀သို့လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၇၇၃ ၅၀၆ ၄၉၂ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – နှင်းစုမွန်