အိမ်ဖြူတော်ဝန်ထမ်းတွေထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ယောက်ရှိလာ

အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်ရဲ့ ဝန်ထမ်းတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အိမ်ဖြူတော်ဝန်ထမ်းတွေထဲ ဗိုင်းရပ်စ်ကူးစက်ခံရတာ ၂ ယောက်ရှိလာပြီဖြစ်ပါတယ်။ ကြာသပတေးနေ့ကလည်း သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစေခံဝန်ထမ်းတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကို တွေ့ခဲ့ရပါသေးတယ်။

အမေရိကန်မီဒီယာတွေရဲ့ စုံစမ်းဖော်ထုတ်ချက်အရ အခုနောက်ဆုံးဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူဟာ ဒုတိယသမ္မတ မိုက်ပင့်စ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကေတီမီလာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဗိုင်းရပ်စ်သတင်းကို ကြားသိရပြီးနောက် အိုင်ဝိုဝါပြည်နယ်ကိုသွားမယ့် မိုက်ပင့်စ်ရဲ့လေကြောင်းခရီးစဉ်ဟာ အစောပိုင်းက စီစဉ်ထားတာထက် နောက်ကျခဲ့ပါတယ်။ အတည်မပြုတဲ့သတင်းတွေမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူနဲ့ ထိတွေ့ခဲ့တဲ့ တစ်ခြားဝန်ထမ်းတွေကို Air Force 2 လေယာဉ်ကနေ ဆင်းခိုင်းနေတာကြောင့် လေကြောင်းခရီးစဉ် နှောင့်နှေးခဲ့ရတာဖြစ်တယ်လို့ အယ်လ်ဂျားဇီးယား သတင်းမှာ ဖော်ပြ ထားပါတယ်။

သတင်း – မောင်ဇေယျ
Ref;reuters