စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား ( ၁၄၄ )ဦး ပြန်လည်ရောက်ရှိ၊ တတိယအသုတ်အဖြစ် ( ၁၄၆)ဦးကို ခေါ်ဆောင်ရန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလအတွင်း စင်္ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ( ၁၄၄ )ဦးသည် ယနေ့ ( မေ ၉ )ရက်၊ မွန်းလွဲ ၃ နာရီ ၂ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်္ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines -MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်မှစ၍ ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၇ ရက်က မြန်မာနိုင်ငံသား ( ၁၄၄ )ဦးကို ပထမအသုတ်‌အနေဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ယနေ့တွင် ဒုတိယအသုတ်အနေဖြင့် ( ၁၄၄ )ဦးကို ထပ်မံခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တတိယအသုတ်အနေဖြင့် စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသား ( ၁၄၆ )ကိုလည်း ပြန်လည်ခေါ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်း – အဉ္ဇလီသင်း / စံတော်ချိန်
ဓာတ်ပုံ – MOFA