အောင်ပန်းမြို့ ယာယီပျံကျဈေးကို မြို့မဈေးအနီး စတင်ဖွင့်လှစ်

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အောင်ပန်းမြို့သူ မြို့သားများ အဆင်ပြေစေရန် အောင်ပန်းမြို့ယာယီပျံကျဈေးကို ယခင်အောင်ပန်းဘောလုံးကွင်းမှ အောင်ပန်းမြို့မဈေးအနီးရှိ ပြင်သာကျောင်းလမ်း၊ သီတာလမ်းနဲ့ ကာယလမ်းတို့တွင် ယနေ့ မေလ ၉ ရက်၌ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ဒီဈေးကို အဓိက ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ် ကာကွယ်ဖို့အတွက် လိုအပ်တဲ့ Social Distancing တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့ အကွာအဝေး ရှိနေဖို့အတွက် ဆောင်ရွက်ရင်း အခြေခံလူတန်းစားတွေ၊ အထူးသဖြင့် အောင်ပန်းမြို့နဲ့ အနီးတဝိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ ထွက်ကုန်တွေကို ရောင်းချစေနိုင်ဖို့ရယ်၊ လက်လုပ်လက်စားတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေးပြဿနာကို ပြေလည်စေဖို့ရယ်၊ အောင်ပန်းမြို့သူမြို့သား စားသုံးသူတွေ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု ကလောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောကြားခဲ့သည်။

အဆိုပါယာယီပျံကျဈေးကို နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ နေ့တစ်ပိုင်းဖွင့်လှစ်မှာဖြစ်ပြီး ပုံမှန်ငါးရက်တစ်ဈေးနေ့များနှင့် လပြည့် လကွယ်နေ့များတွင် ဈေးပိတ်ကြောင်း သိရသည်။ ယနေ့ ဈေးစတင်ဖွင့်လှစ်သည့်နေ့တွင် ဆိုင်ခန်းပေါင်း ၁၃၀ ရှိပြီး ဆိုင်ခန်း ပေါင်း ၃၀၀ ကျော်အထိ နေရာချထားပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“မူလကတည်းက ကျွန်မတို့ဟာ ဈေးနဲ့အနီးအနားမှာပဲ ယာယီပျံ ကျဈေးကို ဖွင့်လှစ်ပေးနိုင်ဖို့ စဉ်းစားခဲ့တာရှိပါတယ်။ဒါပေမယ့် ဒီလိုဖွင့်လှစ်နိုင်ဖို့အတွက် ဖွင့်လှစ်နိုင်မဲ့နေရာရှင်းလင်းပြင်ဆင်ခြင်းကို လုံလောက်တဲ့အချိန်ယူဖို့ လိုအပ်နေတာကြောင့် ဒုတိယဦးစားပေးဖြစ်တဲ့ ဘောလုံးကွင်းမှာ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း မိုးရွာတဲ့အခါ ရေဝပ်တဲ့အချက်ပါ။ မိုးပိုများလာတဲ့အခါ ပိုဆိုးပါလိမ့်မယ်။ ဒါ့ကြောင့်ပဲ အောင်ပန်းဘောလုံးကွင်းကနေ ယာယီပျံကျဈေးကို ရွေ့ပြောင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဒေါ်ပြုံးကေသီနိုင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းဈေးကို မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ၊ တာဝန်ခံ အင်ဂျင်နီယာ ၊ ဦးစီးအရာရှိ၊ စည်ပင်ကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်များ အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်ပန်းမြို့မဈေးနှင့် ကပ်လျက်နေရာတွင် စနစ်တကျ အကွက် ချခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး/ စံတော်ချိန်
ဓာတ်ပုံ – Zin Ko Ko Aung