မြို့နယ်အသီးသီးအား ကျန်းမာရေးစစ်တမ်းကောက်ယူရန် ကျန်းမာရေးဝန်ကြီးဌာန၏ စီမံမှု လိုအပ်

ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီး၌ ပြည်သူများအား ကျန်းမာရေးစစ်တမ်းကောက်ယူရန်မှာ ကျန်းမာရေးဝန်ကြီးဌာန၏ စီမံမှုလိုအပ်ပြီး လက်တွေ့လုပ်ဆောင်မှုအပိုင်းတွင် ရည်ရွယ်ချက်ပြည့်ဖို့လိုအပ်ကြောင်း အင်းစိန်မြို့နယ်မှ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြီုးဟန်ကပြောသည်။

“ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်ဆိုတာ ပြောတော့သာလွယ်တာ။ တကယ်တမ်း လက်တွေ့လုပ်တဲ့အခါ အများကြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတယ်။ ဆောင်ရွက်တဲ့ အပိုင်းမှာလည်း ရည်ရွယ်ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ရတယ်။ ဒီအတိုင်း အလကားနေရင်းနဲ့ စစ်နေတာမျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရပါမယ်။ အင်းစိန်မြို့နယ်ရဲ့ တခြားရပ်ကွက်တွေ ကောက်ဖို့၊ မကောက်ဖို့ဆိုတာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအမံအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး မြို့နယ်တစ်ခုဖြစ်သည့် အင်းစိန်မြို့နယ်ရှိ တောင်သူကုန်းရပ်ကွက်၊ ရွာမအရှေ့ရပ်ကွက်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်များအား မေလ ၆ ရက်က ကျန်းမာရေးစစ်တမ်းကောက်ယူရာတွင် ရောဂါဖြစ်ပွားသူ မတွေ့ရှိရကြောင်း ဦးဝေဖြိုးဟန်က ပြောသည်။

“အထိရောက်ဆုံးစစ်ဆေးသင့်တာကတော့ တခြားနိုင်ငံတွေကလို Swab တွေစစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံအနေအထားအရ စစ်မယ်လို့ကြိုးစားရင်တောင်မှ ‌တော်တော်လေးခက်ခဲမယ်။ လက်တွေ့ ဆန်တဲ့အကြောင်းအရင်းကတော့ အင်းစိန်မှာလို Fever Surveillance ပေးတာမျိုးပေါ့။ အခုချိန်မှာ Fever Clinic တွေကိုလာတဲ့သူတွေက အရင်ထက်စာရင် တဖြည်းဖြည်းနည်းလာတယ်။ အခု Fever Surveillance လို့ပြောရမှာပေါ့။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အိမ်တွေထဲမှာ၊ အဆောင်တွေထဲမှာ ဖျားပြီး ကြိတ်ကုနေတဲ့သူတွေရှိလာမယ်ဆိုရင် လူနာအတွက် စနစ်ကျပြီး မှန်ကန်တဲ့ကုသမှုမျိုးကို လူနာလည်းရမှာဖြစ်သလို ပြည်သူလူထုအတွက်လည်း မြန်မြန်သိမြန်မြန်ကု၊ များများထိရောက် အဲဒီလိုမျိုးဖြစ်သွားလိမ့်မယ်”ဟု လှိုင်သာယာဖျားနာကုဆေးခန်းမှ စေတနာ့ဆရာဝန် ဒေါက်တာနိုင်မင်းထွဋ်က သုံးသပ်ပြောသည်။

ယခုကဲ့သို့ ကျန်းမာရေးစစ်တမ်းကောက်ယူခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ လူနာများစွာထွက်ပေါ်လာနိုင်ပြီး ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ခြင်းကြောင့် အခြားရပ်ကွက်နှင့် မြို့နယ်များတွင်လည်း ကျန်းမာရေးစစ်တမ်းကောက်ယူခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါက်တာနိုင်မင်းထွဋ်က စံတော်ချိန်သို့ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနှင့် မိုးကျချိန်တွင်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးနှင့် အခြားရာသီအလိုက်ဖြစ်ပေါ်တတ်သည့် ရောဂါများကို ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားထားကြောင်း မေလ ၈ ရက် တွင်ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အပြန်အလှန်ဆေးနွေးခြင်း အစီအစဉ်တွင် ထည့်သွင်းပြောဆိုထားသည်။

သတင်း – နေမင်းကျော်/စံတော်ချိန်
ဓာတ်ပုံ – ဝေဖြိုးဟန်ဖေ့စ်ဘွတ်ခ်