မြန်မာနှင့် ကိုဗစ်-၁၉ ကိန်းဂဏန်းအခြေပြုချက်

(မေ ၁၀ ရက်၊ နံနက်ပိုင်းအထိအချက်အလက်)

◾ ရောဂါတွေ့ရှိသူ စုစုပေါင်း – ၁၇၈ ဦး။

ယမန်နေ့ (မေ ၉ ရက်) ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါရှိသူ တစ်ဦးထပ်မံတိုးလာခဲ့သည်။ ထို့ကြောင့် ယ​နေ့အချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိလူနာ ၁၇၈ ဦးအထိရှိလာပြီဖြစ်သည်။

ယမန်နေ့က ထပ်တိုးလာသည့်လူနာမှာ ရန်ကုန်တိုင်းကဖြစ်ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ Case-98 နှင့် ထိတွေ့မှုရှိခဲ့သူဖြစ်သည်။

မတ် ၂၃ ရက်မှစတင်၍ ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာလတစ်လျှောက်လုံးတွင် ဧပြီ ၁၄ ရက်က တစ်နေ့ထဲတွင် ကူးစက်သူစုစုပေါင်း ၂၁ ဦးဖြင့် အမြင့်ဆုံးကူးစက်မှုဖြစ်ခဲ့သည်။ ဒုတိယအများဆုံးကူးစက်မှုမှာ ဧပြီ ၁၉ ရက်ဖြစ်ပြီး ကူးစက်သူပေါင်း ၁၇ ဦးရှိခဲ့သည်။ တတိယအများဆုံးမှာ ဧပြီ ၂၄ ရက်ဖြစ်ပြီး ကူးစက်သူ ၁၇ ယောက်ရှိခဲ့သည်။ မေ ၇ ရက်က ကူးစက်သူ ၁၅ ဦးဖြင့် စတုတ္ထကူးစက်မှုအများဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၇၈ ဦးရှိနေပြီး ထိုအထဲမှ သေဆုံးသူ ၆ ဦးရှိကာ ပြန်လည်သက်သာသူ ၆၈ ဦးရှိနေပြီဖြစ်သည်။

ထိုအထဲမှ ၄၆ ဦးမှာ ပြန်လည်ကောင်းမွန်လာသ​​ဖြင့် ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ဆေးရုံဆင်းခွင့်မရသေးဘဲ ကျန်ရှိနေသည့် လူနာ ၁၂၆ ဦးရှိသည်။ ၎င်းတို့မှာ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၄၇ ဦး၊ တောင်ဥက္ကလာအမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ၅၉ ဦး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၆ ဦး၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၄ ဦး၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ၃ ဦး၊ မန္တလေး ကန်တော်နဒီဆေးရုံတွင် ၁ ဦး၊ တောင်ကြီး စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ ဟားခါးမြို့​ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦးနှင့် နေပြ​ည်တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀)တွင် ၁ ဦးတို့ကို ကုသပေးလျက်ရှိသည်။

ထိုကူးစက်ခံရသူများထဲတွင် အသက် တစ်နှစ်ခွဲအရွယ်သာရှိသေးသည့် Case-95 လူနာလည်းပါဝင်နေပြီး ၎င်းသည် ယနေ့အထိ မြန်မာနိုင်ငံ၌ အသက်အငယ်ဆုံးကူးစက်ခံရသူအဖြစ် မှတ်တမ်းဝင်ထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်