ကိုဗစ်(၁၉)ကာလမှာ ပညာသင်ကြားရေးကို မည်သို့ ဆောင်ရွက်ကြမည်နည်း(၂)

အသက်ခုနစ်နှစ်သာရှိသေးသည့် ကျောင်းသူလေး ယခု အင်တာနက်တွင် ရေပန်းစား။

အွန်လိုင်းပညာသင်ကြားရေးမှာ လူအများချီးကျူးမှုရနေသူ ကျောင်းသူလေး

တရုတ်နိုင်ငံမှာတော့ အခု လတ်တလောမှာ အွန်လိုင်းကနေပညာသင်ကြားနေတဲ့ ကျောင်းသူလေးတစ်ဦး အကြောင်း အရမ်းကို လူပြောများနေပါတယ်။ ဘာကြောင့် လူပြောများသလဲဆိုရင် ကျောင်းသူလေးက မိဘတွေရဲ့ အလုပ်လုပ်ရာကိုလိုက်ပြီး မိဘတွေနဲ့အတူနေထိုင်ရင်း ပညာသင်ကြားနေလို့ပါပဲ။ ဒါက ဘာထူးဆန်းသလဲလို့မေးရင် ထူးဆန်းလို့ လူအများရဲ့စိတ်ကို လှုပ်ရှားမှုဖြစ်စေ တယ်လို့ ပြောရပါမယ်။ ကျောင်းသူလေးဟာ အသက် ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ ဟူပေပြည်နယ် ယွီယန်ကွမ်မြို့နယ်က ပထမတန်း ကျောင်းသူလေးပါ။

ဧပြီ ၃ ရက်ကစပြီး သူ့မိဘတွေ အကုန်အပြင်ထွက်ပြီး အလုပ်လုပ်ကြပါပြီ။ အဖေနဲ့အမေက ဈေးမှာ ဟင်းချက်ရောင်းကြပါတယ်။ ကျောင်းသူလေးက မိဘတွေနဲ့အတူ လိုက်သွားပြီး အသားဟင်းရောင်းတဲ့ စင်အောက်မှာ အွန်လိုင်းကနေတစ်ဆင့် စာသင်ပါတယ်။ အဲဒီကလေး ဒီလို စာသင်တာ တစ်လကျော်ရှိပါပြီ။ ဝယ်သူမရှိတဲ့အခါမှာ အမေဖြစ်သူက သူ့သမီးအတွက် အိမ်စာစစ်ပေးပါတယ်။ အမှားတွေကို မှန်အောင်ပြင်ပေးပါတယ်။

အွန်လိုင်း စာသင်ကြားနေသူ ကျောင်းသူလေး။

အသားဟင်းရောင်းတဲ့ စင်အောက်နေရာလေးက တော်တော်လေးကျဉ်းပါတယ်။ ကျောင်းသူလေးရဲ့ ခေါင်းကို မကြာခဏ ထိတတ်ပါတယ်။ ဒါပေမဲ့ ကျောင်းသူလေးက အဖေအမေနဲ့ အတူရှိနေတဲ့အချိန်ကို သဘောကျတာမို့ အိမ်မှာမနေဘဲ မိဘတွေနဲ့အတူ နေ့တိုင်း လုပ်ငန်းခွင်ကို လိုက်ပါတယ်။ စာသင်ချိန်ရောက်ရင် စာကိုကြိုးစားပြီး ကြည့်ပါတယ်။ အဲဒီကျောင်းသူလေး အသားဟင်းတင်တဲ့ စင်အောက်မှာ အွန်လိုင်းကနေတစ်ဆင့် စာသင်တဲ့ပုံတွေကို လူအများက တွေ့ပြီး ဓာတ်ပုံရိုက် အင်တာနက်ပေါ်တင်ရာကနေ အဲဒီ ကျောင်းသူလေးကို လူအများက စိတ်ဝင်စားခဲ့ကြပြီး လူအများရဲ့စိတ်ကို လှုပ်ရှားစေခဲ့တော့တာပါပဲ။

အင်တာနက်ကနေ လူအများက ‘ညီမလေး ကြိုးစား၊ အနာဂတ်မှာ ပိုမိုကြီးမားတဲ့ကမ္ဘာကို သွားကြည့်ပါ။ ညီမလေး ဒီနေ့ ကြိုးပမ်းအားထုတ်ရင် နောင်မှာအောင်မြင်မှာပါ’လို့ ကွန်မန့်တွေမှာ ရေးသားကြပါတယ်။

ဒါ့အပြင် မီဒီယာများကလည်း ‘ဒီမိသားစုအတွက် ဆိုရင် စင်ပေါ်မှာ ရောင်းချနေတဲ့အရာတွေက ဘ၀အတွက် လတ်တလော နေရေးထိုင်ရေးအတွက်ဖြစ်ပြီး စင်အောက်မှာက အနာဂတ်အရေးဖြစ်တယ်။ သူတို့မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တယ်။ ဘ၀အတွက် လတ်တလောရှင်သန်ရေးဟာ မလွယ်ကူပါဘူး။ အိမ်သူအိမ်သားအားလုံး အတူတူရှိနိုင်ရင် အချင်းချင်းအတွက် အနွေးထွေးဆုံးနေရာဖြစ်သလို ကြိုးပမ်း အားထုတ်တဲ့ တွန်းအားလည်းဖြစ်ပါတယ်။ ချမ်းသာသုခများဟာ ကြိုးပမ်းအားထုတ်မှ ရရှိတာပါ။ ဒီလိုမျိုး မိသားစု အများအပြားရှိမှ နိုင်ငံက မျှော်လင့်ချက်ရှိနိုင်မှာ ဖြစ်ပါတယ်’ဆိုပြီး ချီးမွမ်းရေးသားကြပါတယ်။

ဒါပေမဲ့ တချို့ တရုတ်မိသားစုများကတော့ အွန်လိုင်း ပညာရေးစနစ်က ကလေးတွေကို ပင်ပန်းစေတယ်လို့လည်း ဆိုပါတယ်။ အွန်လိုင်းပညာရေးစနစ်အပေါ် ကောင်းတာပြောပြီး ထောက်ခံတဲ့သူတွေရှိသလို အွန်လိုင်းပညာရေးစနစ် အပေါ် မနှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။

အိမ်တွင် တီဗွီမှ ပညာသင်ကြားနေသော ကလေးတစ်ဦး။

ကူးစက်ရောဂါကင်းရှင်းပြီးနောက် လက်တွေ့သင်ကြားမှု။

တရုတ်နိုင်ငံအနှံ့မှာတော့ အခုအချိန်မှာ ကူးစက်ရောဂါဖြစ်ပွားမှုစတင်ရာဒေသ ဝူဟန်မြို့မှာတင် မေ ၆ ရက်ကစပြီး အထက်တန်းကျောင်း ၁၂၁ ကျောင်း ပြန်ဖွင့်ခဲ့ပါပြီ။ အထက်တန်းကျောင်းသား ၅၀၀၀၀ ကျော် ကျောင်းပြန်တက်ကြပါပြီ။ ဒါ့အပြင် တရုတ်နိုင်ငံအနှံ့ ကူးစက်ရောဂါမဖြစ်ပွားသော တချို့သောဒေသများမှ အလယ်တန်းကျောင်းများနဲ့ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ကြပါပြီ။

ဝူဟန်မှာတော့ အထက်တန်းကျောင်းတွေ ပထမအသုတ်အဖြစ် စတင်ဖွင့်တဲ့ရက်မှာ ကျောင်းဝင်းထဲမှာရော ကျောင်းအနီးတစ်ဝိုက်မှာပါ လုံခြုံရေးတွေ စောင့်ပေးကြပါတယ်။ ကျောင်းတွေမှာ ကျောင်းမဖွင့်ခင်ကတည်းက သန့်ရှင်းရေးလုပ်တာတွေ၊ ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်ထားတဲ့အပြင် ကျောင်းလာတက်တဲ့ကျောင်းသား၊ ကျောင်းသူ အားလုံးကို ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပြုလုပ်ပါတယ်။ ဒါ့အပြင် ကျောင်းခန်းထဲဝင်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပစ္စည်းတွေအားလုံးကို ပိုးသတ်ဆေး ဖျန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို လက်ဆေးကန်မှာ လက်ဆေးခိုင်းခြင်း၊ တစ်ခန်းကို ကျောင်းသား အယောက် ၃၀ မကျော်ဘဲ အတန်းခွဲခြင်း၊ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ အားလုံး နှာခေါင်းစည်း စည်းထားရခြင်း၊ စာသင်ခန်းများ လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်ရအောင် ပြတင်းပေါက်များဖွင့်ထားခြင်း၊ ကျောင်းကင်တင်းများမှာလည်း ထိုင်ခုံတစ်ခုံ စားပွဲဝိုင်းတစ်ဝိုင်း တစ်ယောက်စားစနစ် ပုံစံများကို ပြုလုပ်ပေးခဲ့ပါတယ်။

ကိုယ်အပူချိန်တိုင်းပြီးမှ ကျောင်းတွင်းသို့ ဝင်ရ။

နောက်ပိုင်း တဖြည်းဖြည်း ကိုဗစ်ကူးစက်ခံရမှု လျော့နည်းသက်သာလာပြီဆိုရင်တော့ အခုလတ်တလော အွန်လိုင်းပညာရေးစနစ် သင်ကြားနေရတဲ့ အငယ်တန်း ကလေးတွေလည်း ပုံမှန်အတိုင်း ကျောင်းတွေဆီ အရောက် ပြန်လည်သင်ကြားမှုတွေ စတော့မှာပါ။

ခြုံပြီးသုံးသပ်ရရင် ကိုဗစ်ကူးစက်ဖြစ်ပွားမှု လျော့နည်း သက်သာသွားချိန်မှာ ဒေသအလိုက် ရောဂါဖြစ်ပွားမှု အနည်းအများပေါ်မူတည်ပြီး ကျောင်းများကို အထက်တန်းကစပြီး ပြန်ဖွင့်ပေးတာ တွေ့ရပါတယ်။ ကိုဗစ်ကူးစက်မှု မဖြစ်ပွားတဲ့ဒေသများမှာတော့ မူလတန်းကစပြီး အထက်တန်းအထိ ကျောင်းများအားလုံး Social Distancing ကို သေချာပြုလုပ်ပြီး ကျောင်းပြန်ဖွင့်တာဖြစ်ပါတယ်။

ကျောင်းအဝင်ဝ ဆရာမများ စည်းကမ်းတင်းကျပ်။

ဥပမာ- ဟန်ကျိုး မြို့မှာဆိုရင် မူလတန်းတွေကအစ ကျောင်းပြန်တက်နေကြပါပြီ။ ပေကျင်းလိုနေရာမျိုးနဲ့ ဟူပေပြည်နယ် ဝူဟန်မြို့မှာတော့ မူလတန်းနဲ့ အလယ်တန်းတွေ အခုထိ အွန်လိုင်းပညာရေးသင်ကြားမှုပဲ ဆက်လက်ပြုလုပ်နေကြတုန်းပါ။

ဒါကြောင့် ကူးစက်မှုဖြစ်ပွားချိန်မှာ တစ်နိုင်ငံလုံးအနှံ့ ကျောင်းတွေပိတ်ခဲ့ကြပေမယ့် ရောဂါကူးစက်ဖြစ်ပွားမှု နည်းပါးသွားချိန်မှာတော့ ဒေသအလိုက် ကျောင်းဖွင့်မှုတွေ မတူကြသေးပါဘူး။ ဒေသအလိုက်၊ ပြည်နယ်အလိုက် ကွဲပြားမှုတွေ ရှိနေပါသေးတယ်။ ကျောင်းဖွင့်ကြဟေ့ဆိုပြီး တစ်နိုင်ငံလုံးကကျောင်းတွေ အကုန်ဖွင့်ကြတာ မဟုတ်သေးပါဘူး။ အစိုးရက အွန်လိုင်းပညာရေးစနစ်ကို စတင်ရမယ်ဆိုတော့ ကျောင်းသား၊ ကျောင်းသူ၊ မိဘနဲ့ ဆရာ၊ ဆရာမ အားလုံး မကျန် အကုန်လိုက်ပါ ပြောင်းလဲကြပြီး အစိုးရက ကျောင်းတွေ ပြန်ဖွင့်ဆိုတော့လည်း အားလုံးအတူ လိုက်ပါပြောင်းလဲရတာပါပဲ။

“အဆင်မပြေတာ တစ်ခုကြောင့် ဘာမှဆက်မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ အခက်အခဲရှိနိုင်မလဲတွေးပြီး ရှိတဲ့အခက်အခဲကို အကောင်းဆုံးဖြတ်ကျော်နိုင်မှ ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။ စတာထွက်ကတည်းက မဖြစ်နိုင်ပါဘူးဆိုတဲ့ အားလျှော့စိတ်နဲ့ တာထွက်ရင်တော့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး”

မြန်မာနိုင်ငံမှာ ဘယ်လိုသင်ကြားရေးစနစ် သုံးသင့်သလဲ။

မြန်မာနိုင်ငံမှာတော့ လတ်တလောမှာ Myanmar Education Channel ကို မေ ၄ ရက်ကစတင်ပြီး ရုံးဖွင့်ရက်များမှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ စမ်းသပ်ထုတ်လွှင့်သွားမယ်ဆိုတဲ့သတင်း မေ ၃ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီတော့ တီဗွီလိုင်းတွေကနေ ပညာသင်ကြားရေးကို လုပ်တော့မလားဆိုတဲ့ အမြင်မျိုး အားလုံးတွေးကြပါတော့တယ်။

တီဗွီလိုင်းတွေကနေ ပညာသင်ကြားရေးလုပ်မယ်ဆိုရင်ရော မြန်မာနိုင်ငံမှာ မဖြစ်နိုင်ဘူးလား။ စာရေးသူအမြင်အရကတော့ မြန်မာနိုင်ငံမှာ တီဗွီတွေက တောရောမြို့ပါ မကျန် နေရာအနှံ့မှာရှိနေပြီမို့ တီဗွီကနေတစ်ဆင့် သင်ကြားရေးတွေစမယ်ဆိုရင်တော့ ဖြစ်နိုင်လောက်ပါရဲ့လို့ တွေးမိပေမယ့် တချို့တွေက ‘ကျောင်းသားတိုင်း တီဗွီမကြည့်နိုင်ပါ။ အချို့အိမ်တွေမှာ ပြည့်စုံမှုမရှိသေးပါ။ ရွာမှာ မီးမရှိတော့ ဘယ်လိုလုပ်မလဲ ဆိုတာမျိုး’တွေ ပြောလာကြတာ ကြားမိပြန်ပါတယ်။

ကျောင်းခန်းအတွင်းမြင်ကွင်း။

တချို့တွေကျတော့လည်း ‘အွန်လိုင်းကနေ ပညာသင်ကြားရမယ်ဆိုရင် ဖုန်းဘေလ်ဖိုးနဲ့ မွဲရချည်ရဲ့’ဆိုတဲ့ ညည်းညူသံတွေ ကြားရသလို ‘လူကြီးတွေတောင် အွန်လိုင်းကို ကောင်းကောင်းမသုံးတတ်သေးဘူး။ ကလေးတွေကို ဘယ်လိုပြန်ပြရမလဲ’ဆိုတဲ့ နည်းပညာကို အပြစ်တင်တဲ့သူတွေလည်း ရှိနေပါသေးတယ်။

ရေဒီယို၊ တီဗွီနဲ့ အင်တာနက်ပလက်ဖောင်းကနေ သင်ယူမှု လုပ်ကြမလား။

ဒါဆို ရေဒီယိုကို သုံးမယ်ဆိုရင်ရော၊ တောရောမြို့ပါ မကျန် FM တွေကနေတစ်ဆင့် ဖမ်းယူနားဆင်နိုင်လို့ အဆင်ပြေမလား။ ဟိုးအရင်တုန်းကတော့ ပညာရေးက ဆရာမတွေရဲ့ အတန်းလိုက်၊ ဘာသာရပ်အလိုက် စာသင်ကြားပေးတဲ့ သင်ခန်းစာအစီအစဉ်လေးတွေ အရင်ပညာရေးစနစ် ဟောင်းတုန်းက မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှာ လွှင့်ပေးတာရှိသလို အခုထက်ထိလည်း အခြေခံပညာ မူ၊ လယ်၊ ထက် နဲ့ အဝေးသင်တွေအတွက် ပညာရေးစနစ်သစ်သင်ကြားမှုအဖြစ် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့က ပညာရေး အစီအစဉ်ပို့ချချက်တွေလွှင့်နေတဲ့ အစီအစဉ် အခုထိ ရှိနေပါသေးတယ်။

မြန်မာ့အသံ ရေဒီယိုကနေလွှင့်တဲ့ အဲဒီပညာရေး အစီအစဉ်တွေ စာရေးသူ နားထောင်ဖူးပါတယ်။ အသံသာ ကြားရတဲ့ အစီအစဉ်ဖြစ်ပေမယ့် စာသင်တဲ့ဆရာမရဲ့ သင်ကြားမှုကောင်းတာကြောင့် အသံနားထောင်ရုံနဲ့တင် သင်ခန်းစာကို နားလည် သဘောပေါက်မိပါတယ်။ ဒါပေမဲ့ အခုခေတ်အခါမှာ တီဗီတွေရှိနေတော့ ရေဒီယိုအစား တီဗွီကနေ သင်ပြပေးရင် ပိုမကောင်းဘူးလား။

အရင်တုန်းကလည်း အဝေးသင်ပညာရေးစနစ်ကို တီဗွီကနေ သင်ကြားပို့ချတာတွေ စာရေးသူတို့ခေတ်တုန်းက သင်ဖူးပါတယ်။ တစ်ဆင့်တက်ပြီး ထပ်တွေးကြည့်ရအောင်ပါ။ အခုခေတ်မှာတော့ အဲဒီထက်အဆင့်မြင့်ပြီး ကိုယ့်ရဲ့ ဆရာမနဲ့ FB တွေ၊ Viber တွေ၊ Zoom တွေ၊ တခြားသင်ယူလို့ ရမယ့် Application တွေကနေဆက်သွယ်ပြီး သင်ခန်းစာတွေ သင်ကြမယ်၊ အိမ်စာတွေ ပေးပို့ကြမယ်ဆို မကောင်းဘူးလား။

ဝူဟန်ရဲ ၂၃၀၀ ကျော်က ကျောင်းဝင်းထဲမှာရော ကျောင်းအနီးတစ်ဝိုက်မှာပါ စောင့်ကြပ်မှုများ ပြုလုပ်ပေးတယ်။

ပထမအစမှာတော့ ကျောင်းသားရော၊ မိဘ၊ ဆရာပါ နည်းပညာတွေကြောင့် ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခုလို ကူးစက်ရောဂါတွေ ပြန်လည်ဖြစ်ပေါ်လာရင် နောင်အတွက် ပြင်ဆင်ဖို့ဆိုတာတွေပါ ကြိုတွေးပြီး ကြိုလုပ်ထားဖို့လိုပါမယ်။ ရှေးရိုးကြီး အတိုင်းလုပ်မယ့်အစား ကိုဗစ်ကူးစက်ကာလမှာ အခွင့်အခါသင့်တုန်း နည်းလမ်းသစ် ရှာကြံကြရင် မကောင်းဘူးလား။

အဆင်မပြေတာ တစ်ခုကြောင့် ဘာမှဆက်မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ အခက်အခဲ ရှိနိုင်မလဲတွေးပြီး ရှိတဲ့အခက်အခဲကို အကောင်းဆုံး ဖြတ်ကျော်နိုင်မှ ပန်းတိုင်ကိုရောက်ရှိနိုင်မှာပါ။ စတာထွက်ကတည်းက မဖြစ်နိုင်ပါဘူးဆိုတဲ့ အားလျှော့စိတ်နဲ့ တာထွက် ရင်တော့ ပန်းတိုင်ကို ဘယ်တော့မှရောက်လာမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံ ဆင်းရဲပါတယ်။ ဖွံ့ဖြိုးမှုလည်း နောက်ကျပါတယ်။ နိုင်ငံဆင်းရဲသလို ပြည်သူပြည်သားတွေကလည်း မချမ်းသာမကြွယ်ဝကြပါဘူး။ နည်းပညာမှာလည်း ဖွံ့ဖြိုးမှု အရမ်းကို နှေးကွေးပါသေးတယ်။ သူများနိုင်ငံတွေလို 5G မပြောနဲ့ 4G တောင် နိုင်ငံအနှံ့ ပြည့်ပြည့်၀၀ရရှိမှု အားနည်းနေပါသေးတယ်။ ရွာတိုင်းမှာ မီးမရှိသေးပါဘူး။ အိမ်တိုင်းမှာ တီဗွီမရှိသေးပါဘူး။ ထားတော့၊ မရှိတာတွေများလွန်းလို့ ရေးရင် ကုန်မှာမဟုတ်။ ဒါပေမဲ့ အများစုနေရာဒေသတွေမှာ တစ်ရွာမှာ တီဗွီတစ်လုံးလောက်၊ ရေဒီယိုတစ်လုံးလောက်ကတော့ ရှိမယ်လို့ စာရေးသူထင်ပါတယ်။

အဆောင်နေကျောင်းသားများ၏ ပစ္စည်းများအားလုံးကို ပိုးသတ်ပြီးမှ သယ်ယူခွင့်ပြု။

တကယ်လို့ တီဗွီကနေ၊ ရေဒီယိုကနေ ကျောင်းသင်ခန်းစာတွေလွှင့်မယ်ဆိုရင် မီးမရှိတဲ့ဒေသတွေမှာ အများစုပေါင်းမှုနဲ့ ဒါမှမဟုတ် အစိုးရထောက်ပံ့မှုနဲ့ ဆိုလာစနစ် အသုံးပြုပြီး တီဗွီ သို့မဟုတ် ရေဒီယိုနဲ့ ပညာသင်ကြားမှု လုပ်မလား ဒီလိုမှမဟုတ်ဘဲ ဘယ်အချိန်မှ ကူးစက်ရောဂါ ပျောက်မလဲမသိတဲ့ ကိုဗစ်ကြောင့် ကိုယ့်သားသမီးကို တစ်နှစ်ကျောင်းနောက်ကျရင် ကျပါစေဆိုပြီး ကျောင်းတက်ရက် နောက်ဆုတ်ကြမလား။ ဘက်ပေါင်းစုံကနေ တွေးစရာတွေကတော့ အများကြီးပါ။

မြန်မာအစိုးရအနေနဲ့လည်း ကိုဗစ်ကူးစက်ကာလမှာ ဇွန်လအမီ ကျောင်းများပြန်ဖွင့်မလား၊ မဖွင့်ဘူးလား။ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေကိုကြည့်ပြီး နောက်ဆုတ်ပြီးမှ ကျောင်းတွေပြန်ဖွင့်မလားဆိုတာ အခုထိ ကြေညာချက် မထွက်သေးပေမယ့် ကြိုတင်စီမံမှုတွေတော့ လုပ်နေလောက်ပြီလို့ ထင်ပါတယ်။ ကိုဗစ်ကြောင့် ကလေးတွေကို ရောဂါကူးစက်မှာ မိဘတိုင်း စိုးရိမ်စိတ်ရှိကြပေမယ့် ဒီအချိန်မှာတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မိဘတွေအားလုံးက ဆရာ၊ ဆရာမတွေနဲ့အတူ လက်တွဲပြီး နောင်အနာဂတ် ကလေးတွေအတွက် ပညာရေးနောက်ကျမှုမရှိအောင် ပြုစုပျိုးထောင်မလား၊ ဒီလိုမှ မဟုတ် ကိုဗစ်ကြောင့် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးကို လျစ်လျူရှုထားကြမလား။ ဒါမှမဟုတ် ကိုဗစ် ကူးစက်မှုဖြစ်ပွားချိန် အခက်အခဲကာလမှာ ဘယ်လို နည်းလမ်းတွေနဲ့ ပညာရေးကို အကောင်းဆုံး ဖော်ဆောင်ကြမလဲ။

နည်းလမ်းတစ်ခုကတော့ မဖြစ်မနေ ရွေးချယ်ဖို့ လိုအပ်နေချေပြီ။

ရေးသူ – စုသက်မှူး(မရမ်းကုန်း)