မြန်မာနှင့် ကိုဗစ်-၁၉ ကိန်းဂဏန်းအခြေပြုချက်

(မေ ၂၀ ရက်၊ နံနက် ၇နာရီထိအချက်အလက်)

◾ ယမန်နေ့ညထုတ်ပြန်ချက် – (၂)ဦးတွေ့။

◾ ရောဂါတွေ့ရှိသူ စုစုပေါင်း – ၁၉၃ ဦး။

ယမန်နေ့ (မေ ၁၉ ရက်) ည ၈နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါရှိသူ နှစ်ဦးထပ်မံတိုးလာခဲ့သည်။

ယနေ့(မေ ၂၀ရက်) နံနက် ၇နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာထပ်တိုးလာခြင်းမရှိပေ။ ထို့ကြောင့် ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိလူနာ ၁၉၃ ဦးအထိရှိလာပြီဖြစ်သည်။

ထုတ်ပြန်ချက်အရ ထပ်မံတိုးလာသည့်လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဦးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ တစ်ဦးတို့ဖြစ်သည်။ ၎င်းတို့မှာ ယူအေအီးနိုင်ငံမှ ပြန်လာသူများဖြစ်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတင်တွေ့ရှိသည့် မတ် ၂၃ ရက်မှ ယနေအထိ တွေ့ရှိမှုကာလတစ်လျှောက် ဧပြီ ၁၄ရက်သည် တစ်ရက်တည်း ပိုးတွေ့လူနာစုစုပေါင်း ၂၁ ဦး ရှိခဲ့ရာ ရောဂါပိုးတွေ့မှုအများဆုံးနေ့ရက်အဖြစ် မှတ်တမ်းဝင်ထားသည်။

မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၉၃ ဦးရှိနေပြီး ထိုအထဲမှ သေဆုံးသူ ၆ ဦးရှိကာ ပြန်လည်သက်သာသူ ၁၀၅ ဦးအထိရှိနေပြီဖြစ်သည်။

ထိုအထဲမှ ၉၁ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ဆေးရုံဆင်းခွင့်မရသေးဘဲ ကျန်ရှိနေသည့် လူနာ ၉၆ ဦးရှိသည်။ ၎င်းတို့မှာ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၃၆ ဦး၊ တောင်ဥက္ကလာအမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ၄၄ ဦး၊တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၄ ဦး၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ၂ဦး၊ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦးနှင့် နေပြည်တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀)တွင် တစ်ဦး၊ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ၁ဦး၊သံတွဲမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ၁ဦး၊ ဘားအံပြည်သူ့ဆေးရုံကြီးတွင် ၂ဦး၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁ဦး၊ မကွေးသင်ကြားရေးဆေးရုံကြီးတွင် ၁ဦးနှင့် ပုသိမ် ပြည်သူ့ဆေးရုံကြီးတွင် ၁ဦးတို့ကို ကုသပေးလျက်ရှိသည်။

ထိုကူးစက်ခံရသူများထဲတွင် အသက် တစ်နှစ်ခွဲအရွယ်သာရှိသေးသည့် Case-95 လူနာလည်း ပါဝင်ခဲ့ရာ ၎င်းသည် ယနေ့အထိ မြန်မာနိုင်ငံ၌ အသက်အငယ်ဆုံးကူးစက်ခံရသူအဖြစ် မှတ်တမ်းဝင်ထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်