ကမ္ဘာ့ကူးစက်ရောဂါကပ်နဲ့ ကိုယ်ကျင့်တရားကိစ္စများ

ကိုဗစ် (၁၉)ဟာ လူတွေကို ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်ဆုံးဖြတ်ချက်တွေချခိုင်းပြီး ထိပ်တိုက်ရင်ဆိုင်နေတယ်။ဆေးရုံမှာပစ္စည်းကိရိယာတွေ မပြည့်စုံတဲ့အခါ အသက်ကယ်ပစ္စည်းတွေ ဘယ်လူနာတွေကရသင့်သလဲ။ ကန့်သတ်ရတာ စရိတ်ကြီးလေတော့ ဗိုင်းရပ်စ်ကိုတားဆီးဖို့လူအများ လှုပ်ရှားသွားလာတာတွေကို ဘယ်လောက်ကြာကြာ ကန့်သတ်မှာလဲ။ ဒီအပြင် ရုန်းကန်လှုပ်ရှားနေရတဲ့ အိမ်ထောင်စုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို အစိုးရက ဘယ်လောက်ရက်ရက်ရောရော ကူညီထောက်ပံ့သင့်သလဲ။ အဲဒီလို ကူညီထောက်ပံ့တာဟာ အစိုးရရဲ့ လူမှုဖူလုံရေးအစီအစဉ်ကို အလွဲသုံးရာရောက်နေမလား။

ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မျိုးမှာ ဒီလိုအသံတွေ တိတ်နေလေ့ရှိတယ်။ တိတ်လည်းတိတ်သင့်ပါတယ်။ဒါပေမဲ့ စွန့်စားမှုနဲ့ တာဝန်ရဲ့ဆက်နွှယ်မှု၊ မေးခွန်းခက်ခက်တွေကို ပစ်ထားလို့တော့မရဘူး။ စွန့်စားမှုတစ်ခုကို စွန့်စားတဲ့သူက ယူမှာလား၊ တခြားသူတွေက ဝင်ယူပေးရမှာလား။

စွန့်စားတဲ့သူက ကြုံတွေ့ရမယ့်ထိခိုက်နစ်နာမှုတွေအတွက် အပြည့်အဝတာဝန်မယူရတဲ့အခါ အနာဂတ်မှာ အလွန်အကျွံစွန့်စားတာမျိုးတွေ၊ ဇွတ်တိုးလုပ်တာ၊ ရမ်းတာမျိုး တွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ-မီးအာမခံထားတာဟာ အိမ်ပိုင်ရှင်ကို ပေါ့ဆအောင်အားပေးသလိုဖြစ်တတ်ပြီး မီးခိုးထွက်ရင် သတိပေးတဲ့ကိရိယာက ဓာတ်ခဲအားကုန်နေရင် မလဲတာမျိုး ပေါ့ဆတာတွေနဲ့ကြုံရပါတယ်။ မီးလောင်ရင် ဆုံးရှုံးတာရဲ့ တချို့ကို အာမခံလုပ်ငန်းက ခံမှာဖြစ်လို့ပါ။

အခုလိုဇွတ်လုပ်မှာ၊ ပေါ့ဆမှာတွေနဲ့ပတ်သက်လို့ စိတ်ပူကြတာကို အကျပ်အတည်းတွေနဲ့ကြုံတဲ့အခါမှာ တွေ့ကြရပါတယ်။ အစိုးရက တစ်နိုင်ငံလုံးရဲ့ စီးပွားရေးထိခိုက်မှာစိုးတော့ ဒုက္ခရောက်နေတဲ့အဖွဲ့အစည်းတွေကို ကယ်တင်ဖို့ ဖိအားပေး ခံရတော့တယ်။ ဒုက္ခရောက်နေတဲ့ဘဏ်တွေကို ရက်ရက်ရော ကယ်တင်လိုက်ရင် ရေတိုမှာ အကျပ်အတည်းဖြစ်မှာကို သက်သာသွားစေပေမယ့် အနာဂတ်မှာပိုစွန့်စားတာ၊ ပိုကြီးမားတဲ့ အကျပ်အတည်းတွေနဲ့ တွေ့တဲ့အခါ အစိုးရက သေချာပေါက်လာကယ်မှာပဲလို့တွက်ပြီး ဇွတ်တိုးကြတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် Walter Baegot က ဗဟိုဘဏ်တွေကို အကြံပေးဖူးတယ်။ ‘အကျပ်အတည်းဖြစ်ချိန်မှာ အာမခံ ကောင်းကောင်းရှိရင် လွတ်လွတ်လပ်လပ်ချေး၊ မရှိရင်ဒဏ်ကြေးချပြီး ချေး’တဲ့။ ဒါမှ စိတ်ပူစရာတွေ အမျိုးမျိုးရှိနေတာ အချင်းချင်း ချိန်ဆပြီးသားဖြစ်သွားမှာ။

အခုဆိုရင် စွန့်စားတာနဲ့ တာဝန်ယူမှု မမျှတာတွေက အခုလောက် အကြီးအကျယ်များပြားလာနေတာကို ဘယ်တုံးကမျှ မတွေ့ရဘူး။ ကိုဗစ်ကူးစက်တာ နှေးသွားအောင်လို့ နိုင်ငံတွေက အတော်များများလေးပိတ်ထားကြတယ်။ အရောင်းကျ တာ အလုပ်ပြုတ်ကြရာက ဒေဝါလီခံရ၊ ဆင်းရဲဒုက္ခရောက်ကြရတာတွေမဖြစ်ရအောင် အစိုးရတွေက မိသားစုတွေနဲ့ လုပ်ငန်း တွေလက်ထဲကို အကူအညီတွေ အများကြီးထည့်ပေးနေတယ်။ ဒါကြောင့် နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့က ချမ်းသာတဲ့ နိုင်ငံ တွေဟာ၂၀၂၀မှ ဂျီဒီပီရဲ့၂၀ရာခိုင်နှုန်းကျော်ကျော် ပျမ်းမျှခြင်းအားဖြင့် လိုငွေပြမယ်လို့ခန့်မှန်းထားပါတယ်။ အမေရိကန် မှာ ၁၅ ရာခိုင်နှုန်းရှိမယ်။ တိုက်ရိုက်အကူအညီ ပေးတာသာမက ချေးငွေ တွေ၊ ချေးငွေအာမခံတာတွေလည်း ရှိသေးတယ်။ ချမ်း သာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို ကြွေးပြန်ဆပ်ရမယ့် ကာလနောက်ဆုတ်ပေးပြီး အကူအညီပေးတာတွေလည်း ရှိသေးတယ်။

ဗဟိုဘဏ်တွေကလည်း အရေးယူဆောင်ရွက်မှုတွေ လုပ်ကြပါတယ်။ အမေရိကန်ဗဟိုဘဏ်က ပထမဆုံးအကြိမ် အနေနဲ့ ပြည်နယ်နဲ့ဒေသန္တရအစိုးရတွေ ထုတ်ရောင်းထားတဲ့ အကျိုးများ၊ အန္တရာယ်လည်းများတဲ့ ချေးငွေတွေ၊ ငွေချေးစာချုပ် တွေကို ပြန်ဝယ်ခဲ့ပါတယ်။ ကြွေးမဆပ်နိုင်ကြ။ စီးပွားရေးအရ ဖရိုဖရဲဖြစ်တာတွေကို ကာကွယ်ဖို့အတွက်ပါ။ ဒါပေမဲ့ ဈေးကွက်အသစ်ထဲကို အခုလိုဝင်လိုက်တာဟာ အနာဂတ် မှာစွန့်စားမှုတွေအပေါ် အမြင်ပြောင်းလဲသွားစေနိုင်ပါတယ်။ကပ်မဖြစ်မီနှစ် တွေကတည်းက တချို့ချေးငွေတွေရဲ့ စံနှုန်း သတ်မှတ်ချက်တွေ နိမ့်ကျနေပြီးသားဖြစ်နေပါတယ်။ အခုလို ဗဟိုဘဏ်က ဝင်ပါလိုက်တော့ စိတ်မချရတဲ့ချေး ငွေတွေပိုများလာနိုင်ပါတယ်။ ရေရှည်ဘတ်ဂျက်အကျပ်အတည်းဖြစ်နေကြတဲ့ ပြည်နယ်အစိုးရ တွေဟာ အချိန်တန်ရင် ဗဟိုဘဏ်ကဝင်ကယ်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်တိုင်မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ မကြိုးစားကြတော့ပါဘူး။ ဒါကြောင့် အနာဂတ်မှာ ပိုပြီး ဒေဝါလီခံကြရတာ ဒါမှမဟုတ် အစိုးရကဝင်ကယ်ရတာတွေ ပိုများလာနိုင်ပါတယ်။ အခုလို ဗဟိုဘဏ်ကဝင်လုပ် ပေး သွားတော့ ပရမ်းပတာချေးထားတဲ့သူတွေ သက်သာခွင့်ရစေ ပါတယ်။ အလုပ်လက်မဲ့ အာမခံကြေးတွေ ရက်ရက်ရောရော ပေးလိုက်တော့ နောင်မှာအလုပ်ဖြုတ်တာ ခံချင်တဲ့အလုပ်သမားတွေပိုများလာမှာကို ဆီးနိတ်တာတွေကလည်း စိတ်ပူနေကြပါတယ်။

ဘောဂဗေဒပညာရှင်တွေက ကိုဗစ်ဖြစ်နေချိန်မှာ စွန့်စားမှုနဲ့တာဝန်ယူမှာ မမျှမတဖြစ်နေတဲ့ကိစ္စကို လက်ရှောင်ကြတာ အကြောင်းရှိပါတယ်။ လက်ရှိမူဝါဒတွေက လူတွေအဖွဲ့ အစည်းတွေကို ကပ်ရောဂါဘေး အပြည့်အဝ ကျရောက်တာ မဖြစ်ရလေအောင် အကာအကွယ်ပေးထားနိုင်တယ်။ အခုလို သာလုပ်မထားရင် ခပ်များများခပ်ကြာကြာပျံ့နှံ့မယ်။ အချိန်မြန်ဖို့ လက်ဦးမှုရဖို့ကလည်းအရေးကြီးတယ်။ ဖရိုဖရဲ အထိတ် တလန့်မဖြစ်ရအောင် များများလည်းလုပ်ပေးရတယ်။ မြန်မြန် လည်းလုပ်ပေးရတယ်။

မတရားသဖြင့် အလွန်အမင်း စွန့်စားတာကို အားပေး ရာ မရောက်အောင် ထိုက်သင့်တဲ့သူတွေ လုပ်ငန်းတွေကို တိုက်ရိုက်အကူအညီပေးရတယ်။ မမှန်တာလုပ်တာ ဖော်ထုတ်ဖို့၊ တားဆီးဖို့၊ အနီးကပ်စောင့်ကြည့်ရမယ်။ ဒါကြောင့် အဲဒီလို သာ လုပ်နေမယ်ဆိုရင် နည်းနည်းချင်း နှေးနှေးပဲ ကူညီနိုင်မှာဖြစ်လို့ စီးပွားရေးအရ ဒုက္ခရောက်ကြမှာကို တားဆီးနိုင်ဖို့ ခက်တယ်။

ပြီးတော့ စွန့်စားတာနဲ့ တာဝန်ယူမှု မမျှတတာတွေ အတွက် ပူပင်ကြတာဟာ ထိုက်သင့်သလောက် အန္တရာယ်လျော့အောင် လုပ်လို့ရတာတွေနဲ့လည်းပတ်သက်တယ်။ ဥပမာ မီးခိုးအနံ့ခံတဲ့ ကိရိယာကို ဓာတ်ခဲလဲပေးတာမျိုးပေါ့။ ဆင်ခြင်တုံတရား အရှိဆုံးအိမ်ထောင်စုတစ်စု၊ လုပ်ငန်းတစ်ခုတောင်မှ ငွေအားလုံးနီးပါး ဆုံးရှုံးတဲ့ ရုတ်ခြည်းအပြောင်းအလဲနဲ့ ကြုံတွေ့ ရင်ဆိုင်ရုန်းကန်ရနိုင်တယ်။ အခုလို အချိန်မျိုးမှာ အကူအညီပေးတာဟာ အနာဂတ်မှာ ပိုမိုစွန့်စားစေဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ သာမန်ကာလမှာ အခက်အခဲကြုံလို့ အာမခံကယ်တင်တာနဲ့မတူဘူး။ အစိုးရကဆိုးရွားတဲ့ အကျပ်အတည်း နဲ့ ကြုံတဲ့အချိန်ဖြစ်နေလို့ တစ်ကြိမ်တစ်ခါပဲ ကူညီတာလို့ အပြတ်ပြောထားနိုင်တယ်။

တာဝန်မဲ့ စွန့်စားတာတွေနဲ့ပတ်သက်လို့ ပြောစရာတွေကို အမြဲတမ်းဘေးဖယ်ထားလို့တော့ မရဘူး။ အကျပ်အတည်း လွန်သွားရင် ပိုပြောလာကြမယ်။ စီးပွားရေးဦးမော့အောင် လုပ်စရာတွေကလည်း အများကြီးရှိသေးတယ်။ အဲဒီအချိန်ကျရင် အခုလိုအကျပ်အတည်းဖြစ်တဲ့အချိန်မှာ လုပ်ကြသလို လုပ် လို့မရတော့ဘဲ သင့်တင့်တဲ့အကူအညီကိုပဲ ရကြမှာပါ။ တချို့ပေးပြီးသားအကူအညီတွေ အာမခံထားတာတွေကို ဘွာခတ်လို့ မရတော့ပေမယ့် မဟုတ်မမှန်တာ လုပ်လို့မရအောင် ကြီးကြပ်ကွပ်ကဲမှုအသစ်တွေ စည်းမျည်းစည်းကမ်းတွေ လိုအပ်လာမှာပါ။

ကိုဗစ်အလွန်ကာလတွေမှာ ခက်ခက်ခဲခဲရွေးချယ် ဆုံးဖြတ်ရတာတွေပေါ်လာမယ်။ ကိုဗစ်(၁၉)ဟာ သူမတူအောင် ထူးထူးခြားခြား ကမ္ဘာနဲ့ချီပြီး ဒုက္ခပေးခဲ့တယ်။ ဒါပေမဲ့ ရာသီဥတုအပြာင်းအလဲကြောင့် ကြုံတွေ့ရမယ့် အန္တရာယ် တွေကြောင့် အခုလို သဘာဝဘေးတွေ မကြာခဏကြုံတွေ့နေရ ဦးမတဲ့။ ဒါကြောင့် အစိုးရတွေအနေနဲ့ အခက်အခဲတွေနဲ့ ကြုံလို့ ဒီတစ်ခါပဲကူညီတာလို့ ကြေညာဖို့ခက်တယ်။

ခြေလွန်လက်လွန်စွန့်စားတာတွေကို ထိန်းသိမ်းဖို့လိုသလို မနိုင်မနင်းလောက်အောင် အန္တရာယ်တွေကို မွေး မထားသင့်ပါဘူး။ အစိုးရတွေဟာ လက်နှေးနေလို့ မရပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ တစ်ယောက်ချင်းရော လူအများအနေနဲ့ပါ တာဝန်တွေ ပိုယူဖို့ လိုအပ်ပါတယ်။

ညွှန်း-The Economist .

ရေးသူ – ခင်မောင်ညို(ဘောဂဗေဒ)