ကိုရိုနာဗိုင်းရပ်စ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်း နိဂုံး

ကမ္ဘာကြီးကို အရိပ်တစ္ဆေတစ်ကောင်က ခြောက်လှန့်နေသည်။ ထိုအရိပ်တစ္ဆေမှာ ကိုရိုနာဗိုင်းရပ်စ် မဟုတ်ပါ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံး အပြန်အလှန်ဆက်နွှယ်မှီခိုမှုဖြစ်စဉ်(ဂလိုဘယ်လိုက်ဇေးရှင်း)ခေတ် နိဂုံးချုပ်သွားနိုင်သည်ဆိုသော သဘာဝတရားဖြစ်သည်။

လူ့သမိုင်းတစ်လျှောက်၌ မဟာကပ်ဘေးကြီးများသည် လူသားတို့၏ စိတ်ကူးစိတ်သန်းတို့ကို စေ့ဆော်ပေးတတ်သည်။ သို့ရာတွင် လက်ရှိကြုံတွေ့နေရသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဘေးသည် ထင်ကြေးအဆင့်ကို ရေချိန်လွန်၍ ပညာရှင်များကို ရှုမြင်သောတရားများအဖြစ် အသွင်ပြောင်းလဲပေးလိုက်သည်။ မကြာသေးမီများက ဗြိတိသျှနိုင်ငံရေး ဒဿနိကဆရာ ဂျွန်ဂရေးက ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မွန်းတည့်ချိန်ကျော်လွန်ခဲ့ပြီဟူ၍ ကြေညာခဲ့ပြီး အစိုးရအဖွဲ့များ ကျဆုံးခန်းကို နိမိတ်ဖတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူများခရီးအသွားအလာနည်းသွားမည်။ လက်ယာစွန်းဝါဒီများ လွှမ်းမိုးလာမှုကြောင့် ဥရောပသမဂ္ဂသည် သာသနာစောင့် ရောမအင်ပိုင်ယာကဲ့သို့ ဘုန်းတန်ခိုးတေဇော် ကျဆင်းလာပြီး ရုရှားနိုင်ငံ၏ ဩဇာစက်ဝန်းထဲသို့ ရောက်ရှိသွားမည်။ ကမ္ဘာ့ ခင်းကျင်းဖွဲ့စည်းမှုပုံစံမှာလည်း ပြိုကွဲသွားလိမ့်မည်ဟူ၍ ဆရာဂျွန်ဂရေးက ဟောကိန်းထုတ်ခဲ့သည်။ ယင်းအပြင် ဆရာဂျွန်ဂရေးသည် ဂလိုဘယ်လိုက်ဇေးရှင်း ဒီရေကျမှု(de-globalisation) ကို ခန့်မှန်းသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ဒီရေကျချိန် စတင်နေပြီဖြစ်ရာ ပြင်ဆင်မှုအားနည်းသည့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် အနာဂတ်ကို လက်ခံရုံမှတစ်ပါး အခြားရွေးချယ်ရန် မရှိတော့ကြောင်း၊ သို့ရာတွင် ဂလိုဘယ်လိုက်ဇေးရှင်း ဒီရေကျချိန်၌ အချို့သော အာရှနိုင်ငံများမှာ ကြီးထွားလာလိမ့်မည်ဖြစ်ကြောင်း ဂျွန်ဂရေးက ဆိုသည်။

သို့ရာတွင် သမိုင်းခေတ်သစ်တစ်ခု ပေါ်ထွက်လာမှုနှင့် ပတ်သက်သော အထက်ပါဟောကိန်းများသည် သက်သေအထောက်အထားများအပေါ် အခြေခံထားခြင်း မရှိသလို ယခင် ဖြစ်ဖူး ကြုံဖူးခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင်လည်း အခြေခံထားခြင်းမရှိပါ။ ငြင်းဆိုချက်များသည် လက်တွေ့ကျသည့် အချက်အလက်များအပေါ် အခြေခံရန် လိုအပ်သည်ဆိုသော သိပ္ပံပညာ၏ အခြေခံသဘောတရားတစ်ရပ်သည် ယနေ့ခေတ်တွင် မျက်စိမှောက်တတ်ကြသော သဘောတရားဖြစ်လာပုံရသည်။

ဂလိုဘယ်လိုက်ဇေးရှင်း၏သမိုင်း

၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားက အရင်းရှင်စီးပွားရေးစနစ်နှင့်လစ်ဘရယ်ဒီမိုကရေစီတို့၏ အကြွင်းမဲ့အောင်ပွဲနှင့်အတူ သမိုင်းနိဂုံးချုပ်ခဲ့ပြီဟူ၍ ကြေညာခဲ့သည်။သို့ရာတွင် မျက်မှောက်ကာလ၌ တွေ့ကြုံနေရသည်မှာ သမိုင်းနိဂုံးချုပ်မှုမဟုတ်ဘဲ ဂလိုဘယ်လိုက်ဇေးရှင်းဒီရေကျချိန် ကမ္ဘာကြီး၏ အရုဏ်တက်ကာလဖြစ်နေသည်။

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် စတင်ချိန်နှင့်ပတ်သက်၍ ပညာရှင်တို့၏ အထောက်အကူ အမျိုးမျိုးရှိသည်။ ကြေးနန်းတိုင်များ၊ ရထားလမ်းများနှင့် ရေနွေးငွေ့အားသုံး သင်္ဘောများက ကမ္ဘာကြီးနှင့် ကမ္ဘာ့ဈေးကွက်များအား ချိတ်ဆက်ပေးခဲ့ချိန် ၁၉ ရာစုနှောင်းပိုင်းတွင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်စတင်ကြောင်း ပညာရှင်အများအပြားက အယူရှိကြသည်။ သို့ရာတွင် အမေရိကန်လူမှုသိပ္ပံပညာရှင် အီမင်အူရယ်ဝေါလ်လာစတိန်းကမူ ဥရောပသားများ နယ်မြေချဲ့ထွင်မှုကြောင့် ကမ္ဘာပေါ်၌ တစ်နေရာမှတစ်နေရာ ချိတ်ဆက်မှုရှိလာချိန်နှင့် ဗဟိုချက်နယ်မြေ၊ အပြင်စည်းနယ်မြေတို့ဖြင့် ဖွဲ့စည်းထားသော ပထမဆုံး စီးပွားရေးစနစ် ပေါ်ထွက်လာချိန်တို့ဖြစ်သည့် ၁၆ရာစုကို ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် စတင်ချိန်အဖြစ် နေ့စွဲသတ်မှတ်ခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူများ ခရီးအသွားအလာ နည်းသွားမည်။ လက်ယာစွန်းဝါဒီများ လွှမ်းမိုးလာမှုကြောင့် ဥရောပသမဂ္ဂသည် သာသနာစောင့် ရောမအင်ပိုင်ယာကဲ့သို့ ဘုန်းတန်ခိုးတေဇော် ကျဆင်းလာပြီး ရုရှားနိုင်ငံ၏ ဩဇာစက်ဝန်းထဲသို့ ရောက်ရှိသွားမည်။ ကမ္ဘာ့ခင်းကျင်းဖွဲ့စည်းမှုပုံစံမှာလည်း ပြိုကွဲသွားလိမ့်မည်ဟူ၍ ဆရာဂျွန်ဂရေးက ဟောကိန်းထုတ်ခဲ့သည်”

၁၆ ရာစုကို စမှတ်အဖြစ် မှတ်ယူမည်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်သည် သမုဒ္ဒရာများကို စွန့်စားဖြတ်သန်းခဲ့ကြသော ဥရောပသားများ၏ အောင်မြင်မှုကို ကိုယ်စားပြုနိုင်သည်။ ၁၉ ရာစုခေတ်ကို စမှတ်အဖြစ် မှတ်ယူမည်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို ဗြိတိသျှနေမဝင်အင်ပိုင်ယာ ကျယ်ပြန့်လာမှု၏ ဘေးထွက်ပစ္စည်းအဖြစ် မှတ်ယူနိုင်ပါလိမ့်မည်။ အမေရိကန်လူမှုသိပ္ပံပညာရှင် ဂျနက်အဘူလုယော့ဂ်ကမူ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းကြောင်းများချိတ်ဆက်မှုကို ၁၃ ရာစုအတွင်းမှာပင် စတင်မြင်တွေ့နိုင်ကြောင်း ငြင်းချက်ထုတ်ထားပြီး အချို့သော ပညာရှင်များကမူ အမေရိကတိုက်ရှိ စပိန်ကိုလိုနီနယ်မြေများနှင့် အရှေ့ဖျားဒေသတို့အကြား ချိတ်ဆက်ပေးထားသော ပစိဖိတ်ရေလမ်းကြောင်းများပွင့်ချိန်ကို ဂလိုဘယ်လိုက်ဇေးရှင်း စမှတ်အဖြစ် ယူဆထားသည်။

ကပ်ဘေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်း

ကပ်ဘေးများနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်တို့အကြား ဆက်နွှယ်မှုများ ရှုပ်ထွေးလာသည်။ အကျိတ် ပလိပ်ရောဂါ၊ ကမ္ဘာစစ်ကြီးများနှင့် အမေရိကန်ပြည်ထောင်စု ပါဝင်ပတ်သက်မှုစသည့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များကိုကြည့်လျှင် ထိုအချက်ကို တွေ့နိုင်ပါသည်။ ၁၄ ရာစုခေတ်အတွင်း ဥရောပတိုက်၌ အကျိတ် ပလိပ်ရောဂါကြောင့် လူထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည်။ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ၁၄ ရာစုခေတ် ပလိပ်ရောဂါကပ်ဘေးကို ကိုယ်တွေ့ကြုံခဲ့သူများသည် ထိုကပ်ဘေးကိုပင် ထိုခေတ်ထိုအခါ၏ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ပိုးလမ်းမကြီးကို ဖြတ်သန်းလာသည့် ၁၄ ရာစုခေတ် ပလိပ်ကပ်ဘေး၏ မူလအစသည် အရှေ့ဖျားဒေသဖြစ်ကြောင်း ဆီးရီးယားနိုင်ငံအလက်ပိုမြို့အား ဖျက်ဆီးခဲ့သော ပလိပ်ကပ်ဘေးကို ကိုယ်တွေ့ကြုံခဲ့သူ အာရပ်သမိုင်းဆရာ အီဘမ်အယ်လ်ဝါဒီက ထောက်ပြခဲ့သည်။

အရှေ့ဖျားဒေသနှင့်ကုန်သွယ်ရေးအရ ချိတ်ဆက်မှုကို ပလိပ်ကပ်ဘေး၏ အကြောင်းတရားအဖြစ် ယူဆထားကြသည့်တိုင် ၁၄ ရာစု ကမ္ဘာ့ပြည်သူများသည် ထိုခေတ် ထိုကာလ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်က ဖန်တီးပေးခဲ့သော အမြိုက်အရသာကို စွန့်လွှတ်လိုစိတ် မရှိခဲ့ပေ။ ဥရောပသားတို့၏ အရှေ့အာရှဒေသအပေါ် ချင်ခြင်းတပ်မှုသည် ရှေးဦးကာလ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် အရှိန်ရလာမှု၏ အဓိကအကြောင်းတရား ဖြစ်ခဲ့ရသည်။ ထိုနည်းတူ အမေရိကတိုက်သို့ စပိန်များ စတင်ခြေချစဉ် ပါဝင်ခဲ့သူများ သယ်ဆောင်လာသည့် ရောဂါပိုးများကြောင့် ကမ္ဘာသစ်၏ဌာနေတိုင်းရင်းသားများ သေကျေပျက်စီးခဲ့ရသည်။ နောက်ဆက်တွဲအဖြစ် ဆုံးရှုံးသွားသော လူဦးရေကို အစားထိုးရန် ဆာဟာရဒေသမှ ကျေးကျွန်များ အမေရိကသို့ ရောက်ရှိလာသည်။ အမေရိကန် ငွေတွင်းများကြောင့် အာရှ၏ ကုန်ထုတ်လုပ်မှု အားကောင်းလာသည်။ အိန္ဒိယသမုဒ္ဒရာဒေသမှ ချည်ထည်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ ကုန်သွယ်မှုဈေးကွက် ပေါ်ထွက်လာသည်။

စီးပွားရေး ရှုထောင့်သက်သက်ဖြင့်သာကြည့်လျှင် ကပ်ရောဂါများ၊ ပဋိပက္ခများ၊ အကျပ်အတည်းများကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် ပြိုလဲသွားနိုင်ကြောင်း ယူဆရဖွယ်ရှိသည်။ သို့ရာတွင် စီးပွားရေးအမြင်သက်သက်ဖြင့်ကြည့်ခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ ပကတိအရှိတရားကို ထင်ဟပ်နိုင်မည်မဟုတ်ပေ။

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်များ

ပထမကမ္ဘာစစ်ကြောင့် ဥရောပနှစ်ခြမ်းကွဲမှုသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ဖြစ်သည်။ အနောက်ဘက် စစ်မျက်နှာမှ အဖြစ်အပျက်များသည် ကိုလိုနီအရှင်သခင် အင်ပိုင်ယာကြီးများ ထိပ်တိုက်တိုးနေသော အာရှနှင့် အာဖရိကတိုက်များအပေါ် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိလာသည်။ ဥရောပစစ်မျက်နှာများသို့ အာဖရိကန်စစ်သားများ ရောက်ရှိလာကြသည်။ မဟာမိတ်များ စစ်နိုင်ရေးအတွက် ဥရောပတိုက်ဆီသို့ တရုတ်အလုပ်သမား ထောင်ပေါင်းများစွာလည်း ရောက်ရှိလာကြသည်။ ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ ကမ္ဘာတစ်ခွင် စီးမျောမှုသည် ဒုတိယကမ္ဘာစစ်အတွင်း ပို၍အရှိန်ကောင်းလာသည်။ အရေအတွက်အားဖြင့် သန်းနှင့်ချီရှိသော စစ်သည်တော်များသည် ကမ္ဘာကြီး၏ နေရာသစ်များ၊ ယဉ်ကျေးမှုအသစ်များနှင့် ကြုံတွေ့လာကြရသည်။

စစ်ကြီးနှစ်ခုအကြား ကာလအတွင်း အမျိုးသားရေးဝါဒနှင့် ဖက်ဆစ်ဝါဒ အားကောင်းလာချိန်တွင် နိုင်ငံတကာကုန်သွယ်ရေးစနစ် ပြိုလဲသွားသည်။ ကမ္ဘာကြီးသည် စီးပွားရေးအရ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒဘက်သို့ ဦးလှည့်သွားသည်။ သို့ရာတွင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှာ အရှိန်မပြတ် စီးဆင်းနေဆဲသာ ဖြစ်သည်။ ထိုနည်းတူ လူမှုစီးပွားရေးစနစ် ပုံစံသစ်များနှင့် အစွန်းရောက်အမျိုးသားဝါဒတို့ကြောင့်ပင် တစ်ကမ္ဘာလုံး အတိုင်းအတာအရ လူများ ရွှေ့ပြောင်းသွားလာမှု အားကောင်းလာခဲ့ရသည်။

တစ်ချိန်တည်းမှာပင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဉ်သည် ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ(အင်န်ဂျီအို) များကို အခြေပြု၍ နိုင်ငံတကာလှုပ်ရှားမှုအဖြစ် အားကောင်းလာသည်။ ၂၀ ရာစုသည်ပင် အင်န်ဂျီအိုများ၏ ရာစုနှစ် ဖြစ်ခဲ့သည်။

စစ်အေးတိုက်ပွဲကာလ ပထဝီနိုင်ငံရေး စည်းခြားမှုနှင့်အတူ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများကြောင့်လည်းကောင်း၊ နျူကလီးယားတစ္ဆေခြောက်လှန့်မှုကြောင့်လည်းကောင်း တစ်ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် တုံ့ပြန်ဆက်နွှယ်မှု ပို၍မြင့်တက်လာရသည်။

သို့ဖြစ်ရာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကပ်ဆိုးများပေါ်ထွက်ခဲ့သည့်တိုင် တစ်ကမ္ဘာလုံး ချိတ်ဆက်ပေါင်းစပ်မှုဖြစ်စဉ်၏ အသက်ဓာတ်မှာ ရုန်းကန်နှိုးထနိုင်စွမ်း၊ ပြန်လည်ရှင်သန်နိုင်စွမ်းရှိကြောင်း အထက်သမိုင်းဖြစ်စဉ်များက သက်သေပြနေသည်။

အတိတ်အတွေ့အကြုံများကို ထောက်ရှုလျှင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ဃဥဠှီု-၁၉) ကပ်ဘေးသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ နိဂုံးမဟုတ်ပါ။ ထိုနည်းတူ ဂလိုဘယ်လိုက်ဇေးရှင်း ဒီရေကျချိန်လည်း မဟုတ်သေးပါ။ ခေတ်ကိုပြဋ္ဌာန်းသည့် သွင်ပြင်လက္ခဏာတစ်ရပ်အဖြစ် ဂလိုဘယ်လိုက်ဇေးရှင်း သို့မဟုတ် တစ်ကမ္ဘာလုံး အပြန်အလှန်ဆက်နွှယ်မှီခိုမှုဖြစ်စဉ်သည် ဆက်လက်စီးမျောနေပါဦးမည်။

စာကိုး-
Will COVID-19 end globalisation?

ရေးသူ – ဗျည်းနွဲ့