ကိုဗစ်(၁၉)ရောဂါပိုးကင်းစင်လာသူ မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန်နှင့် တွေ့ဆုံခြင်း

ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံရပြီး သေဆုံးခဲ့သည့် လူနာအမှတ်(၁၇)အား ကုသပေးခဲ့ရာမှတစ်ဆင့် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ပြည်မြို့ ပြည်သူ့ဆေးရုံမှ မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန်သည် ယခုအခါတွင် ရောဂါပိုးကင်းစင်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် Quarantine Center တွင် ဆက်လက်စောင့်ကြည့်မှု ခံယူနေသည်။ ကိုယ်တိုင် ရောဂါပိုးကူးစက်ခံခဲ့ရသော်လည်း ဖြတ်သန်းခဲ့သည့် စိတ်ခွန်အားနှင့် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်သော အကြံပြုသုံးသပ်ချက်များကို စံတော်ချိန်သတင်းစာက ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်-

မေး – ဆရာမအနေနဲ့ ဆေးရုံမှာ ဆေးကုသနေစဉ်ကာလအတွင်း ဖြတ်သန်းခဲ့စဉ်များထဲမှ အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့တဲ့ အတွေ့အကြုံများထဲက တစ်ခုကိုသိပါရစေ။

ဖြေ – အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့တဲ့ အတွေ့အကြုံများထဲမှ တစ်ခုဆိုတာက လူနာတစ်ယောက်နဲ့ တစ်ယောက်ကတော့မတူနိုင်ဘူး။ လူနာနံပါတ်(၁၇)ဟာ တစ်စတစ်စ အခြေအနေဆိုးလာပြီး အရေးပေါ်အသက်ရှူပိုက် ထည့်ဖို့အထိဖြစ်လာတယ်။ ကိုယ်ခံအားက အပြင်းအထန် အလုံးအရင်းနဲ့ Virus ကို ပြန်ခုခံတိုက်ခိုက်နေတဲ့အချိန်မို့ ခန္ဓာကိုယ်မှာ အပျက်အစီး အရမ်းများနေတဲ့အချိန် ဖြစ်သွားပြီ။ အသက်ရှူပိုက်မထည့်ရင်လည်း လူနာဟာ ဆိုးဆိုးရွားရွားခံစားပြီး အသက်ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ထည့်လို့ဝင်သွားရင်လည်းပဲ အသက်ရှင်သန်ဖို့ကတော့ အရမ်းနည်းနေတဲ့အချိန်ဖြစ်နေပြီ။ ပစ္စည်းကလည်း မပြည့်စုံ၊ လူအင်အားကလည်းနည်းနေချိန်မှာ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားကြပေမယ့် မအောင်မြင်ခဲ့ဘူး။ နောက်ထပ် ပိုးကူးစက်မှုတွေသာ ဖြစ်ခဲ့တယ်။ ကျွန်မကတော့ အရင်ဆုံး မဲပေါက်သွားပြီး သူနာပြုဆရာမနှစ်ယောက်လည်း ကူးစက်ခံရပါတယ်။ ဒါကြောင့် အဖြေမထွက်ခင်ကတည်းက ဖြစ်နိုင်ခြေရှိတာကို သိလို့ ချောင်းဆိုးရင် ရေနွေးသောက်မယ်၊ ရေများများသောက်မယ်၊ ချင်းပြုတ်ရည်သောက်မယ်၊ အောက်ဆီဂျင်ရှူမယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်မယ်၊ သီချင်းဆိုမယ် စသဖြင့် ကိုယ်သိထားတဲ့ ဗဟုသုတတွေနဲ့လုပ်မယ်လို့ စိတ်ကူးခဲ့တယ်။ သို့သော် တကယ်တမ်း ကျွန်မတို့လက်ထဲမှာ အသက်ဆုံးရှုံးသွားတဲ့လူနာလိုမျိုး အရေးပေါ်အသက်ရှူပိုက်ထည့်ရမယ်ဆိုရင်တော့ မထည့်တော့ဘူး။ တစ်နည်းအားဖြင့်ပြောရင်တော့ လက်လျှော့တဲ့သဘောတရားပါတယ်။ ကိုယ့်မျက်စိရှေ့မှာ သေဆုံးသွားတာကို တွေ့ထားတာမို့ ပြန်ကောင်းနိုင်တဲ့အခြေအနေ နည်းတယ်။ ကျွန်မလိုပဲ တခြားသူတွေဆီ ကူးသွားနိုင်တယ်။ အဲဒီတော့ ကျွန်မက မထည့်ဘူးဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ အစောပိုင်းကာလတွေက ပြောခဲ့တယ်။

ဒါပေမဲ့ ဆေးရုံကို ပိုးတွေ့လူနာအဖြစ်နဲ့ ရောက်လာတဲ့အခါမှာ ရောဂါလက္ခဏာတွေ ပြလာတယ်။ ကိုယ်တိုင် ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ချောင်းဆိုးတာ၊ နှာစေးတာတို့ ဖြစ်လာတယ်။ တကယ်လိုအပ်ရင် အသက်ရှူပိုက် မထည့်ဘူးဆိုတဲ့ကိစ္စကို ဆွေးနွေးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်းကလည်း မတူဘူး။ ကိုဗစ်ကူးစက်ခံရသူ ယောက်ျားနဲ့ မိန်းမဆိုရင် အမျိုးသားတွေက ပိုပြီးပြင်းထန်တယ်။သေဆုံးနှုန်း ပိုများတယ်။ ကိုယ်က မျှော်လင့်ချက်ပိုရှိတယ်။ အသက်အရွယ်ကြီးပေမယ့် ကျွန်မက ဆီးချို၊ သွေးတိုးတွေ မရှိဘူး။ အရင်တုန်းက လေ့ကျင့်ခန်းလည်း လုပ်တယ်။ မျှော်လင့်ချက်ရှိတဲ့အတိုင်းပဲ လိုအပ်လို့ အသက်ရှူပိုက်ထည့်ဖို့ လိုအပ်လာရင်မထည့်ရင် ကိုယ့်ရဲ့ အသက်ရှင်ခွင့်၊ ရပိုင်ခွင့်တစ်ခု ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် နင်စဉ်းစားပါလို့ မိတ်ဆွေသူငယ်ချင်းတွေကပြောတဲ့အခါမှာ အားလျော့တဲ့စိတ်တွေ နည်းသွားပြီးတော့ ကြိုးစားချင်စိတ်တွေ ပေါ်လာတယ်။ အဲဒီတော့ ဒါကိုအဆုံးစွန်တဲ့အထိ ကြိုးစားရမယ်။ လိုအပ်ရင် အသက်ရှူပိုက်ထည့်မယ်လို့ ဆုံးဖြတ်လက်ခံလိုက်တယ်။ ပထမစဉ်းစားတာက ကြောက်စိတ်နဲ့ စဉ်းစားတယ်။ ဒုတိယက ဖြစ်သင့်ဖြစ်ထိုက်တာကို မှန်မှန်ကန်ကန် စဉ်းစားတယ်။ ဒါတွေကတော့ လူတွေမှာ ဖြစ်နေကျပဲ။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ အခြေအနေလေးတွေတော့ ဖြစ်အောင် လုပ်နိုင်လာတယ်။ လုပ်သင့်လုပ်ထိုက်တာတွေ စဉ်းစားလာနိုင်တယ်။ ဒါပေမဲ့ ကျွန်မကံအားလျော်စွာ အသက်ရှူပိုက်ထည့်ရတဲ့အဆင့်အထိမရောက်ဘဲ အသက်အန္တရာယ်ဘေးက လွတ်ခဲ့တယ်။

မေး – အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါရှိသူလူနာများနဲ့ဆက်စပ်ပြီး Quarantine ဝင်ရသူ အများအပြားရှိပါတယ်။ Quarantine ဝင်ရသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုမျိုး နေထိုင်ကျင့်ကြံရမလဲဆိုတာ သိချင်ပါတယ်ဆရာမ။

ဖြေ – အခုချိန်မှာတော့ ကျွန်မက လူနာဖြစ်နေတုန်းပဲ။ ဆရာဝန်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် Quarantine နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် Quarantine တစ်မျိုးက ပိုးတွေ့ပြီးမှ ပျောက်ကင်းသွားပြီးတော့ Quarantine ဝင်ရတာနဲ့ နောက် Quarantine တစ်ခုကတော့ ပိုးမတွေ့ပေမယ့် သံသယနဲ့ Quarantine ဝင်ရတယ်။ အဲဒီနှစ်ခုစလုံးမှာတော့ သံသယရှိတဲ့သူတွေ Quarantine ဝင်ရတာ ပိုအရေးကြီးတယ်။ သံသယရှိတာကို Quarantine မနေခဲ့လို့ သူ့မှာ ပိုးတွေ့ခဲ့တယ်ဆိုရင် နောက်ထပ် ပိုးတွေ့လူနာတွေ များလာနိုင်တယ်။ အများကြီး ထိခိုက်နိုင်တဲ့အချက်ကို ကိုယ်တစ်ယောက်က တာဝန်သိတတ်ခြင်းအားဖြင့် လူတွေအများကြီးကို ချမ်းသာရာရောက်အောင် လုပ်ပေးနိုင်ခြင်းဆိုတဲ့စိတ်ကို မွေးရမှာဖြစ်ပါတယ်။ အဲဒီလိုစိတ် မွေးလိုက်တယ်ဆိုရင် အပြင်မထွက်ရဘူးတို့၊ ချစ်တဲ့သူတွေနဲ့ မတွေ့ရဘူးတို့၊ မိဘတွေနဲ့ မတွေ့ရဘူးတို့စသဖြင့် စိတ်တွေလျော့သွားမယ်။ နားလည်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခု ပျောက်သွားတဲ့သူတွေက Quarantine ဝင်ရတာမျိုး၊ ဗိုင်းရပ်စ်က နှစ်ခါ Negative ဖြစ်သည့်တိုင်အောင် နောက်ထပ် Quarantine နှစ်ပတ်နေလိုက်မယ်ဆိုရင် ပိုပြီးတော့ ကိုယ့်အတွက်ရော သူများအတွက်ပါ စိတ်ချရတယ်။ Quarantine Center မှာတင် မဟုတ်ဘူး။ အားလုံး အပြင်ထွက်လာရင်လည်း နောက်ထပ် အခြေအနေသစ်တစ်ခုမှာနေပေးရမယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြားနေရတယ်။ ဒါတွေကို Quarantine ဝင်စဉ်မှာကတည်းက လေ့ကျင့်ထားရတယ်။ တချို့တွေကလည်း Quarantine က ထွက်တာနဲ့ ပုံမှန်အတိုင်း နီးနီးကပ်ကပ်နေတာတို့၊ လူများတဲ့နေရာကိုသွားတာတို့ တွေ့ရတယ်။ Quarantine နေရသူအားလုံးက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားရမှာပါ။ ကိုယ်က အပြစ်လုပ်တာမဟုတ်ဘူး။ ကုသိုလ်လုပ်တာလို့ ယူဆလိုက်မယ်ဆိုရင် စိတ်ညစ်စရာမရှိဘူး။

မေး – မြန်မာနိုင်ငံမှာ ယခုအချိန်အထိ COVID-19 ဖြစ်ပွားသူတွေအနက် ၆၂ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြတာတွေရှိတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ရှာဖွေဖော်ထုတ်နိုင်မှု လိုအပ်ချက်၊ ပြည်သူတွေအတွက် ကျန်းမာရေးသတိ လိုအပ်ချက်များနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဆရာမ။

ဖြေ – လက္ခဏာမပြဘဲ ရောဂါဖြစ်နိုင်တယ်ဆိုတဲ့အတွက် ပိုသတိထားရမှာ ဖြစ်ပါတယ်။ သူက ပိုးရှိနေလားမသိ၊ ငါကပိုးရှိနေလားမသိ နေမယ့်အစား သူလည်းရှိနိုင်တယ်။ ငါလည်းရှိနိုင်တယ်။ သူ့ဆီကပိုးလည်း မကူးရအောင်၊ ကိုယ့်ဆီကပိုးသူများကို မကူးစက်အောင် နှာခေါင်းစည်းတပ်မယ်၊ လက်ဆေးမယ်။ လူများတဲ့နေရာကို အတတ်နိုင်ဆုံး မသွားဘဲနေရမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကတောင် ကောင်းကောင်းမသိသေးတဲ့အချိန်မှာ မဖြစ်မနေလိုက်နာရမယ့် အချက်တွေကိုကျင့်သုံးရမယ်။ နှာခေါင်းတို့ဖတ်နဲ့၊ လည်ချောင်းတို့ဖတ်လုပ်တဲ့အခါမှာ ကုန်ကျစရိတ်များတယ်။ အချိန်ကကြာတယ်။ ဒီထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ဝင်ရောက်ကြောင်း သွေးဖောက်စစ်တာနိုင်တာမျိုးကို ကြိုးစားနေကြတယ်။ သွေးဖောက်စစ်လိုက်လို့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုး ဝင်သွားဖူးပေမယ့် လက္ခဏာတွေ့ရင် ပုံမှန်မှာဘာလက္ခဏာမှ မပြသော်လည်း Quarantine ထားတာကို ဆက်လုပ်သွားလို့ရမှာ ဖြစ်တယ်။

နောက်တစ်ခါ တချို့က လက္ခဏာမပြဘဲ ကိုဗစ်ပိုးဝင်တယ်။ ပြီးတော့ ရောဂါပိုးကို တုံ့ပြန်နိုင်တဲ့ပစ္စည်း ထွက်နေတယ်ဆိုရင် ကာကွယ်ဆေးထိုးနိုင်တဲ့အချိန် ရောက်တဲ့အခါ ကာကွယ်နိုင်တဲ့သူတွေဖြစ်နေလို့ ထိုးစရာမလိုတော့ဘူး။ ကိုဗစ်ပိုး အထိုက်အလျောက်တော့ ကာကွယ်ပြီးသား ဖြစ်တယ်။ စစ်ဆေးချက်တွေကတော့ တစ်မျိုးပြီးတစ်မျိုး နိုင်ငံတွေ အကုန်လုံးကလည်း ထုတ်နေပြီ။ နှာခေါင်းတို့ဖတ်ထက် ပိုပြီး ကုန်ကျစရိတ်၊ အချိန်ကုန်လည်းသက်သာပြီး ကိုဗစ်ပိုးဝင်နိုင်တဲ့သဲလွန်စတွေ ရှာဖွေနိုင်မယ့် ဆေးစစ်ချက်တွေကို ကြိုးစားနေကြတယ်။

မေး – အဓိက ဆရာမတို့လို ရှေ့တန်းကကုသရတဲ့ ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ရောဂါပိုးမကူးစက်ဖို့အတွက် ဘယ်အရာတွေက အဓိကလိုအပ်ချက် ဖြစ်ပါသလဲ။

ဖြေ – PPE ကတော့ အရင်ထက် အများကြီး ပြည့်စုံလာပြီ။ PPE လိုမျိုး ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် လေ့ကျင့်ဖို့လိုတယ်။ အခုလည်းဖြည့်ဆည်းနေပါတယ်။ အရေးကြီးပြီး မဖြစ်မနေလိုအပ်နေတာက လူအင်အားပါ။ ကိုဗစ်မဖြစ်ခင်က ဆရာဝန်၊ ဆရာမအင်အား အရမ်းနည်းပါတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ကျွန်မတို့က မနိုင်ဝန်ကို တောက်လျှောက်ထမ်းလာရတာဖြစ်ပါတယ်။ ဒီလိုမျိုး တောင့်ခံလာရင်းနဲ့ ရှိတဲ့အင်အားက မလုံလောက်တဲ့အချိန်မှာ ချိတ်ဆက်မှုတွေ၊ ပံ့ပိုးမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် တာဝန်သိမှုတွေ၊ တာဝန်ယူမှုတွေနည်းတာ၊ ကိုယ်ချင်းမစာတာ၊ အဲဒါလေးတွေကတစ်ဆင့် ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။

ပိုးတွေ့လူနာတွေကို ကုသတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဒီလိုမျိုး နှာခေါင်းတို့ဖတ်တွေယူမယ်။ ပြီးရင် ဘယ်လိုထားမယ်။ လူနာတွေကို ဘယ်လိုခွဲခြားပြီး ထားမယ်။ တချို့နေရာတွေမှာ အသက်ရှူပိုက် ထည့်လို့ရလား၊ မရဘူးလား။ ထည့်ဖို့အတွက် လူအင်အားရှိလား၊ မရှိဘူးလား။ မရှိရင် ဘယ်ကိုပို့မလဲ။ အချိန်မီ နောက်မကျခင် ဘာတွေလုပ်မလဲ စသဖြင့် လူနည်းလေ ပိုပြီးစည်းလုံးရမယ်လို့ ယူဆပါတယ်။ စည်းလုံးညီညွတ်မှုတွေကလည်း လိုအပ်တဲ့ပစ္စည်းတွေထက် ပိုပြီးအရေးကြီးတယ်။ အောက်ခြေမြေပြင်မှာ လူအင်အား မရှိတဲ့အချိန် ရုပ်ဝတ္ထုပစ္စည်းတွေ အဆောတလျင်ချပေးပြီး လေ့ကျင့်မှုမရှိခင် ဗဟိုကညွှန်ကြားချက်အတိုင်း လုပ်ဖို့ဆိုတာ နေရာတိုင်းမှာ မလွယ်ကူနိုင်ဘူး။ အန္တရာယ်တွေ ဖြစ်နိုင်တယ်။ လူနာအပါအဝင် အားလုံးထိခိုက်နိုင်တယ်။ ပြုစုစောင့်ရှောက်ပေးရမယ့် ကျန်းမာရေးဝန်ထမ်းတွေပါ ထိခိုက်ရင် နဂိုအင်အားနည်းနေချိန်မှာ ထပ်လျော့သွားလို့ လုပ်ငန်းတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်။ မြေပြင်မှာရှိတဲ့အင်အားနဲ့ ကိုယ် ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတာ သက်ဆိုင်ရာဒေသက ကုသရေးကော်မတီဝင်တွေက ညှိနှိုင်းစဉ်းစားပြီး ဆုံးဖြတ်သင့်တယ်။ ဗဟိုကတော့ ဘာပြီးရင် ဘာလုပ်ရမလဲ ချပေးမှာပဲ။ ကိုယ့်နေရာမှာ ကိုယ့်အဖွဲ့ဟာ အန္တရာယ်ကင်းအောင် ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာကို ဆေးရုံအုပ်တွေ၊ သမားတော်တွေ၊ မေ့ဆေးဆရာဝန်တွေ၊ သူနာပြုတွေ တစ်ယောက်ကို တစ်ယောက် လေးလေးစားစား ပွင့်ပွင့်လင်းလင်းနဲ့ အခုထက်ပိုပြီး စုပေါင်းလုပ်ကြမယ်ဆိုရင်တော့ ကျွန်မတို့ အခုရှိတဲ့အင်အားနဲ့ တောင့်ခံနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

မေး – နောက်ဆုံးအနေနဲ့ ရောဂါဆိုးကြီးမှ လွတ်မြောက်လာသူ ဆရာဝန်တစ်ဦးအနေနဲ့ ပြည်သူများအတွက် ဖြည့်စွက်ပြောကြားလိုတာ ရှိပါသလား ဆရာမ။

ဖြေ – လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူသင့်တယ်။ ပြီးရင်ကိုယ်ချင်းစာသင့်တယ်။ တစ်ဖက်သားကို ပိုးကူးသွားတာရှိရင် ငါလည်း ပိုးကူးနိုင်တယ်။ တစ်ဖက်သားကို နှိမ့်ချဆက်ဆံတာလုပ်ရင် ငါ့ကိုလုပ်တာရော ကြိုက်လားလို့ အဲဒီစိတ်ကလေးတွေ လိုအပ်တယ်။ Quarantine Center ထွက်လာပြီး လုပ်ငန်းခွင်၊ မိသားစုဝင်တွေက ငါတို့အတွက် သူက Quarantine ၀င်လိုက်တာဆိုတဲ့အသိနဲ့ အပြန်အလှန် တုံ့ပြန်မယ်ဆိုရင် ခွဲခြားဆက်ဆံမှုတွေမရှိဘဲ နွေးနွေးထွေးထွေး ဖြစ်သွားမယ်။ အဲဒါမှ Quarantine ပြန်လာတဲ့သူမှာလည်း လုံခြုံစိတ်ချမှုရှိတယ်။ အဲဒီလိုရှိမှပဲ လုပ်ငန်းခွင်က လုံခြုံသွားမှာ ဖြစ်ပါတယ်။ စိတ်တွေကလုံခြုံမှ လုပ်ငန်းခွင်က လုံခြုံမှာ ဖြစ်တယ်။သက်ဆိုင်ရာ၊ ဌာနဆိုင်ရာအကြီးအကဲတွေက ကိုယ်ချင်းစာစိတ်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။ ကိုယ့်တစ်ဦးတည်းအမြင်လို့လည်း ပြောလို့ရပါတယ်။ နိုင်ငံတကာမှာတော့ Positive ကနေ Negative ဖြစ်ပြီး ပြန်ကောင်းလာသူတွေကို သူတို့ဆေးရုံတွေမှာလည်း ပြည့်စုံကြတဲ့အတွက် အနီးကပ်ပြုစုကြတယ်။ စိုးရိမ်ကြတယ်။ စောင့်ရှောက်ကြတယ်။ စစ်မြေပြင်က မသေဘဲပြန်လာတဲ့ သွေးသောက်တစ်ယောက်လိုမျိုး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ တကယ်တော့ ကျန်ခဲ့တဲ့ဝန်ထမ်းတွေဟာ အင်အားနည်းနည်းနဲ့ တာဝန်တွေ ပိုထမ်းဆောင်ကြရတဲ့အတွက် ပိုပြီး ပင်ပန်းကြပါတယ်။ ဒါပေမဲ့ ရောဂါနဲ့ ထိပ်တိုက်တွေ့ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိစီးခံစားမှုတွေက ပိုပြီး ထိခိုက်နာကျင်ရတာမို့ တကယ်ကိုယ်ချင်းစာနိုင်ကြပြီး လုပ်ဖော်ကိုင်ဖက်စိတ်နဲ့ ပြန်လည်ကြိုဆိုနိုင်မှ ပုံမှန်လုပ်ငန်းခွင်ဟာ စည်းရိုးကာလိုက်သလို လုံခြုံမှုနဲ့ ပြန်လည်ရှင်သန်နိုင်မယ်လို့ ယူဆပါတယ်။

စံတော်ချိန်သတင်းအဖွဲ့-မေးမြန်းသည်

ဓာတ်ပုံ-Myint myint sein(fb)