မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှစ်လတာအတွင်း ထူးခြားလူနာများ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ စတင်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မတ် ၂၃ ရက်မှာ စတင်အတည်ပြုကြေညာခဲ့ပြီး ကူးစက်မှုကာလမှာ ဒီနေ့ (မေ ၂၃ ရက်)မှာ နှစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာလည်း စုစုပေါင်း ၂၀၁ ဦးအထိရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါဖြစ်ပွားသူ ၁၅၀ ဦးအထိရှိပါတယ်။ မေ ၂၂ ရက်၊ ည ၈ နာရီထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆ ဦး၊ ရောဂါပြန်လည်သက်သာလာသူ ၁၁၇ ဦး၊ စောင့်ကြည့်လူနာစုစုပေါင်း ၄၅၆၃ ဦးရှိပြီဖြစ်ပါတယ်။

နှစ်လတာကာလအတွင်းလူနာတွေထဲမှာ ဓာတ်ခွဲစစ်ဆေးရာ ၅ ကြိမ်ဆက်တိုက် Positive ပြခဲ့သူ၊ Negative ပြပြီးမှ Positive ပြသူ၊ ရက်ပေါင်း ၂၀ ကျော်ကြာမှ ရောဂါလက္ခဏာပြသူ၊ ခရစ်ယာန်ဘာသာရေးဆုတောင်းပွဲ အခမ်းအနားတစ်ခုမှ လူအစုလိုက် ကူးစက်ခံရမှုတွေ၊ရောဂါဖြစ်ပွားသူများထဲမှာ နာမည်ကြီးဂီတအနုပညာရှင်အဆိုတော်အချို့ ရောဂါကူးစက်ခံရမှုတွေ၊ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့လူနာကို ကုသပေးရင်း ရောဂါကူးစက်ခံခဲ့ရတဲ့ မေ့ဆေးဆရာဝန်ကြီးနဲ့ အသက်အငယ်ဆုံးလူနာ၊ ခရီးသွားရာဇ၀င် မရှိ၊ ပိုးတွေ့လူနာနဲ့လည်း ထိ တွေ့မှုမရှိဘဲ ပြည်တွင်းကူးစက်ခံရသူတွေ စတဲ့ထူးခြား လူနာအမှတ်စဉ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

လူနာအမှတ် – ၁

လူနာအမှတ် ၁ ကတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကိုဗစ်-၁၉ လူနာအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ သူကတော့ အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက်၃၆နှစ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး မတ်လ ၁၃ ရက်က လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရှိခဲ့ပြီး မတ်၂၃ ရက်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူဟာချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး တစ်လအကြာ ဧပြီ ၂၃ ရက်မှ (ခြောက်ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးအပြီး) Negative ရလဒ်ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ဧပြီ ၂၉ ရက် သတ္တမအကြိမ်မြောက် စစ်ဆေးမှုမှာတော့ Negative ထပ်မံထွက်ပေါ်ခဲ့ပြီး ရောဂါပျောက်ကင်းခဲ့ပါတယ်။ လူနာအမှတ် ၁ ကနေတစ်ဆင့် ကူးစက်ခဲ့သူက ၁၀ ဦးအထိရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ လေ့လာတွေ့ရှိရပါတယ်။

လူနာအမှတ် – ၎

လူနာအမှတ် ၄ ဟာ အသက် ၃၃ နှစ်အရွယ် အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာလူမျိုးဖြစ်ပါတယ်။ သူဟာ အမေရိကန်မှ ရန်ကုန်မြို့ကို မတ်လ ၁၉ ရက်က ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်မှာ တစ်ညတည်းခိုခဲ့ပါတယ်။ ၂၀ ရက် ညပိုင်းမှာတော့ သူနေထိုင်ရာ မန္တလေးမြို့ကို အဝေးပြေးမှန်လုံယာဉ်နဲ့ သွားရောက်ခဲ့ပြီး ကားဂိတ်မှ နေအိမ်ကို မီနီအိုးဝေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ သူဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများအွန်လိုင်းဆွေးနွေးမှုမှာ ပါဝင်ဆွေးနွေး ခွင့်ရခဲ့သူတစ်ဦးဖြစ်ပါတယ်။

အဲဒီဆွေးနွေးမှုမှာ မန္တလေးမြို့က ကန်တော်နဒီဆေးရုံမှာ Quarantine ထားရှိမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့အတွက် လူနာအမှတ် ၄ ကို လူမှုကွန်ရက်မှာ ပြန်လည်ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

လူနာအမှတ် – ၁၅

လူနာအမှတ် ၁၅ မှာ ပုဂ္ဂလိကဆေးခန်းတစ်ခုက နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အသက် ၄၅ နှစ်အရွယ်ရှိ သူနာပြုတစ်ဦးဖြစ်ပါတယ်။ ကွယ်လွန်သူ လူနာအမှတ် ၁၇ ရဲ့အမျိုးသမီးဖြစ်ပြီး လူနာအမှတ် ၁၈၊ ၁၉၊ ၂၀ မှာလည်း မိသားစုဝင်များ ဖြစ်ကြောင်း လူမှုကွန်ရက်မီဒီယာတွေမှာ ရေးသားဖော်ပြမှုတွေရှိလာခဲ့ပါတယ်။ တစ်မိသားစုလုံး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသလို အမျိုးသားဖြစ်သူ လူနာအမှတ် ၁၇ မှာလည်း ကွယ်လွန်သွားခဲ့တဲ့အတွက် အများပြည်သူရဲ့ ကရုဏာသက်မှုဖြင့် အာရုံစိုက်ခြင်းခံခဲ့ရတဲ့ လူနာ အမှတ်စဉ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဧပြီ ၁၉ ရက်မှာ လူနာအမှတ် ၁၅ ကို ဓာတ်ခွဲ အဖြေစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် Negative ထွက်ပေါ်ခဲ့တဲ့အတွက် ဝေဘာဂီ အထူးကုဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီပဲဖြစ်ပါတယ်။

လူနာအမှတ် – ၂၃

လူနာအမှတ် ၂၃ ကတော့ အသက် ၅၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး ဖြစ်ပြီး လူနာအမှတ် ၁ ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ လူနာအမှတ် ၁ ကို ကိုဗစ်-၁၉ လူနာအဖြစ် ဓာတ်ခွဲအတည်ပြုပြီးနောက် မိခင်ဖြစ်သူကို သီးခြားအိမ်တစ်ခုမှာ သီးသန့်ထားရှိပြီး အသွားအလာကန့် သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၁၄ ရက်အကြာ ဧပြီ ၉ ရက်မှာ ဓာတ်ခွဲစစ်ဆေးရာမှာတော့ Positive ထွက်ခဲ့ပါတယ်။ ထူးခြားတာကတော့ ၁၄ရက်ကြာပြီးတဲ့အထိ သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့် လူနာအမှတ်စဉ်၂၃ရဲ့ ကုသမှုမှတ်တမ်းအရ Quarantine ကာလ ၁၄ရက်နဲ့မလုံလောက်ဘူးဆိုတာကို ထင်ရှားစေခဲ့တာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Quarantine ကာလ ၂၁ ရက်ထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

လူနာအမှတ် – ၃၀

လူနာအမှတ် ၃၀ ကတော့ ကိုဗစ်-၁၉ ရောဂါ လူနာအမှတ် ၁၇ (ကွယ်လွန်)ရဲ့အသက်ကို ကယ်ဖို့ကြိုးစားရင်း ရောဂါဖြစ်ပွားခဲ့တဲ့ အသက် ၅၈ နှစ်အရွယ်ရှိ ပြည်မြို့ဆေးရုံမှမေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဖြစ်ပါတယ်။ အဆိုပါမေ့ဆေးဆရာဝန်ကြီး လူနာအမှတ် ၃၀ ဟာ ပြည်ဆေးရုံမှ လူနာအမှတ် ၁၇ ရဲ့ အသက်ရှူလမ်းကြောင်းထဲကို Ventilator အသက်ရှူပိုက်ထည့်ဖို့ ကြိုးစားခဲ့ပေမယ့် အသက်ရှူလမ်းကြောင်းကြည့်ကိရိယာ (Video Laryngoscope) မရှိတာကြောင့် မျက်လုံးအကာအကွယ်ချွတ်ခဲ့ရာမှ ရောဂါပိုးကူးစက်ခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

သူဟာ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဖြစ်ပြီး နောက်ထပ်ထူးခြားတာက သူရဲ့ဒုတိယအကြိမ် ဓာတ်ခွဲအဖြေဟာ Negative ထွက်ခဲ့ပေမယ့် တတိယအကြိမ် ဓာတ်ခွဲအဖြေက Positive ပြန်ဖြစ်ခဲ့တာပါ။ မေလ ၁၁ ရက်မှာတော့ နှစ်ကြိမ် ဆက်တိုက် Negative ရလဒ်ထွက်ပေါ်ပြီး ဝေဘာဂီ ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပါတယ်။

လူနာအမှတ် – ၄၆

လူနာအမှတ် ၄၆ မှာ ခရစ်ယာန်ဘာသာရေးဆုတောင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အသက် ၄၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော်မျိုးကြီးဖြစ်ပါတယ်။ ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်မျိုးကြီးဟာ ဂီတအနုပညာရှင်များထဲမှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတစ်ဦးဖြစ်တာကြောင့် အများပြည်သူရဲ့စိတ်ဝင်စားမှုအရှိဆုံးဖြစ်ခဲ့ပါတယ်။

မေလ ၇ ရက် ထုတ်ပြန်ချက်အရ အဆိုတော်မျိုးကြီးဟာ ဓာတ်ခွဲအဖြေ နှစ်ကြိမ်ဆက် Negativeထွက်ခဲ့ပြီး ရောဂါပျောက်ကင်းသွားခဲ့ပြီဖြစ်ပါတယ်။

လူနာအမှတ်၄၂ ကတော့ အဆိုတော်မျိုးကြီးရဲ့ဇနီးဖြစ်ပြီး တရားဟောဆရာ စောဒေးဗစ်လားရဲ့ ဘာသာရေးဆုတောင်းပွဲကို အဆိုတော်မျိုးကြီးနဲ့အတူ တက်ရောက်ခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

လူနာအမှတ် – ၅၀

လူနာအမှတ် ၅၀ ကတော့ လူအစုအလိုက် ရောဂါကူးစက်မှုကိုဖြစ်စေခဲ့တဲ့ ဘာသာရေးအခမ်းအနားကို ဦးဆောင်သူ အသက် ၄၁ နှစ်အရွယ် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားဖြစ်ပါတယ်။ အဲဒီဘာသာရေး အခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိလူနာတစ်ဦးဖြစ်တဲ့ လူနာအမှတ် ၂၄ (စင်ကာပူမှပြန်လာသူ) တက်ရောက်ခဲ့တဲ့အတွက် သူကနေတစ်ဆင့် လူနာအမှတ် ၅၀ အပါအ၀င် အခြား လူပေါင်းများစွာကို အဆင့်ဆင့် ကူးစက်ခဲ့ပါတယ်။

ဒါကြောင့်လည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းညွှန်ကြားချက်များ လိုက်နာရန် ပျက်ကွက်တဲ့ဘာသာရေးအခမ်းအနား ဦးဆောင်ကျင်းပသူ လူနာအမှတ်၅၀ အပါအ၀င် လေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။ လူနာအမှတ်၅၀ဟာ ဧပြီ၂၉ရက် ဓာတ်ခွဲအဖြေအရ နှစ်ကြိမ်ဆက် Negative ထွက်ခဲ့ပြီး မေ၁ရက်မှာတော့ ဆေးရုံကဆင်းခွင့်ရခဲ့ပါတယ်။ ဝေဘာဂီဆေးရုံကဆင်းပြီး ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ City Hotel Yangon မှာ Quarantine ဝင်ပြီးနောက် မေ ၂၀ ရက်မှာတော့ မရမ်းကုန်းမြို့နယ်တရားရုံးက ချုပ်ရမန်ဖြင့် အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ပါတယ်။

လူနာအမှတ် – ၈၄

လူနာအမှတ် ၈၄ ကတော့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားဦးဆောင်ကျင်းပတဲ့ ဘာသာရေးဆုတောင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အဆိုတော်နီတာဖြစ်ပါတယ်။ အဆိုတော်နီတာဟာ ဘာသာရေးအခမ်းအနားတက်ရောက်သူအချို့ ရောဂါဖြစ်ပွားကြောင်းသိသိချင်း ကွာရန်တင်းဝင်ခဲ့ပြီး ကျန်းမာရေးဆေးစစ်မှုခံယူခဲ့သူဖြစ်ပါတယ်။ သူဟာလည်း မေလ၇ရက်ထုတ်ပြန်ချက်အရ ဓာတ်ခွဲအဖြေနှစ်ကြိမ်ဆက် Negative ထွက်ပေါ်ခဲ့ပါတယ်။

လူနာအမှတ် – ၉၅

လူနာအမှတ် ၉၅ ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုဗစ်-၁၉ လူနာတွေထဲမှာ အသက်အငယ်ဆုံးလူနာဖြစ်ပြီး သူ့ရဲ့အသက်က ၁ နှစ်နဲ့ ၆ လ အရွယ်သာရှိပါသေးတယ်။ သူရဲ့အဘိုးဖြစ်သူဟာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည် ပြုချက်မထွက်ပေါ်ခင်မှာတင် ကွယ်လွန်ခဲ့ပြီး သူ့ရဲ့မိဘ နှစ်ပါးမှာ လူနာအမှတ် ၆၇ နဲ့ ၆၈ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ ပန်းဘဲတန်းမြို့နယ်မှာနေထိုင်ကြတာဖြစ်ပြီး အတည်ပြုလူနာ ၃၉ ကကူးစက်တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူနာအမှတ် – ၁၄၄

လူနာအမှတ် ၁၄၄ ကတော့ အသက် ၂၄ နှစ်အရွယ်အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ သူကတော့ လှိုင်သာယာ၊ ချန်းရီ ဖိနပ်ချုပ်စက်ရုံက စကားပြန်တစ်ဦးဖြစ်ပြီး မိုးညှင်းမြို့နယ်မှာ နေထိုင်သူ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်ခံခဲ့ရလဲဆိုတာ မသိရပေမယ့် သူအလုပ်လုပ်တဲ့ ဖိနပ်ချုပ်စက်ရုံမှာ အလုပ်သမား ၉ ထောင်ကျော် ရှိတာကြောင့်Outbreak ဖြစ်ပွားမှာကို အများပြည်သူအနေနဲ့စိုးရိမ်ခဲ့ကြပါတယ်။

သူ့ရဲ့ ဓာတ်ခွဲစစ်ဆေးမှု Positive ထွက်ကြောင်း သိရတဲ့အချိန်ကစပြီး ချန်းရီဖိနပ်ချုပ်စက်ရုံကို ယာယီပိတ်သိမ်းပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကျန်းမာရေးစစ်ဆေးမှုတွေ အချိန်မီပြုလုပ်နိုင်ခဲ့ပါတယ်။ လူနာအမှတ် ၁၄၄ ဟာ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက် Negative ထွက်ခဲ့ပါတယ်။

လူနာအမှတ် – ၁၅၁

လူနာအမှတ် ၁၅၁ ဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူဟာပုဂ္ဂလိကစာသင်ကျောင်းတစ်ခုက ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ်ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ၂လမ်းမှာ အိမ်ငှားနေထိုင်သူဖြစ်ပါတယ်။

အတည်ပြုလူနာများနဲ့ထိတွေ့မှုရာဇ၀င်မရှိသလို ခရီးသွားရာဇ၀င်လည်းမရှိဘဲ ပြည်တွင်းကူးစက်မှုဖြစ်တာကြောင့် အများပြည်သူအနေနဲ့ ပြည်တွင်းကူးစက်မှုကို သတိထားဖို့ လူမှုကွန်ရက်မှာ ထောက်ပြပြောဆိုမှုတွေရှိခဲ့ပါတယ်။

အဆိုပါလူနာအမှတ် ၁၅၁ ဟာ အနံ့ခံမရခြင်း အနံ့ပျောက်ခြင်း လက္ခဏာများပြနေတဲ့အတွက် အင်းစိန်မြို့နယ်မှာရှိတဲ့ Fever Clinic ဆေးခန်းကို သွားရောက်ပြသရာမှ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ကိုဗစ်-၁၉ဖြစ်ပွားသူအဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။

လူနာအမှတ် – ၁၅၂၊ ၁၅၃၊ ၁၅၄

လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ များဖြစ်ကြတဲ့ သူတို့ ၃ ဦးဟာ အင်းစိန် ရွာမအရှေ့ရပ်ကွက်၊ ကွယ်ကဘောပုဂ္ဂလိကဆေးရုံမှသူနာပြုတွေဖြစ်ပါတယ်။ သူတို့ဟာ လူနာအမှတ်စဉ် ၁၅၁ နဲ့အတူ အိမ်ငှားနေကြသူတွေ ဖြစ်ပါတယ်။ သူတို့ ၃ ဦးလုံးဟာ အဆောင်နေသူတွေဖြစ်တာကြောင့် အတူနေသူ ၁၄ ဦးမှာလည်း ဓာတ်ခွဲစစ်ဆေးမှု Positive အဖြေများ ထွက်ခဲ့ပါတယ်။

ဒါ့အပြင် သူတို့တွေဟာ ကွယ်ကဘောဆေးရုံအကူသူနာပြုတွေဖြစ်တာကြောင့် ကွယ်ကဘောဆေးရုံမှာလည်း ကိုဗစ်-၁၉ ရောဂါ Outbreak ဖြစ်နိုင်ကြောင်းသံသယရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကွယ်ကဘောဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေအားလုံး Negative အဖြေသာထွက်ခဲ့ပါတယ်။

လူနာအမှတ် – ၁၇၉

လူနာအမှတ် ၁၇၉ ကတော့ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သတင်းဌာနတစ်ခုမှာ အလုပ်သင်သတင်းထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှု အများဆုံးဖြစ်နေတဲ့ အင်းစိန်မြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ သူဟာ လူနာအမှတ် ၁၆၂ နှင့် ၁၇၇ တို့ရဲ့ မိသားစုဝင်ဖြစ်ပါတယ်။ လူနာအမှတ် ၁၇၉ ဟာ သတင်းထောက်ဖြစ်တာကြောင့် သတင်းသမားအချင်းချင်းကြား ကူးစက်မှုတွေရှိနေနိုင်တယ်ဆိုပြီး အများပြည်သူကြား စိတ်ဝင်စားမှုရှိခဲ့တဲ့ လူနာအမှတ်စဉ်တစ်ဦးလည်း ဖြစ်ပါတယ်။

လူနာအမှတ် – ၁၈၂

လူနာအမှတ် ၁၈၂ ကတော့ အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ မေလ ၁၁ ရက်က မလေးရှား အစိုးရရဲ့ အထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ ပြန်ပို့ရေးအစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ မလေးရှားနိုင်ငံမှာ နှစ်ရှည်နေခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံကို မပြန်လာခင် မလေးရှားထိန်းသိမ်းရေးစခန်းမှာ၂ လခန့်နေထိုင်ခဲ့ရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သတင်းတွေကရေးသားထားပါတယ်။

သူနဲ့အတူ မလေးရှားမှ လေယာဉ်အတူစီးခဲ့သူ ၁၂၀ ဦးရှိပြီး ရန်ကုန်မှ သူနေထိုင်ရာချင်းပြည်နယ်ကိုအပြန် လမ်းတစ်လျှောက်ထိတွေ့ခဲ့သူတွေများပြားတာကြောင့် လူနာအမှတ် ၁၈၂ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ လူပြောများနေခဲ့ပါတယ်။

ကွယ်လွန်ခဲ့သည့် လူနာအမှတ်စဉ်များ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့တဲ့နှစ်လအတွင်း သေဆုံးသူ ၆ ဦးရှိခဲ့ပါတယ်။ လူနာအမှတ် ၅ အသက် (၆၉) နှစ်၊ လူနာအမှတ် ၁၆ အသက် (၆၃) နှစ်၊ လူနာအမှတ် ၁၇ အသက် (၄၇) နှစ်၊ လူနာအမှတ် ၃၉ အသက် (၈၅) နှစ်၊ လူနာအမှတ် ၈၆ အသက် (၇၈) နှစ်၊ လူနာ အမှတ် ၁၁၀ အသက် (၆၃) နှစ်တို့ပဲဖြစ်ပါတယ်။

လူနာအမှတ် ၅ ကတော့ ကင်ဆာရောဂါအခံရှိသူဖြစ်ပြီး ကျန် ၅ ဦးမှာ ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူများဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါတွေကြောင့် ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းစုစည်းမှု – စွမ်းရည်တိုး/ စံတော်ချိန်