မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု (၂) လပြည့် သတင်းဒိုင်ယာရီ

ကမ္ဘာ့ကပ်ရောဂါလို့သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ကူးစက်ပျံ့နှံ့လာတာ မေလ ၂၃ ရက်မှာ နှစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။ သည်နှစ်လအတွင်း ဖြစ်ပေါ်လာတဲ့ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုအင်တာဗျူးတွေဟာ နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ခုခံတွန်းလှန်ရာမှာ ချန်လှပ်ထားခဲ့လို့မရတဲ့ သမိုင်းမှတ်တမ်းတွေအဖြစ် ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မြန်မာနိုင်ငံကို ကူးစက်ပျံ့နှံ့လာတဲ့ နှစ်လအတွင်း ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ သတင်းမှတ်တမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဧပြီ ၂၃ ရက် – လူနာအမှတ် ၁၂၄ မှ ၁၃၂ အထိ ထပ်တိုး၊ ကုန်သွယ်ရေကြောင်းကောလိပ်ကို Quarantine Center အဖြစ် အသုံးပြုမည်၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်သည့် ထုတ်ပြန်ညွှန်ကြားချက်များ မေလ ၁၅ ရက်ထိ သက်တမ်းတိုး၊ ကိုဗစ်-၁၉ ကြောင့် ၂၁-ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးရွှေ့ဆိုင်း

ဧပြီ ၂၄ ရက် – လူနာအမှတ် ၁၃၃ မှ ၁၄၄ အထိ ထပ်တိုး၊ ကျန်းမာရေးအသိပေးမှုများကို Drone Speaker များဖြင့် နှိုးဆော်ရန်စီစဉ်နေဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အားဖြည့်ရန် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာဆေးအဖွဲ့ ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် ရန်ကုန်တိုင်း၌ ညမထွက်ရအမိန့် နှစ်လထပ်တိုး၊ မြန်မာတိုင်းမ်နှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်အများအပြား အလုပ်ရပ်နားခံရ

ဧပြီ ၂၅ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၂၇ နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ မင်္ဂလာဒုံ၊ တာမွေနှင့် ဗိုလ်တထောင်မြို့နယ်များကို Stay at Home အမိန့်ထုတ်ပြန်၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၌ ကိုဗစ်-၁၉ စောင့်ကြည့်လူနာ (၇) ဦး တစ်နေ့တည်း သေဆုံး၊ ကလေးမြို့နယ်၌ အိမ်ထဲမှာသာနေထိုင်ရန်နှင့် နှာခေါင်းစည်းမတပ်ဘဲ အပြင်မထွက်ရန် ညွှန်ကြားချက်ထုတ်ပြန်

ဧပြီ ၂၆ ရက် – လူနာအမှတ် ၁၄၅၊ ၁၄၆ ထပ်တိုး၊ လားရှိုးမြို့၌ ညမထွက်ရအမိန့် ချိုးဖောက်သူ လေးဦးနှင့် မြိတ်မြို့၌ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၂၀ ဦးကို အရေးယူ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှ အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်မည်ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဝင်းပြော

ဧပြီ ၂၇ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၆၊ ၁၉၊ ၂၀၊ ၂၄၊ ၂၅၊ ၂၉ တို့ရောဂါပျောက်ကင်း၊ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး မေလ ၁၈ ရက်တွင် ကျင်းပမည်ဟု ကြေညာ၊ ချေးငွေနောက်ဆုံးအချိန်သတ်မှတ်ခြင်း ဗဟိုဘဏ်က သုံးနှစ်အထိတိုးမြှင့်၊ ဒီမောဆိုးမြို့နယ်တွင် ညမထွက်ရအမိန့်အပေါ် လိုက်နာရန်ပျက်ကွက်သူအား ထောင်ဒဏ်တစ်လချမှတ်၊ တောင်ဥက္ကလာပမြို့နယ်၌ ဖျားနာကု ဆေးခန်းဖွင့်လှစ်

ဧပြီ ၂၈ ရက် – လူနာအမှတ် ၁၄၇၊ ၁၄၈၊ ၁၄၉ ထပ်တိုး၊ ဟားခါးမြို့၌ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သူ (၂၂) ဦးအရေးယူခံရ၊ ကန်တော်နဒီဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းနှင့် အခြားထောက်ပံ့မှုများ လုံလောက်မှုမရှိဟု လူနာ အမှတ်(၄)သုံးသပ်၊ Volunteer များအနေဖြင့် ကိုယ်ကျိုးစွန့်ပြီးဆောင်ရွက်ပေးကြရန် ဆရာတော်ရဝေနွယ် (အင်းမ) မိန့်ကြား၊ ဆရာဝန်များအနေဖြင့် နိုင်ငံအတွက် ပြန်လည်ပံ့ပိုးပေးစေချင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

ဧပြီ ၂၉ ရက် – လူနာအမှတ် ၁၅၀ ထပ်တိုး၊ လူနာအမှတ် ၁၁၀ ကွယ်လွန်၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆ ဦး ရှိလာ၊ လူနာအမှတ် ၁၊ ၂၊ ၈၊ ၃၂၊ ၃၃၊ ၃၈၊ ၄၁၊ ၄၇၊ ၅၀၊ ၅၄၊ ၅၈ တို့ နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ စစ်ကိုင်းတိုင်းအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၂၄ ဦးကို အရေးယူ၊ နှစ်လအတွင်း သုံးကြိမ်မြောက်အဖြစ် ဗဟိုဘဏ်က အတိုးနှုန်းထပ်မံလျှော့ချ၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့၌ ဒေသန္တရအမိန့်ချိုးဖောက်မှုဖြင့် မှုခင်းသတင်းထောက်သုံးဦးအပါအ၀င် ၇ ဦးကို ထောင်ဒဏ်ချမှတ်၊ စက်ရုံအလုပ်သမားများ လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်းရရှိမည်ဟုထုတ်ပြန်ကြေညာ

ဧပြီ ၃၀ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၂၂ နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ ရုရှား၌သင်တန်း တက်ရောက်နေသည့် တပ်မတော်သင်တန်းသားအရာရှိ သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ နေပြည်တော်သို့ လာရောက်သူများ သက်ဆိုင်ရာမှ ထောက်ခံစာမပါရှိလျှင် ကျန်းမာရေးစစ်ဆေးပြီး ရောဂါလက္ခဏာမရှိမှသာ ၀င်ခွင့်ပြုမည်ဟု ထုတ်ပြန်၊ ကိုဗစ်-၁၉ အတည်ပြုလူနာများကို နိုင်ငံတော်ကသာ တာဝန်ယူမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော၊ ကျောက်တံတားမြို့နယ်မှ လော့ဒေါင်းချမှတ်ထားသည့်နေရာများကို ဖြေလျော့ပေး၊ ရွှေတိဂုံစေတီတော်၌ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မကျင်းပဖြစ်

မေ ၁ ရက် – လူနာအမှတ် ၁၅၁ ထပ်တိုး၊ လူနာအမှတ် ၁၄၊ ၁၈၊ ၉၀ တို့နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ ခရစ်ယာန်တရားဟောဆရာစောဒေးဗစ်လား ဝေဘာဂီဆေးရုံမှဆင်းခွင့်ရ၊ ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသား ၉၆ ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်၊ တရုတ်စာများဖြင့် ဖော်ပြထားသည့် နှာခေါင်းစည်းများကို အသုံးမပြုရန် FDA အသိပေး၊ မူကြိုများအားလုံး မေ ၁၅ ရက်အထိ ဆက်လက်ပိတ်ထားရန်ညွှန်ကြား၊ မန္တလေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်သော လုပ်ငန်းများ ဖွင့်လှစ်ခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထုတ်ပြန်၊ ကိုဗစ်-၁၉ အတွက် ဆေးဝါးကူညီထောက်ပံ့မှုပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ ဆွေးနွေးခဲ့၊ ကိုဗစ်-၁၉ ဘက်ဂျက်အတွက် ၀န်ကြီးဌာန တစ်ခုချင်းမှ သိန်း ၂၀၀၀ ပြန်သွင်းခိုင်းထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးပြော

မေ ၂ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၅၃၊ ၇၀၊ ၇၁၊ ၇၃၊ ၇၅၊ ၈၅ တို့နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ လူမှုဖူလုံရေး အာမခံလုပ်သားများ အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တစ်နှစ်အထိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးစရိတ်များ တိုးမြှင့်ခံစားနိုင်ရန်စီမံထား၊ သံဃာတော် နှစ်ပါးအပါအ၀င် မြန်မာနိုင်ငံသား ၁၉၅ ဦးကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဌေးကြွယ် အသည်းကင်ဆာဖြင့်ကွယ်လွန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် ဗိုလ်ချုပ်အဆင့်နှင့် အထက်တို့ လစာငွေ၏ ၂၅ ရာခိုင်နှုန်းအား ၆ လဆက်တိုက်လှူဒါန်းမည်ဟုဆို

မေ ၃ ရက် – လူနာအမှတ် ၁၅၂ မှ ၁၅၅ အထိထပ်တိုး၊ လူနာအမှတ် ၁၃၊ ၃၇၊ ၉၄၊ ၇၆၊ ၈၀၊ ၁၁၁ တို့ နှစ်ကြိမ် ဆက်တိုက် Negative ပြ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အချို့ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော၊ ၅၈ ရာခိုင်နှုန်းသော ရောဂါပိုးတွေ့ရှိသူများသည် ရောဂါလက္ခဏာ ပြသမှု မရှိသူများဖြစ်သည်ကို ဂရုပြုရန်လို၊ မကွေးမြို့ဆေးရုံကြီးမှ လူနာအမှတ် ၅၃ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်း

မေ ၄ ရက် – လူနာအမှတ် ၁၅၆ မှ ၁၆၁ အထိထပ်တိုး၊ လူနာအမှတ် ၅၁၊ ၉၉၊ ၁၀၃၊ ၁၀၄၊ ၁၀၅၊ ၁၀၉ တို့နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ အိန္ဒိယနိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ပြန်လာလိုသူများကို ချင်းပြည်နယ် အစိုးရအဖွဲ့မှ လက်ခံပေးမည်၊ အသက် ၆၀ နှစ်အထက် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများကို ဧရာဝတီဖောင်ဒေးရှင်းမှ ဆန်နှင့်ထောက်ပံ့ငွေများလှူဒါန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ တပ်မတော်သားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၊ စေတနာ့ဝန်ထမ်းများ၏ ပါဝင်ကူညီမှု ပိုမိုထိရောက်စေရန် အစိုးရက ပူးပေါင်းပံ့ပိုးမည်ဟုဆို၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့် ဘဏ်လုပ်ငန်းများအပါအ၀င် လုပ်ငန်း ၂၁ ခုကို ဆက်လက်ဖွင့်လှစ်ရန် ထုတ်ပြန်ကြေညာ

မေ ၅ ရက် – ထပ်တိုးလူနာမရှိ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကိုဗစ်ရန်ပုံငွေထူထောင်၊ ညွှန်ကြားချက်နှင့် ကိုက်ညီသော ကိုယ်တိုင်ချုပ် နှာခေါင်းစည်းများကို တပ်ခြင်းက နိုင်ငံအတွက်သင့်တော်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော၊ နေရပ်ပြန်လိုသည့် မြန်မာလုပ်သား သုံးသောင်းခန့် ထိုင်းနိုင်ငံတွင် ပိတ်မိနေ၊ ကိုဗစ်-၁၉ အတည်ပြုလူနာ တပ်မတော်သားနှင့် ထိတွေ့ခဲ့သူ ၃၆၃ ဦးတွင် ရောဂါပိုးမတွေ့

မေ ၆ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၉၆ နှစ်ကြိမ်ဆက် Negative ပြ၊ ရန်ကုန်မြို့သည် ကိုဗစ်-၁၉ ရောဂါ အများဆုံးဖြစ်သည့်အတွက် စည်းကမ်းများကို အထူးဂရုစိုက်ရန်လိုဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်ကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့) ထပ်မံပေးမည်၊ အင်းစိန်တွင် မော်တော်ယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးမှု စတင်

မေ ၇ ရက် – လူနာအမှတ် ၁၆၂ မှ ၁၇၆ ထိထပ်တိုး၊ လူနာအမှတ် ၂၆၊ ၄၆၊ ၆၂၊ ၆၃၊ ၆၆၊ ၆၉၊ ၇၂၊ ၇၉၊ ၈၄၊ ၁၁၈၊ ၁၂၀၊ ၁၃၂ တို့ နှစ်ကြိမ်ဆက် Negative ပြ၊ ပဲခူးစက်ရုံ၌ အလုပ်သမားများ လူစုလူဝေး ဖြစ်ပေါ်အောင် လူမှုကွန်ရက်မှ လှုံ့ဆော်သူ သုံးဦးကို ၆၆(ဃ)ဖြင့် အမှုဖွင့်၊ အလိုအလျောက် လက်ဆေးစက် တပ်မတော်က စမ်းသပ်အသုံးပြု၊ ရွှေပါရမီ ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ စစ်ဆေးရန် စက်သစ်နှစ်လုံးတွဲနှင့် ဆက်စပ်ပစ္စည်းများ (ရန်ကုန်)အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ လှူဒါန်း၊ စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၄၄ ဦး အား ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်၊ အဆိုတော်မျိုးကြီးနှင့် အဆိုတော်နီတာ နှစ်ဦးစလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကိုယ်တိုင်ချုပ်နှာခေါင်းစည် Mask ပြိုင်ပွဲကျင်းပမည်ဟု ကြေညာ

မေ ၈ ရက် – လူနာအမှတ် ၁၇၇ ထပ်တိုး၊ လူနာအမှတ် ၄၅၊ ၇၄၊ ၈၁၊ ၁၀၈၊ ၁၂၆ တို့ နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ အင်းစိန်ရှိ အိမ်ခြေတစ်သောင်းကျော်နှင့် လူဦးရေ ၄၇၀၀၀ ကျော်ကို ကျန်းမာရေး စစ်တမ်းကောက်ယူ၊ ပြည်တော်ပြန် နှစ်သောင်းကျော်အတွက် Quarantine Center များ စနစ်တကျ ပြင်ဆင်ထားဟု စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီးပြော

မေ ၉ ရက် – လူနာအမှတ် ၁၇၈ ထပ်တိုး၊ လူနာအမှတ် ၁၄၃ နှစ်ကြိမ်ဆက်တိုက် Negative ပြ၊ အောင်ပန်းမြို့ ယာယီပျံကျဈေးကို မြို့မဈေးအနီး စတင်ဖွင့်လှစ်၊ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား ၁၄၄ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

မေ ၁၀ ရက် – လူနာအမှတ် ၁၇၉၊ ၁၈၀ ထပ်တိုး၊ လူနာအမှတ် ၉၈၊ ၁၄၁၊ ၁၄၂၊ ၁၄၄ တို့နှစ်ကြိမ်ဆက် Negative ပြ၊ ယူနီဆက်ဖ်က၀ယ်ယူပေးသည့် ကိုဗစ်-၁၉ စမ်းသပ်ပစ္စည်းများ တင်ဆောင်လာသော လေယာဉ် ရန်ကုန် လေဆိပ်သို့ရောက်ရှိ၊ ယူအေအီးနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများနှင့် သင်္ဘောသားများကို ပြန်လည်ခေါ်ဆောင်

မေ ၁၁ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၃၀၊ ၇၉ နှစ်ကြိမ်ဆက် Negative ပြ၊ (၈၇)နှစ်အရွယ် ကိုဗစ်လူနာ ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရ၊ မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအတွက် မိုင်းလားဒေသသို့ တပ်မတော်ဆေး အဖွဲ့များ စေလွှတ်မည်၊ မေလ ၁၅ ရက်နောက်ပိုင်း နှာခေါင်းစည်းမတပ်ဘဲအပြင်ထွက်လျှင် အရေးယူ မည်ဖြစ်ကြောင်းကြေညာ၊ မလေးရှားမှ အထိန်းသိမ်းခံမြန်မာများကို မလေးရှားအစိုးရ ရန်ကုန်သို့ပြန်ပို့၊ ကညနမှ ကနဦး မှတ်ပုံတင်လုပ်ငန်းများ ပြန်ဖွင့်

မေ ၁၂ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၈၂၊ ၁၀၂ နှစ်ကြိမ်ဆက် Negative ပြ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မိုင်းလားအဖွဲ့နှင့် ၀ အဖွဲ့အားတွေ့ဆုံပြီး ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှ လုပ်ငန်းရှင်နိုင်ငံခြားသားတစ်ဦး ဓားထိုးခံရ၍သေဆုံး၊ ချစ်ကြည်ရေးတံတား အမှတ်(၂)မှ ပြည်တွင်းသို့ ပြန်ဝင်သူ ၃၈၀ ဦးရှိပြီဖြစ်၊ ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမှုများပြုလုပ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရေးယူနိုင်ရန် ဆောင်ရွက်နေဟု တပ်မတော်ထုတ်ပြန်

မေ ၁၃ ရက် – လူနာအမှတ် ၁၈၁ ထပ်တိုး၊ လူနာအမှတ် ၃၅၊ ၁၄၇၊ ၁၅၀ နှစ်ကြိမ်ဆက် Negative ပြ၊ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား ၁၄၅ ဦးကို တတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်၊ ပုဇွန်တောင်မြို့နယ်၌ နှာခေါင်းစည်း Mask မတပ်သူ ၁၃ ဦးအား ဒဏ်ငွေ ငါးထောင်ပြစ်ဒဏ်ချမှတ်၊ ရုရှား၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်မှ သင်တန်းသား ၅ ဦးတွင် ၄ ဦးရောဂါပျောက်ကင်း

မေ ၁၄ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၄၄၊ ၅၅၊ ၉၂၊ ၉၅၊ ၁၂၇ နှစ်ကြိမ်ဆက် Negative ပြ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်အရာရှိကြီးများတွင် ရောဂါပိုးမတွေ့ရှိကြောင်း သတင်းထုတ်ပြန်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အထောက်အကူပြု ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများပြုလုပ်၊ အလုပ်အကိုင်ခက်ခဲလာသဖြင့် ပုဂံဒေသအတွင်း ရွှေတူးဖော်မှုများရှိနေ၊ ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာတွင် လူစုလူဝေးဖြင့် ဘုရားထီးပင့် ဦးဆောင်သူအား ထောင်ဒဏ်ကိုးလ အမိန့်ချမှတ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ ရုပ်ရှင်ရုံ၊ ဘော်ဒါဆောင်နှင့် မူကြိုကျောင်းများ မဖွင့်လှစ်ရန် ရက်တိုးသတ်မှတ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်နှင့် ကလေးမြို့နယ်တို့အား Stay at Home အစီအစဉ်မှ ပယ်ဖျက်

မေ ၁၅ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၆၅၊ ၆၇၊ ၁၁၅၊ ၁၁၆၊ ၁၁၇ တို့နှစ်ကြိမ်ဆက် Negative ပြ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညမထွက်ရအမိန့်ဖြေလျှော့၊ ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်အား ည ၁၂ နာရီမှ နံနက် ၄ နာရီအထိပြောင်းလဲသတ်မှတ်၊ ဧရာဝတီတိုင်းအတွင်း နှာခေါင်းစည်းမတပ်ပါက အခုဝယ် အခုတပ်စနစ်ဖြင့် ဆောင်ရွက်မည်၊ ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံး မေလကုန်ထိ ထပ်မံတိုးမြှင့်၊ ညမထွက်ရအမိန့်ဖြင့် အရေးယူခံရသည့် ကာယကံရှင်မိသားစု ထောင်ဒဏ် တစ်လဖြေလျှော့ပေးရန် တောင်းဆို၊ ကိုဗစ်-၁၉ ကာလအတွင်း မီတာကောက်ခံငွေများပြားမှုသည် မီတာဖတ်ဝန်ထမ်းများ၏ အားနည်းချက်နှင့် မီတာခယူနစ် သတ်မှတ်ချက်ကြောင့်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်ပြော

မေ ၁၆ ရက် – လူနာအမှတ် ၁၈၂ ထပ်တိုး၊ လူနာအမှတ် ၄၀၊ ၄၉၊ ၅၆၊ ၅၇၊ ၇၇၊ ၁၂၁၊ ၁၅၁ တို့နှစ်ကြိမ်ဆက် Negative ပြ၊ မေ ၁၅ ရက်တွင် ရောဂါပိုးကင်းစင်သူ ၈၉ ဦးဟုသတင်းထုတ်ပြန်ထားရာ မေ ၁၆ ရက်တွင် ရောဂါပိုးကင်းစင်သူနောက်ထပ် ၇ ဦးထပ်တိုးကြောင်း စာရင်းထွက်လာသော်လည်း စုစုပေါင်းရောဂါကင်းစင်သူ ၉၅ ဦးဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မှားယွင်း၍ စာရင်းထုတ်ပြန်ထားရှိ၊ ရောဂါကင်းစင်သူ စာရင်းအမှန်မှာ ၉၆ ဦးဖြစ်၊ ယုဇနပလာဇာအပါအ၀င် ရန်ကုန်မြို့ရှိ ဈေးကြီးငါးဈေးပြန်လည်ဖွင့်လှစ်၊ စင်ကာပူရှိ မြန်မာနိုင်ငံသား ၁၄၄ ဦးကို စတုတ္ထအကြိမ်အဖြစ်ပြန်လည်ခေါ်ဆောင်၊ တစ်နိုင်ငံလုံးတွင် ညမထွက်ရအမိန့်ဖြင့် ပြစ်ဒဏ်ကျခံရသူ ၄၅၅ ဦးရှိ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုက်နာရမည့် စည်းကမ်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲနေဟု ဦးဇော်ဌေးပြော

မေ ၁၇ ရက် – လူနာအမှတ် ၁၈၃၊ ၁၈၄ ထပ်တိုး၊ လူနာအမှတ် ၁၄၆၊ ၁၅၆ (တပ်မတော်သား) နှစ်ကြိမ်ဆက် Negative ပြ၊ လက်လုပ်လက်စား အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ရန် စီစဉ်နေ၊ ယခင်ထောက်ပံ့မှု၏ တန်ဖိုးနှစ်ဆငွေကို အွန်လိုင်းစနစ်ဖြင့် ပေးပို့သွားမည်၊ လှိုင်သာယာမြို့နယ်၌ ကျန်းမာရေးစစ်တမ်းကောက်ယူ၊ သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံမှ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ဝိပဿနာ အကယ်ဒမီသို့ရောက်ရှိ၊ ရန်ကုန်သူနာပြုတက္ကသိုလ်၌ တိုးချဲ့စာသင်ဆောင်ပြိုကျမှုဖြစ်ပွား၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများအနက် ၆၂ ရာခိုင်နှုန်းက လက္ခဏာမပြ၍ မပေါ့ဆသင့်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန်၊ တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ ကို ကိုဗစ်-၁၉ လူနာရှိ/မရှိ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်

မေ ၁၈ ရက် – လူနာအမှတ် ၁၈၅ မှ ၁၈၈ ထိထပ်တိုး၊ လူနာအမှတ် ၃၆၊ ၄၈၊ ၈၈၊ ၁၁၄ တို့ နှစ်ကြိမ်ဆက် Negative ပြ၊ ရထားစီးခရီးသည်များကို နှာခေါင်းစည်းတပ်ပြီးမှသာ စီးနင်းခွင့်ပြု၊ ဖိလစ်ပိုင်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၁ ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်၊ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး Social Distancing ဖြင့်ကျင်းပ၊ တာမွေမြို့နယ်၌ သံသယလူနာလေးဦးကို Quarantine ပြုလုပ်၍ ကျန်းမာရေးမကောင်းသူ လေးဦးကို ဆေးရုံပို့ရာတစ်ဦးသေဆုံး၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်သူ့လွှတ်တော်သို့တင်သွင်း၊ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များ ပြန်လည်စတင်

မေ ၁၉ ရက် – လူနာအမှတ် ၁၈၉ မှ ၁၉၃ ထိထပ်တိုး၊ လူနာအမှတ် ၃၄၊ ၁၂၂၊ ၁၅၇ တို့ နှစ်ကြိမ်ဆက် Negative ပြ၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် ဘတ်စ်ကားများစီစဉ်ပေးမည်၊ ကျောက်တံတားမြို့နယ်အတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူများအား ဖမ်းဆီးအရေးယူလျက်ရှိ၊ ကမ္ဘာ့ဘဏ်၏ အရေးပေါ်ဘဏ္ဍာရေးပံ့ပိုးမှု မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၈ သန်း ရရှိမည်၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသား ၉၅ ဦးပြန်လည်ရောက်ရှိ

မေ ၂၀ ရက် – လူနာအမှတ် ၁၉၄ မှ ၁၉၉ ထိထပ်တိုး၊ လူနာအမှတ် ၂၈၊ ၄၃၊ ၈၇၊ ၁၂၅ တို့ နှစ်ကြိမ်ဆက် Negative ပြ၊ စောဒေးဗစ်လားအား မရမ်းကုန်းမြို့နယ် တရားရုံးတွင် ပထမအကြိမ်ရုံးထုတ်၊ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်၊ တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းများကို ဇွန် ၅ ရက်တွင် စတင်မည်ဟုကြေညာ၊ စမ်းချောင်းနှင့် တာမွေမြို့နယ်၌ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများအား ကူးစက် ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူ၊ နှာခေါင်းစည်းပြိုင်ပွဲမှ Like အများဆုံးရသူ ပြိုင်ပွဲဝင် ၃ ဦး စာရင်းထွက်ပေါ်

မေ ၂၁ ရက် – ထပ်တိုးလူနာမရှိ၊ စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသား ၁၄၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာ၌ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရရှိခဲ့သည့် အခြေခံဥပဒေပုဒ်မ ၃၂၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ) တို့ကို ပြင်ဆင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကိစ္စ ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်၊ သင်ရိုးသစ် Online Learning အတွက် ဆရာ/ဆရာမ ခုနှစ်သောင်းကျော် စာရင်းပေးထားဟုဆို၊ တာမွေတွင် သုံးထပ်တိုက်ပြိုကျမှု ပိတ်မိနေသူကို ကယ်ဆယ်နိုင်ခဲ့၊ နှာခေါင်းစည်းပြိုင်ပွဲမှ တီထွင်ဖန်တီးမှုအကောင်းဆုံး ပြိုင်ပွဲဝင် ၃ ဦးစာရင်းထွက်ပေါ်

မေ ၂၂ ရက် – ထပ်တိုးလူနာမရှိ၊ လူနာအမှတ် ၅၅၊ ၁၁၂၊ ၁၆၄၊ ၁၆၅၊ ၁၆၇၊ ၁၇၁၊ ၁၇၂၊ ၁၇၄ တို့ နှစ်ကြိမ်ဆက် Negative ပြ၊ တပ်ချုပ်အနေဖြင့် တပ်မတော်မှအနားယူလျှင် အတွေ့အကြုံများကို တိုင်းပြည်အတွက် အသုံးချမည်ဟုဆို၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၌ လူဦးရေ ၃၃၀၀ ကျော်အား ကျန်းမာရေး စစ်တမ်းကောက်ယူ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံရ၊ အီတလီနိုင်ငံမှ မြန်မာသင်္ဘောသား ၂၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်၊ တိုင်းဒေသကြီးလွှတ်တော် တက်ရမည့် ကိုယ်စားလှယ်များအား အစည်းအဝေးနောက်ဆုံးရက် ပြီးသည်အထိ ဟိုတယ်နှင့်လွှတ်တော်မှလွဲ၍ ပြင်ပသို့ ထွက်ခွာခွင့်မပြု၊ နှာခေါင်းစည်းပြိုင်ပွဲမှ အထူးဆုနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ရည်ရွယ်ချက်ဆုရှင် ပြိုင်ပွဲဝင် ၃ ဦးစာရင်းထွက်ပေါ်

မေ ၂၃ ရက် – လူနာအမှတ် ၂၀၀၊ ၂၀၁ ထပ်တိုး၊ လူနာအမှတ် ၅၉၊ ၁၁၉၊ ၁၇၉၊ ၁၈၀ တို့ နှစ်ကြိမ်ဆက် Negative ပြ၊ ရောဂါပြန်လည် သက်သာသူ စုစုပေါင်း ၁၂၁ ဦးရှိ (မှတ်ချက်။ ။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားသူများထဲမှ ပြန်လည်သက်သာလာသူစာရင်းအား သတင်းထုတ်ပြန်ရာ တွင် မေလ ၁၆ ရက်၌ မှားယွင်းဖော်ပြခဲ့သည့် စာရင်းပေါင်းရလဒ်အတိုင်း တစ်ဦးလျှော့၍ ၁၂၀ ဦးသာရှိဟု မေလ ၂၃ ရက်၊ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ မှားယွင်းဖော်ပြထားသည်ကိုတွေ့ရှိရသည်) သေဆုံးသူ ၆ ဦးရှိ၊ စောင့်ကြည့်လူနာစုစုပေါင်း ၄၅၉၈ ဦးရှိ၊ ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း ၁၇၈၇၅ ဦးရှိ၊ ထိုင်းနိုင်ငံမှ မြန်မာအလုပ် သမား ၆၀၀ ကျော် မြဝတီသို့ ဝင်ရောက်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးစခန်းတွင် နေထိုင်သူ မူးယစ်ရမ်းကားမှုဖြင့် ထောင်ဒဏ် သုံးလချမှတ်ခံရ။

သတင်းစုစည်းမှု – စွမ်းရည်တိုး/စံတော်ချိန်