ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်​နှင့်​ဇနီး အပါအဝင်​ (၈)ဦးအား သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဥပဒေဖြင့် တိုင်ကြား

ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်​နှင့်​ ဇနီးအပါအဝင်​ (၈)ဦးအား သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဥပဒေဖြင့် အရေးယူပေးရန် ယနေ့(မေ ၂၉ရက်)တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ကိုစည်သူမြင့်က စံတော်ချိန်သို့ ပြောသည်။

ပြီးခဲ့သည့် မေ ၂၄ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင် ဆိပ်ကမ်း၌ ရှင်ဥပဂုတ္တ မထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနားကျင်းပရာတွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်နှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်အား သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဥပ​ဒေဖြင့် အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဥပ​ဒေအရဆိုပြီး ရဲစခန်းမှာ အမှုဖွင့်​တာပါ။ ဒါ​ပေမယ့်​ ရဲစခန်းက​တော့ သူတို့ကို ကိုဗစ်​ – ၁၉ထိန်းချုပ်​ကာကွယ်​​ရေး(ဗဟို)က ၁၉ ရက်​ ဧပြီလပိုင်းက ညွှန်ကြားချက်​ အရဆိုရင်​ကူးစက်​​ရောဂါများကာကွယ်​နှိမ်​နင်း​ရေးဥပ​ဒေနဲ့သာ တရားစွဲရန်​ ဖြစ်​တယ်​​ပေါ့။ ဒီကူးစက်​​ရောဂါများကာကွယ်​နှိမ်​နင်း​ရေး ဥပ​ဒေက ရဲအ​ရေးမပိုင်​ဘူး​ပေါ့။ တရားရုံးကို ဦးတိုက်​​လျှောက်​ခိုင်းတာပါ။ အဲ့​တော့သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှုဥပ​ဒေနဲ့သာ အ​ရေးယူ​ပေးဖို့ကျွန်​တော်​က တိုင်​တာပါ။ ဒီကိုဗစ်​-၁၉ထိန်းချုပ်​ကာကွယ်ရေး(ဗဟို)က ညွှန်​ကြားချက်​ကဥပ​ဒေမဟုတ်​ဘူးဆိုတာ ကို ​ပြောခဲ့ပါတယ်​”ဟု ကိုစည်သူမြင့်က ပြောသည်။

အဆိုပါတိုင်ကြားချက်နှင့်ပတ်သက်ပြီး အမှုဖွင့်ခွင့်ရ၊ မရကို ရဲစခန်းမှ ပြန်လည်အကြောင်းကြား ပေးမည် ဟုသိရသည်။

“သူတို့ဘက်​က လာ​ရောက်​တိုင်​ကြားတဲ့စာကို အထက်​ကို တင်​ပြ​ပေးမယ်​​ပေါ့။ အမှုဖွင့်​ရ၊မရ လက်​ခံ၊ မခံကို မ​ပြော​သေးပါဘူး။ စာကို​တော့ ယူထားလိုက်​တယ်​။ဘာသာ​ရေးပွဲလုပ်​တာကို မ​ပြောဘူး။ ဥပဒေ စိုးမိုး​ရေးကိုသာ လိုလားပါတယ်​။ နိုင်​ငံ​တော်​သမ္မတက​နေ ​အောက်​ဆုံးအဆင့်​ကို ဥပ​ဒေထုတ်​ထားရင်​လက်​ခံရမယ်​။ ဥပ​ဒေနဲ့အညီပဲ ဖြစ်​ဖို့လိုပါတယ်​”ဟု ကိုစည်သူမြင့်က ပြောသည်။

ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနားကို မေ ၂၄ ရက်က ဗိုလ်တထောင်မြို့ နယ် ၊ ဗိုလ်တထောင် ဆိပ်ကမ်း၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ဒေါ်ခင်မိမိကြွယ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူပင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အားအရေးယူပေးရန် ပြီးခဲ့သည့် မေ ၂၆ရက်ကလည်း ပခုက္ကူမြို့မရဲစခန်းတွင် ကိုသာထက်အောင်ဆိုသူက တိုင်ကြားခဲ့ သည်။

သတင်း – မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့