ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ခေါင်းဆောင်သုံးဦးအားမအူပင်တရားရုံး တွင်ပထမဆုံးအကြိမ်ရုံးထုတ်

သံချပ်တွင်ပါဝင်သည့်စာသားများကြောင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင်သုံးဦးအား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့်ယနေ့(မေ ၂၉ရက်) တွင် ပထမအကြိမ်ရုံးထုတ်ခဲ့သည်။

အဆိုပါအမှုတွင်ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေတို့အား စွဲဆိုထားခြင်းဖြစ်ပြီး တရားရုံးက ၎င်းတို့သုံးဦးအား မအူပင်ထောင်၌ ဇွန် ၄ ရက်အထိ ချုပ်မိန့်ရမန်ပေးခဲ့ကြောင်း သိရသည်။

ရုံးထုတ်မှုအခြေအနေနှင့်ပတ်သက်၍ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က “လောလောဆယ်ကတော့ အဆင်ပြေတယ်။ မအူပင်မှာ ၅၀၅ နဲ့ တရားစွဲဆိုခံရတာပါ။ သေချာတယ် နောက်ထပ် ဖျာပုံရှိမယ်။ ပုသိမ်ရှိမယ်။ ဒေးဒရဲထပ်ရှိဦးမယ်။ ကျွန်တော်တို့ ဧရာဝတီမှာ စွဲဆိုခံရမယ့် အမှုတွေအတွက် ကျွန်တော်တို့ရဲ့မူအရရှေ့နေနဲ့ တရားရင်ဆိုင်မှာ မဟုတ်ဘူး တရားရုံးရဲ့ အခြေအနေ ကို စောင့်ကြည့်ပြီးတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်”ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အမှုအားလာမည့် ဇွန် ၄ ရက်တွင်စတင်စစ်ဆေးရန်မအူပင်တရားရုံးက ပြန်လည်ချိန်းဆိုထားသည်။

သံချပ်အဖွဲ့ဝင်ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေတို့သုံးဦးကို ပုသိမ်၊ ဖျာပုံနှင့် ဒေးဒရဲမြို့နယ်တရားရုံးများတွင်လည်း တပ်မတော်က တရားစွဲဆိုထားကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဖြစ်သော မကေခိုင်ထွန်း၊ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူနှင့် ကိုဖိုးသား(ခ) ဇော်လင်းထွဋ်တို့ ငါးဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃၀ ရက်တွင်မရမ်းကုန်းမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)နှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ထားသည်။

ထို့ပြင်မရမ်းကုန်းမြို့နယ်တရားရုံးကပင်သံချပ်အဖွဲ့ဝင်ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူနှင့် မဆုရတနာမြင့်တို့ လေးဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် ထောင်ဒဏ် ခြောက်လကျခံရန်ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်အမိန့်ချမှတ်ထားသည်။

အလားတူပင် ဗိုလ်တထောင်မြို့နယ်တရားရုံးကလည်းသံချပ်အဖွဲ့ဝင်ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ ခြောက်ဦးကို ပုဒ်မ ၅၀၅(က)နှင့် ထောင်ဒဏ်တစ်နှစ်ကျခံရန်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၈ ရက်တွင်အမိန့်ချမှတ်ထားသည်။

ဆက်လက်၍ ဗိုလ်တထောင်မြို့နယ်တရားရုံးကပင်ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် မဆုရတနာမြင့်၊ ကိုပိုင်ဖြိုးမင်းနှင့် မကေခိုင်ထွန်းတို့အား ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ခြောက်လချမှတ်ထားသည်။

သတင်း – မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ – ကျော်ကျော်/စံတော်ချိန်