အခြေခံပညာ အောင်စာရင်းများ ဇွန် ၁၃ ရက် ထုတ်ပြန်ပေးမည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲမှအပ အခြေခံပညာကျောင်း အောင်စာရင်း များ ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက စံတော်ချိန်သို့ ပြောဆို သည်။

“ဇွန် ၁၃ ရက်က ကျောင်းတွင်းစစ် အောင်စာရင်းတွေနဲ့ အစိုးရစစ် အဋ္ဌမ တန်းနဲ့ စတုတ္ထတန်းပေါ့။ တက္ကသိုလ်ဝင်တန်းက လွဲရင်ပေါ့။ အဲဒီရက်မှာ အောင် စာရင်းထုတ်နိုင်ဖို့အတွက် လုပ်မယ်။

လက်ရှိမှာတော့ စစ်ဆေးဖို့ကျန်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှိတယ်။ ကျောင်းတွင်းစစ်တွေရော။ အစိုးရစစ်တွေပါ။ အစိုးရစစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခုကျန်သေးတယ်။ အဋ္ဌမတန်းနဲ့ စတုတ္ထတန်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခု ကျန်သေးတယ်။ အဲဒါတွေလည်း စစ်နေရင်းနဲ့ ရပ်သွားတာဆိုတော့ အဖြေလွှာစစ်ဆေးတာကတော့ ငါးရက်လောက်နဲ့ပြီးသွားမယ်။ လိုလိုမည်မည် လေးရက်လောက် ခွာထားပြီးတော့ ဇွန် ၁၃ ရက်မှာ အောင်စာရင်းထွက်မယ်ပေါ့”ဟု ၎င်းက ပြောဆိုသည်။ ယင်းကဲ့သို့ အောင်စာရင်းများထုတ်ပြန်ရာတွင်လူစုလူဝေးများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာကျောင်းအသီးသီး၏ အစီအမံဖြင့် စီစဉ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း သိရသည်။

“အောင်စာရင်းထုတ်ပြန်တာက ပုံမှန်အတိုင်းပါပဲ။ လူတိုင်း တော်တော်များများက စိတ်မဝင်စားပါဘူး။ တော်တော်များမျာက အောင်ကြမှာဆိုတော့လေ။ ခါတိုင်းလိုလည်းဘယ်သူက ဘယ်အဆင့်ဆိုတာကို ထုတ်ပြန်မှာမဟုတ်တဲ့အတွက် သိပ်လည်းစိတ်ဝင်စားမှာမဟုတ်ဘူး။ သက်ဆိုင်ရာကျောင်းတွေကတော့နီးမှပဲ လူစုလူဝေးမဖြစ်အောင်ဘယ်အချိန်မှာ ဘယ်သူတွေလာကြည့်ဆိုတာမျိုးပေါ့။ လူစုလူဝေးမဖြစ်အောင် ကြိုတင်စီစဉ်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာတင်မောင်ဝင်းက ပြောဆိုသည်။

အခြေခံပညာကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းမဖွင့်မီ တစ်ပတ်အလိုတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – အိဟေမာ