(၁၆)ကြိမ်မြောက် ကျပ်၁၀၀၀တန် အောင်ဘာလေထီတွင် အုပ်ရေ နှစ်သန်းကျော်ရောင်းချခဲ့ရ၊ ခြောက်သိန်းကျော်ကျန်ရှိ

ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် (၁၆) ကြိမ်မြောက်ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုထီတွင်ထီစာအုပ်ရေ နှစ်သန်းကျော် ရောင်းချခဲ့ရကြောင်းပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်း ဆုဌာနခွဲက မေ ၂၈ ရက်တွင် အသိပေးကြေညာသည်။

(၁၆)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် “က”အက္ခရာမှ”ကဆ”အထိ စုစုပေါင်းအက္ခရာ အလုံး ၄၀၊ ထီစာအုပ်၃၂၇၂၇၂၀ အား ရောင်းချပေးခဲ့ရာ ထီစာအုပ်၂၆၀၂၇၂၀ ရောင်းချခဲ့ရပြီး ထီစာအုပ် ၆၇၀၀၀၀ မှာ ရောင်းမကုန် ထီအဖြစ် ကျန်ရှိခဲ့ကြောင်းသိရသည်။

“အခုက ရှေ့လထက်စာရင်တော့ နည်းနည်းပိုရောင်းရတာပေါ့။ ပြီးခဲ့တဲ့လက ၁၈ သိန်းလောက်မရောင်းရဘဲ ကျန်တယ်။ ဒီလတော့ခြောက်သိန်းကျော်လောက်ပဲကျန်တယ်။ နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ ရောင်းကောင်းသွားမှာပေါ့လေ။အခုကတော့ နည်းနည်း တချို့ Lockdown လုပ်ထားတာတွေ၊ အသွားအလာကန့်သတ်ထားတာတွေရှိသေးတော့ အရင်တုန်းက အချိန်တွေလောက်တော့အရောင်းမသွက်သေးဘူးပေါ့။ တဖြည်းဖြည်းနဲ့တော့ရောင်းကောင်းလာပါပြီ။ နောက်ပိုင်းကျရင်တော့ပုံမှန်အတိုင်းပြန်ဖြစ်သွားမယ်လို့ ထင်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မေ ၂၈ ရက်တွင် ပြောဆိုသည်။

အဆိုပါ ထီဖွင့်ပွဲအတွက် ထီစာအုပ်ရောင်းရငွေမှာ ကျပ်သန်း ၂၆၀၂၇ ဒသမ ၂၀၀ သန်းဖြစ်ပြီး ၆၀ရာခိုင်နှုန်း ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့်ငွေမှာ ၁၅၆၁၆ ဒသမ ၃၂၀ သန်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အထူးဆုကြီးစနစ်မှကျပ်သိန်း တစ်သောင်းငါးထောင်တစ်ဆု၊ ကျပ်သိန်း တစ်သောင်း တစ်ဆု၊ ကျပ်သိန်းငါးထောင် နှစ်ဆု၊ ကျပ်သိန်းနှစ်ထောင် သုံးဆု၊ ကျပ်သိန်း တစ်ထောင် သုံးဆု၊ ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာ ၁၁ ဆု၊ ကျပ်သိန်းနှစ်ရာ ၁၇ ဆု၊ ကျပ်သိန်းတစ်ရာ ၁၈ ဆု၊ ကျပ် သိန်းငါးဆယ် ၂၄ ဆု၊ကျပ်သိန်းနှစ်ဆယ် ၂၄ ဆု၊ ကျပ် ၁၀ သိန်း ၂၇ ဆုနှင့် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်မှ ကျပ်သုံးသိန်းဆု ၁၇၀၊ကျပ်နှစ်သိန်းဆု ၁၅၀၀၊ ကျပ်တစ်သိန်းဆု ၁၆၀၀၀၊ကျပ်ငါးသောင်းဆု ၁၆၀၀၀၀ များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှကျပ်သန်း ၂၅၀ ကို ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ကျပ်သုံးသိန်းဆု ၂၀၊ ကျပ်နှစ်သိန်းဆု ၂၀၀၊ ကျပ်တစ်သိန်းဆု၂၀၀၀ နှင့် ဆုတစ်ဆုချင်းစနစ်မှ ကျပ် ၁၀သိန်း လေးဆုတို့ကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခွဲဝေချီးမြှင့်သွားမည့် ဆုမဲများ ဖွင့်လှစ်ရာ၌အထူးဆုကြီးစနစ်နှင့်ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက် လာပါကပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ရောင်းမကုန် ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက အဆိုပါ ဆုမဲတန်ဖိုးများအား စုပေါင်း၍ အခြားသင့်လျော်သောဆုမဲများဖြင့် အစားထိုး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို(၁၆)ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲကို ဇွန် ၁ ရက် နံနက်၇ နာရီခွဲတွင် အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း – စိုးစိုးစံ