မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် ဆက်သွယ်မေးမြန်းခြင်း

“ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အခါ ပြန်ပြရမှာ လူစိတ်ဝင်စားပါ့မလား၊ စိုးရိမ်မှုတွေရှိတယ်”

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့်ဆက်သွယ်၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာများအပြင် အခြားသောသိရှိလိုသမျှ အကြောင်းအရာများအား မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – ဇူလိုင်လမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်လို့ကြားရတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ – ဒါကတော့ ခန့်မှန်းပြီး ပြောဆိုနေကြတာပါ၊ ဒါနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးလုပ်တာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့ ဆွေးနွေးပွဲလုပ်တယ်ဆိုတာက ကားရိုက်တွေတကယ်လို့ရိုက်ချင်တဲ့သူတွေလာရင် ဘယ်လိုစည်းကမ်းချက်တွေ ထုတ်မလဲဆိုတာမျိုးပဲ။ အဲဒါလေးကို ဆွေးနွေးခဲ့ကြတာပါ။ ရုပ်ရှင်ရုံဖွင့်ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်တယ်ဆိုတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ကြားသိရသလောက် ပြန်ပြောပြတာပါ။ဇူလိုင်လ ကျောင်းတွေဖွင့်တဲ့အချိန်ဖြစ်မယ်လို့ ပြန်ကြားရတာပါ။ တရားဝင်ပြောထားတာတော့ မရှိသေးပါဘူး။

မေး – အခုလည်း သတင်းတွေ ကြားထားရပြီဆိုတော့ တကယ်လို့ ပြန်ဖွင့်မယ်အချိန်ကျရင်ရော စည်းကမ်းပိုင်းနဲ့လုပ်ဖို့ အခုကတည်းက ကနဦးစဉ်းစားထားတာတွေရှိနေပြီလား။

ဖြေ – အဲဒါတွေကတော့ ရုံရှင်တွေနဲ့ပဲ ညှိမှရမှာပေါ့၊ ကျွန်တော်တို့ အစည်းအရုံးက အဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးလို့မရဘူး။ အဲဒါကြောင့်လည်း အခုထက်ထိ မဆွေးနွေးဖြစ်သေးတာပေါ့။ ကျွန်တော်တို့ရုပ်ရှင်တွေ၊ ကြော်ငြာတို့ ဇာတ်လမ်းတွဲတို့ရိုက်ချင်တဲ့သူတွေက လာလာမေးနေကြလို့သာ ရိုက်ဖို့အတွက် စည်းကမ်းချက်တွေအတွက်ဆွေးနွေးကြတာပေါ့။ ဒီလို စည်းကမ်းချက်တွေက ကောင်းမယ်။ ရိုက်မယ့်သူတွေအတွက် ဒီလိုစည်းကမ်းလေးတွေ လုပ်ဆိုတာမျိုး လုပ်ကြတာပေါ့။ ရုပ်ရှင်ရုံကိစ္စကတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေချည်းပဲ အစည်းအဝေးလုပ်လို့ မရဘူး၊ ရုံရှင်တွေနဲ့ လုပ်မှ ရမှာလေ။ အဲဒါကြောင့်မို့လို့ပါ။

မေး – ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီး လာရောက်ပြောဆိုကြတဲ့ အပိုင်းတွေရော ရှိနေပြီလား။

ဖြေ – ရုပ်ရှင်ရိုက်ဖို့အတွက်တော့ လာပြောတာမျိုး မရှိသေးဘူး။ ရုပ်ရှင်ရိုက်ဖို့ကလည်း သိပ်တော့မလွယ်သေးဘူးလေ။ ကြော်ငြာရိုက်မယ့် သူတွေက လာပြောကြတယ်။ သူတို့က လူလည်းနည်းတယ်လေ။ ကင်မရာနဲ့စက်အဖွဲ့နဲ့၊ လူလည်းနည်းတော့တကယ့်ကို စည်းကမ်းတကျလုပ်လို့ရတယ်။ စည်းကမ်းချက်တွေထဲမှာပါတာကလည်းသူနာပြုတစ်ဦး သို့မဟုတ် ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်း ရှိရမယ်။ ပြီးတော့သူတို့ကိုလည်း ကိုယ်အပူချိန်တိုင်း၊ မနက်တစ်ခါတိုင်း၊ နေ့လယ်တစ်ခါတိုင်းတာမျိုးလုပ်ရမယ်။ ထူးခြားတာတွေရှိရင် ဆေးရုံနဲ့ ဆက်သွယ်ရမယ်။ ပြီးတော့ ရှူတင်မှာပါမယ့်သူတွေရဲ့ လွန်ခဲ့တဲ့တစ်လလောက်က ခရီးသွားရာဇဝင်တွေ အကုန်လုံးကို ဖောင်တွေ ဘာတွေဖြည့်ပြီးတော့မှ ရိုက်ခွင့်ရမှာပေါ့နော်။

မေး – ရုပ်ရှင်ရုံတွေမဖွင့်တာကြာတော့ တချို့သော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေကလည်း ကိုဗစ်ကာလပြီးရင် ရုပ်ရှင်ကြည့်ကြမယ့် Plan တွေက အခုကတည်းကရှိတယ်။ သူတို့ကိုရော ဘာများပြောချင်သေးလဲ။

ဖြေ – ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ကျတော့လည်း ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ကြည့်တဲ့သူတွေအနေနဲ့ လာကြည့်ပါ့မလားကြားရတာလည်း အရမ်းဝမ်းသာတယ်။ နောက်တစ်ခုက ပြသညှိနှိုင်းအစည်းအဝေးမှာ ကြိုတင်သဘောတူထားတဲ့အတိုင်းပဲ ရပ်တန့်သွားတဲ့ ဇာတ်ကားတွေရှိတယ်။အဲဒီဇာတ်ကားအစဉ်အတိုင်းပဲ ဆက်ပြခွင့်ရမှာပေါ့နော်၊ အခုဆိုရင် မြို့ထဲမှာလည်းဖြတ်သွား၊ ဖြတ်လာနဲ့ တွေ့ရမယ်။ ကမ္ဘာကျော်ရွာဆိုတဲ့ကားလေ၊ သူ့ကားနဲ့ ရပ်သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရုံတွေ ပြန်ဖွင့်ရင် သူ့ကားနဲ့ပဲ ပြန်ဖွင့်ရမယ်။JCGV အုပ်စုမှာလည်း ရပ်သွားတဲ့ကား၊ မင်္ဂလာအုပ်စုမှာလည်း ရပ်သွားတဲ့ကားနဲ့တစ်တိုင်းတစ်ပြည်လုံးပေါ့။ အဲဒီ တန်းစီ စီနီယာအတိုင်းပဲ ဆက်လက်ပြသရမယ်။ ပြီးတော့ အဲဒီလိုပြသရင်လည်း ဥပမာ- စိုင်းစိုင်းရဲ့ပိတောက်ကတဲ့ဂီတ ဆိုလည်းဒုတိယ အပတ်ပေါ့။ ဒုတိယအပတ် မပြီးသေးဘူးဆိုတော့ သူလည်းပြရမှာပေါ့။သူတို့က အဲဒီလိုမျိုး ရုပ်ရှင်ရုံတွေဖွင့်လို့သာ ပြန်ပြရမှာ၊ လူစိတ်ဝင်စားပါ့မလား၊ စိုးရိမ်မှုတွေရှိတယ်။ တကယ်လို့သာ အဲဒီလိုမျိုး ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ကြည့်ကြမယ့်သူတွေရှိတော့ ဝမ်းသာတယ်။ ကျွန်တော်တို့တောင်ကြားထဲကနေဝမ်းသာတယ်။ ကျွန်တော်တို့လည်း ကြည့်ပါ့မလားဆိုပြီးတော့ စိုးရိမ်နေတာပေါ့။ လူတွေကလည်း စိတ်ဝင်စားတယ်လို့ သိကြတယ်။ တော်တော်ကောင်းပါတယ်။

မေး – ပြသမယ့်အပိုင်းနဲ့ပတ်သက်ပြီး ရုံရှင်တွေဘက်ကရော ဘာတွေများပြောဆိုကြတာတွေ ရှိသေးလဲ။

ဖြေ – ရုံရှင်တွေကတော့ အဲဒီအတိုင်းပဲ သဘောတူထားတယ်။ တန်းစီ စီနီယာ အတိုင်း သတ်မှတ်ထားတဲ့ကားတွေရှိတယ်၊ ဘယ်နေ့၊ ဘယ်ရက်ဆိုရင် ဘယ်ကား ဘယ်အပတ်ဆိုရင် ဘယ်ကားဆိုတာမျိုး တန်းစီဇယား သတ်မှတ်ထားပြီးသား။ အဲဒီအတိုင်းပဲ ဆက်ပြရမယ်။ အဲဒါကိုလည်း သဘောတူထားတယ်။

မေး – နောက်ဆုံးအနေနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

ဖြေ – ရုပ်ရှင်ချစ်ပရိသတ်တွေကို ပြောချင်တာကတော့ ကိုဗစ်(၁၉) ကာလမှာ အိမ်တွင်းအောင်းခဲ့ရသမျှ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအတွက် အဲဒီလိုမျိုးအားပေးစကားလေးတွေလည်း ကြားချင်ပါတယ်။ အိမ်တွင်းအောင်းခဲ့သမျှ ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ပြန်ကြည့်မယ်ဆိုတာမျိုးကို ကြားသိရတဲ့အတွက်လည်း တော်တော်လေးလည်း ပီတိဖြစ်မိပါတယ်။

နှင်းစုမွန် မေးမြန်းသည်။