ချင်းမျိုးချစ်ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်ဇာတိ တာရွှန်းရွာသို့

မြင့်မားသော တောင်တန်းများပေါ် ဖြတ်သန်းတိုက်ခတ်လာသည့်လေက အေးတစိမ့်စိမ့် ရှိလှသည်။ ပေ၅၀၀၀ ကျော်တောင်များပေါ်က တိုက်ခတ်လာသည့်လေဆိုတော့ မအေးဘယ်ရှိလိမ့်မလဲ။ ချင်းပြည်နယ်၏ ပင်ကိုသဘာဝအတိုင်း ဆောင်းတွင်းကာလမှာ သူမတူအောင်အေးမြမြဲ ဖြစ်သည်။

ဖလမ်းမြို့ကို ကျွန်တော်နှင့်အတူ ကလေးမြို့က အမြဲတမ်း ခရီးသွားဖော် ဉီးမျိုးသိန်း(သမုတိသစ္စာ)တို့ ရောက်ရှိချိန်မှာ ညနေ ၃ နာရီ။ ညအိပ်တည်းခိုမည့် ဖလမ်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယဝံသအား ဝင်ရောက်ဖူးမြော်ပြီးအချိန်ရသေးသဖြင့် ဆရာတော်အား ခွင့်တောင်း၍ တာရွှန်း ရွာကို ဆိုင်ကယ်ဖြင့် သွားဖြစ်သည်။

တာရွှန်းက ဖလမ်းမြို့နှင့် လေးမိုင်ကွာဝေးသည်။ဖလမ်းမြို့အဝင် ကျင်မွာလ်ရပ်ကွက်ရှိ ဖလမ်းမြို့ဆိုင်းဘုတ်နားမှာ တာရွှန်းသွားသည့် လမ်းခွဲရှိသည်။ တာရွှန်းသွားလမ်းက ရွာရောက်သည်အထိ အဆင်းလမ်း။ လမ်းကကျယ်သော်လည်း တောင်ပေါ်လမ်းဖြစ်၍ မချောမွေ့လှ ပါ။

“တာရွှန်းရွာက အကြီးအကဲဖြစ်သူ ဦးတော်လွန်းကွယ်လွန်ပြီးနောက် ဦးကြွန်ဘိခ်အားအုပ်ချုပ်သူ အကြီးအကဲအဖြစ် တင်မြှောက်ကြသည်။ဗိုလ်ကြွန်ဘိခ်က စစ်တိုက်ရာမှာ၊ တရားစီရင်ရာမှာသူမတူအောင် ထူးကဲကျော်ကြားသဖြင့် လူချစ်လူခင်များခဲ့သည်။ ဩဇာအရှိန်အဝါ ရှိလာခဲ့သည်။”

တကယ်တော့ တာရွှန်းရွာကို ၂၀၁၃ ခုနှစ်က ပထမအကြိမ် ရောက်ခဲ့ဖူးပြီး ဖြစ်သည်။ ဖလမ်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်းဆရာတော် ဦးအရိယဝံသနှင့်အတူထော်လာဂျီဖြင့်သွားခြင်း ဖြစ်သည်။ ဖလမ်းမြို့က ညနေ ၄နာရီ ကျော်မှထွက်သဖြင့် ရွာအဝင်ရှိ တာရွှန်းရွာထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းအထိသာ ရောက်ခဲ့သည်။ ထိုအချိန်က တာရွှန်းမှာ သာမန်ရွာကလေးသာ။ သည်တစ်ခေါက်သွားချိန်မှာ ဆိုင်ကယ်ဖြင့် သွားခြင်းဖြစ်၍ ခရီးပိုတွင်သည်။လမ်းပိုမိုကောင်းလာတာလည်းပါမည် ထင်ပါသည်။ တာရွှန်းရွာသွားလမ်းဘေးမှာ တောင်ပေါ် သစ်ပင်များရှိနေပါသေးသည်။ မြေပြန့်မဟုတ်သဖြင့် လမ်းဘေးအပေါ်ပိုင်းရှိ သစ်ပင်များကိုမော့ကြည့်ရသလို လမ်းဘေးအောက်ဘက်ရှိ သစ်ပင်များကို အပေါ်စီးမှ မြင်ရသည်။ ဝက်သစ်ချ၊ ထင်းရှူး၊ ချယ်ရီ၊တောင်ဇလပ်နီပင်တွေ များပါသည်။ အဝေးဆီမှာတော့ တောင်ယာ၊ ဥယျာဉ်ခြံစိုက်ခင်းများ။

လမ်းဘေးတစ်နေရာမှာ]NGALZAWL BRITISHI CAMP DURING 1890-92 (၁၈၉၀-၁၈၉၂ ခုနှစ်တွင်ဗြိတိသျှတို့အခြေချခဲ့သော ငါလ်ဇောလ်စခန်း)}ဆိုသည့်ဆိုင်းဘုတ်တစ်ခု တွေ့ရသည်။ ဆိုင်းဘုတ်စိုက်ထူထားသည့်နေရာက ဖလမ်းနှင့် တာရွှန်းရွာအကြား တစ်ဝက်ခရီးလောက်မှာ ဖြစ်ပါလိမ့်မည်။

ဆိုင်းဘုတ်နေရာက ဆက်ဆင်းတော့ လမ်းခွဲတစ်ခုတွေ့ပါသည်။ တာရွှန်းရွာအရောက် သွားနိုင်သည့်လမ်းဟောင်းမှ မော်တော်ကားများ ရွာအရောက်သွားလာနိုင်ရန် ဖောက်လုပ်ထားသည့် လမ်းသစ်ဖြစ်သည်။ ကျွန်တော်တို့က လမ်းဟောင်းအတိုင်းသာ ဆက်သွားသည်။ လမ်းခွဲအလွန်မှာ မြေပြင်ညီမဟုတ်သော်လည်း မတ်စောက်ခြင်းမရှိတော့ ကုန်းစောင်းဆင်ခြေလျှော နေရာများစွာဖြစ်နေပြီ။လမ်းဘေး ဝဲ၊ ယာစိုက်ခင်းများက ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ စပျစ်၊ ပြောင်းဖူးနှင့် အခြား စားသုံးသီးနှံစိုက်ခင်းများချည်းပင်။

လမ်းဘေးမှာ နားနေနိုင်ရန် အဆောက်အအုံကလေးများရှိရာ နားနေသူတချို့ တွေ့ရသည်။ ဖလမ်းက ခြေကျင်ခရီးနှင်လာသည့် ရွာသူ၊ ရွာသားများ ဖြစ်ပါလိမ့်မည်။ စိုက်ခင်းတွေအလွန် ရွာအဝင်လမ်းမှာ ရွာဆိုင်းဘုတ်ကြီးတစ်ခုတွေ့သည်။

သည်ဆိုင်းဘုတ်ကို ၂၀၁၃ ခုနှစ် ပထမအကြိမ်တာရွှန်းရောက်စဉ်ကပင် တွေ့ခဲ့ပြီး ဖြစ်သည်။ ရှေ့ ခရီးဆက်တော့ ထေရဝါဒဗုဒ္ဓသာသနာပြု တာရွှန်းကျောင်း ရောက်ပြီ။ရွာအဝင်ကျောင်း တောင်ဘက်လမ်းနှစ်ခွဆုံရာမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်တွေ့ရပြန်သည်။

“LUNGAWL TENNAN TA KANLOGANG” “Warmly Welcome to Chin HeritageVillage Community Based Toruism Talsun Village”

“ချင်းအမွေအနှစ်ရွာ တာရွှန်းမှကြိုဆိုပါ၏”

တာရွှန်းရွာကျောင်းဆရာတော်အား ဖူးတွေ့ရန်ကျွန်တော်နှင့် ဦးမျိုးသိန်းတို့ ကျောင်းဝင်းအတွင်းဝင်ကြသည်။ အသင့်တွေ့ရသည့် ကျောင်းစောင့်တစ်ဦးကဘုန်းကြီး ဗားရ်ကြွသွားတယ်။ အဲဒီက ပင့်လို့။ ဒီည ဗားရ်မှာ ညအိပ်မှာဟုပြောသဖြင့် ဆရာတော်နှင့် မတွေ့ခဲ့ရပါ။

ကျောင်းထဲရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဝင်ရောက်ဖူးမြော်ကြသည်။ တာရွှန်းကျောင်းမှာ ၁၉၄၇ ခုနှစ်က သာသနာပြုဆရာတော်ဦးသီဟ စတင်သီတင်းသုံး နေထိုင်ခဲ့သည်။ ထိုစဉ်က တာရွှန်း ရွာသူ၊ ရွာသားအားလုံးမှာ ကင်လျင် (Kin Linn)ဟုခေါ်သည့် ရွာစောင့်နတ်ကိုသာ ရိုးရာကိုးကွယ်ခဲ့ကြသည်။ရိုးရာနတ်ကိုးကွယ်ရာမှာ မဏိပူရမြစ်နားရှိ ကျောက်တုံးကြီးအား နွားနောက်သတ်၍ ပူဇော်ပသခြင်းဖြင့် ပြီးသည်ဟု သိရသည်။

ဆရာတော်က ဗုဒ္ဓဘာသာသို့သက်ဝင်စေရန်ဟောကြားလမ်းညွှန်ပြသမှုကြောင့် ယခင်က နတ်ကိုးကွယ်သူ လူဦးရေ ၂၀၀ ခန့် ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့သည်။ထိုအချိန်မှစတင်၍ နွားနောက်သတ် နတ်တင်ဓလေ့ပျောက်ကွယ်သွားသည်။ ဦးသီဟနောက် ကျောင်းထိုင်ဆရာ တော်မှာ ဦးဇောတိကဖြစ်သည်။

ဆရာတော် ဦးသီဟနှင့် ဆရာတော် ဦးဇောတိကအကြားမှာ တာရွှန်းရွာတွင် ဗုဒ္ဓဘာသာဘုန်းကြီးမရှိ ဖြစ်ခဲ့ရသည်။ သည်အချိန်မှာပင် အများစုက ခရစ်ယာန်ဘာသာဝင်များ ဖြစ်သွားကြသည်။ လက်ရှိ ကျောင်းထိုင်ဆရာတော်ဦးဇဋိလမှာ ၂၀၀၀ ပြည့်နှစ်မှ စတင်သီတင်းသုံးသည်။ ဆရာတော် သီတင်းသုံးနေထိုင်ရန် ဖလမ်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်း ဆရာတော်က အစစ အကူအညီပေးခဲ့သည်။ သင်္ကန်း၊ ဆေး၊ ခြုံစောင်ကအစ စားနပ်ရိက္ခာအထိ ဖလမ်းကနေ ပို့ပေးသည်။ တာရွှန်းရွာမှာ ရှိနေသည့်လက်ရှိကျောင်းမှာ ဖလမ်းဆရာတော်၏ ဝါယမစိုက်မှုဖြင့်စင်ကာပူနိုင်ငံမှာ သီတင်းသုံးနေထိုင်သည့် မြန်မာကျောင်းဆရာတော် ဘဒ္ဒန္တတိလောကသီရိနှင့် တပည့်ဒါယကာ၊ဒါယိကာမများ၏ကောင်းမှုဖြင့် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြီးစီးသည့်ကျောင်း ဖြစ်သည်။ ကျောင်းကြီးကြပ် ဆောက်လုပ်သည့်အဖွဲ့မှာ မန္တလေးမြို့ တောင်စလင်းတိုက်သစ်ဆရာတော် ဘဒ္ဒန္တတိက္ခ (အဂ္ဂမဟာပဏ္ဍိတ)နှင့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒတို့ဖြစ်သည်။

တာရွှန်းကျောင်း တတိယဆရာတော် ဦးဇဋိလမှာ ယနေ့ဆိုလျှင် တာရွှန်းကျောင်းတွင် နေထိုင်သီတင်းသုံးသည်မှာ ၁၀ နှစ်သက်တမ်းရှိပြီ။ ဆရာတော်မှာ တာရွှန်းရွာ၏ရပ်ရေးရွာရေး၊ လူမှုရေးကအစ ပူးပေါင်းပါဝင် အကူအညီပေးနေသဖြင့် ရွာသူ၊ ရွာသားများမှာ ဗုဒ္ဓဘာသာဝင်မဟုတ်ကြတော့သော်လည်း ကျောင်းသို့ အဝင်အထွက်ရှိကြသည်။စားစရာသောက်စရာ လာရောက်ပို့လှူကြသည်။တောင်ယာထွက်၊ ဥယျာဉ်ထွက်သီးနှံများ လာရောက်ပေးပို့ ကြကြောင်း တာရွှန်းရွာခံများက ပြောပြသဖြင့် သိခဲ့ရသည်။

ကျွန်တော်တို့ နှစ်ယောက် တာရွှန်းရွာထဲရောက်တော့၎ နာရီခွဲရှိပြီ။ ပါးစပ်ပါရွာရောက်ဆိုသလို ဟိုမေးဒီမေးဖြင့် တာရွှန်းရွာButu ရပ်ကွက်ရှိ Con Bik Museum ပြတိုက်ရောက်သွားသည်။

ပြတိုက်ဖွင့်တာက ၂၀၁၇ ခုနှစ်မှာ တာရွှန်းရွာက ချင်းမျိုးချစ်ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ဗိုလ်ဆွန်ပက်)အိမ်နေရာမှာ ဖြစ်သည်။ ကျွန်တော်တို့ကို ပြတိုက်လိုက်လံပြသသူကဗိုလ်ကြွန်ဘိခ်(ဗိုလ်ဆွန်ပက်)၏မြေးဖြစ်သူ ဦးထာဝုန်နှင့် ပြတိုက်သော့ကိုင်အမျိုးသမီး ငွေဇွန်တို့ ဖြစ်သည်။

တာရွှန်းရွာရောက်တုန်းရောက်ခိုက် မျိုးချစ်ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ဗိုလ်ဆွန်ပက်)အကြောင်း လေ့လာဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်(ဗိုလ်ဆွန်ပက်)အဖေမှာ ဦးကိပ်ဘိခ်ဖြစ်ပြီး အမေက ဒေါ်ဇာတီလ် ဖြစ်သည်။ ၁၈၃၄ ခုနှစ်ကတာရွှန်းရွာမှာ မွေးဖွားခဲ့သည်။ ဗိုလ်ကြွန်ဘိခ်(ခ)ဗိုလ်ဆွန်ပက်မှာ တာရွှန်း ချင်းအမျိုးသားဖြစ်သည်။ ဒေါ်ကိန်းကြွယ်နှင့်အိမ်ထောင်ကျခဲ့ပြီး တခြားဇနီးတစ်ယောက်ရှိခဲ့ကြောင်း၊သားသမီး ခြောက်ဦးအထိ ထွန်းကားခဲ့ကြောင်း သိရသည်။သူက သူရသတ္တိနှင့်ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိသူ ဖြစ်သည်။တာရွှန်းရွာက အကြီးအကဲဖြစ်သူ ဦးတော်လွန်း ကွယ်လွန်ပြီးနောက် ဦးကြွန်ဘိခ်အား အုပ်ချုပ်သူ အကြီးအကဲအဖြစ်တင်မြှောက်ကြသည်။ ဗိုလ်ကြွန်ဘိခ်က စစ်တိုက်ရာမှာ၊တရားစီရင်ရာမှာ သူမတူအောင် ထူးကဲကျော်ကြားသဖြင့် လူချစ်လူခင် များခဲ့သည်။ ဩဇာအရှိန်အဝါ ရှိလာခဲ့သည်။

ထိုအချိန်မှာ ဗြိတိသျှအစိုးရအုပ်ချုပ်ချိန်ဖြစ်၍ဗြိတိသျှတို့၏ရန်ကို တွန်းလှန်ရန် ညီညွတ်ရေးအဓိကထားစည်းရုံးခဲ့ရာ အောင်မြင်ခဲ့ရုံသာမက ဟားခါးနယ်အထိပင်အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ ချင်းအမျိုးသား မျိုးချစ်ခေါင်းဆောင်ဗိုလ်ကြွန်ဘိခ်မှာ ချင်းတောင်အင်အားစုများကို ဦးဆောင်ချိန် ၁၈၈၇ ခုနှစ် မေ ၄ ရက်မှ စတင်ကာ အင်္ဂလိပ်စစ်တပ်များရှိရာ အင်းတင်ရွာကို ဝင်ရောက်တိုက်ခိုက်သည်။နောက်ပိုင်းတွင် ရွှေချိုးဖြူမင်းသားက မြန်မာခေါင်းဆောင်များဖြစ်သော ဗိုလ်သာဒွန်း၊ ဗိုလ်တုတ်စံ၊ ချင်းခေါင်းဆောင်ဗိုလ်ကြွန်ဘိခ်တို့နှင့် ပူးပေါင်းကာ ချင်းတောင်ခြေရှိ အင်းတင်၊တောင်တွင်း၊ ကလေး စသည်များကိုပါ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာဗိုလ်ကြွန်ဘိခ်(ဗိုလ်ဆွန်ပက်)က သမိုင်းဝင် မျိုးချစ်ခေါင်းဆောင်အဖြစ် မှတ်တမ်းတင်ခံရသူ ဖြစ်သည်။

တာရွှန်းပြတိုက်က ထင်းရှူးသားဖြင့် ဆောက်လုပ်ထားသည့်အဆောက်အအုံ ဖြစ်သည်။ အလျား ပေ ၃၀၊ အနံပေ ၂၀ ခန့် ရှိသည်။ အောက်ထပ်မှာ အကာအရံမရှိပါ။အပေါ်ထပ်ပြတိုက်ခန်းထဲမှာ ၁၉၃၈ ခုနှစ်က ချင်းအသုံးအဆောင်ပစ္စည်းများ တွေ့ရသည်။ ဒန်အိုးကြီး၊ ကြွေနို့ခွက်၊၁၉၃၀ ပြည့်နှစ်က ကြွေပန်းကန်ပြားအသေး၊ ဓာတ်မီး၊ ရိုးရာဗုံကြီးများ၊ ကြေးမောင်းအရွယ်စုံ၊ မှန်အိမ်မျိုးစုံ၊ ပလိုင်းနှင့်နှီးထည်ပစ္စည်းများ၊ သေနတ်၊ ဓား၊ ရိုးရာ လေမှုတ်တူရိယာများ ပြသထားသည်။

မှတ်တမ်းဓာတ်ပုံများထဲမှာ Pu Convik ချင်း နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်ဓာတ်ပုံ၊ ချင်းလူမျိုးထဲမှ ပထမဆုံး တိုင်းပညာဝန် ဦးရှာလွယ် (B.A, B.Ed, Bes) ၏ဓာတ်ပုံ၊တိုက်နယ်သူကြီး ဦးဗန်မှန်း(KSM. ATM. DMM) (ချင်းနယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ် ကြွန်ဘိခ်၏သား)ဓာတ်ပုံရှိသည်။ အထူးခြားဆုံးက အလျား လေးပေ၊ အကျယ်နှစ်ပေရှိ သစ်သားကျောက်သင်ပုန်းကြီးပေါ်မှာ ရေးသားထားသည့် ကမ္ပည်းမှတ်တမ်းစာများပင်။

“ချင်းတောင်နယ်ကို အစိုးရသော မင်းကြီး ဉီးစွမ်းပိတ်သည် မင်း၏ စည်းစိမ်ကို အသက် (၇၆)နှစ်အထိ စိုးစံပြီးနောက် ၁၉၁၀ ခု၊ ဧပြီ (၁၁)ရက်၊ ၁၂၇၁-ခု၊ က္ဆလ္ဆန်း(၄)ရက်တနင်္လာနေ့ နာရီပြန်တစ်ချက်တီးအချိန်တွင် ဘ၀တပါးပြောင်းသွားကွရ်လွန်သွားကြောင်း အများလူတို့ သိရှိရန်ကမ္ပည်းစိုက်ထူ ရေးမှတ်ထားပါသည်”။

ကျွန်တော်က ရေးထိုးထားသည့် ကမ္ပည်းမှတ်တမ်းကို မူရင်းသတ်ပုံများအတိုင်း မှတ်တမ်းရယူဖြစ်ခဲ့သည်။

တာရွှန်းပြတိုက်ထဲမှာရှိသည့် ရှေးခေတ် ချင်းရိုးရာလေမှုတ်တူရိယာကို ဦးထာဝုန်(၆၃)နှစ်က ချင်းရိုးရာတေးသံသာအဖြစ် လက်တွေ့မှုတ်ပြသည်။ ကျွန်တော်တို့မှာ အချိန်နည်းနေပြီဖြစ်၍ ကြာကြာ နားမထောင်ဖြစ်ကြတော့ပါ။

ပြတိုက်မှာ ဝင်ကြေးမပေးရပါ။ ဧည့်မှတ်တမ်း စာအုပ်မှာ မှတ်ချက်ရေး၍ အလှူငွေထည့်ဖြစ်ခဲ့သည်။ ပြတိုက်ကထွက်လာတော့ ဝင်းအတွင်းတောင်ဘက် ကပ်လျက်မှာနေအိမ်အမြင့်တစ်လုံး တွေ့ရသည်။ ဗိုလ်ကြွန်ဘိခ်သားကြီးနှင့် မျိုးဆက်များနေထိုင်ခဲ့သည့်နေအိမ် ဖြစ်သည်။ ယခုအခါနေထိုင်သူ မရှိတော့ပါ။ တောင်ဘက်ခြံစပ်မှာ ချင်းစာဖြင့်ရေးထိုးထားသည့် အနက်ရောင်မှတ်တမ်း ကျောက်စာချပ်ကြီးများ စိုက်ထူထားသည်။ ပြတိုက်ဝင်းတစ်ခုလုံးက သန့်ရှင်းသန့်ပြန့်နေပါသည်။ ပြတိုက်ရှေ့မှာ အရှည်ပေ ၃၀ အကျယ်၁၅ ပေခန့်ရှိမည့် သစ်သားခင်းနေရာတစ်ခု ပြုလုပ်ထားသည်။ ကြမ်းခင်းနေရာအောက် တစ်ဆင့်နိမ့်မြေပြင်မှာဗိုလ်ကြွန်ဘိခ်တို့လက်ထက်ကပုံစံ ချင်းရိုးရာ နေအိမ်တစ်လုံးရှိသည်။ အဆိုပါနေအိမ်မှာ ချင်းအမွေအနှစ် တာရွှန်းရွာသို့လာရောက်သူများ လေ့လာကြည့်ရှုနိုင်ရန် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ရိုးရာအိမ်ကို မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့သော်လည်း အိမ်ထဲမှာ ဘာမျှမရှိကြောင်းသိရသဖြင့် ဝင်ရောက်မကြည့်ဖြစ်တော့ပါ။

တာရွှန်းရွာကို ချင်းပြည်နယ်အစိုးရက ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းရွာကြီးအဖြစ် သတ်မှတ်ထားသည်။ တာရွှန်းက ရွာကြီးမဟုတ်သော်လည်း ရပ်ကွက်သုံးခုဖြင့် ဖွဲ့စည်းထားသည်။ Buta ရပ်ကွက်၊ Thangpho ရပ်ကွက်၊ Khua Thar ရပ်ကွက်များ ဖြစ်သည်။ ရွာမှာ မူလတန်းလွန်ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ရွာလူငယ်များထဲက အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများ သားဖွားဆရာမများ ရှိနေပေပြီ။ လက်ရှိ ဖလမ်းမြို့ပေါ်မှာ အထက်တန်း၊ အလယ်တန်းပညာ သင်ယူနေကြသည့်ကျောင်းသား၊ ကျောင်းသူ၂၀ ကျော်ရှိသည်ဆိုတော့ အံ့ဩရသည်။ ကျောင်းတက်သူတွေထဲမှာ မိန်းကလေးက ပိုများသည်ဆိုတာသိရတော့ ပိုလို့ပင် အံ့ဩရပြန်သည်။

တာရွှန်းရွာ လက်ရှိ အုပ်ချုပ်ရေးမှူးကဦးရောလဲန်း ဖြစ်သည်။ ရွာမှာ အိမ် ၇၈ အိမ်ရှိပြီးလူဦးရေ ၂၁၅ ယောက် ရှိသည်။ ရွာထဲလမ်းမကြီးကိုကျေးလက်ဦးစီးဌာနက ပြုပြင်ပေးထားသဖြင့် ကားသွားလာနိုင်သည်အထိ ကျယ်သည်။ ကျေးရွာမှာ လျှပ်စစ်မီးရတာ ၁၅ နှစ်ကျော်ရှိပြီ။ သဘာဝကပေးသည့်စိမ့်စမ်းရေက ရွာထဲမှာပင် ရှိနေပြီဖြစ်၍ ရေလည်းအဆင်ပြေကြသည်။ ချင်းပြည်နယ်ထဲက အမြဲတမ်းရေရရှိနေသည့်ရွာအဖြစ် မှတ်တမ်းတင်ရပါလိမ့်မည်။ဤသည်များမှာ တာရွှန်းက ရယူနိုင်ခဲ့သော မှတ်တမ်းများဖြစ်ပါသည်။

ချင်းတောင်ပေါ်နေဝင်ချိန်ရောက်နေပါ ပြီ။တောင်အောက်ရှိတာရွှန်းမှာ အလင်းရောင် နည်းလာပြီဖြစ်သလို အအေးဓာတ်လည်း ကဲလာပါပြီ။ ဖလမ်းမြို့ကိုမပြန်ခင် ရွာအခြေအနေများကို တာရွှန်းရွာပြတိုက် တာဝန်ခံ ဦးထာမောင်အား မေးမြန်းရသည်။

တာရွှန်းမှာ တစ်နှစ် နှစ်ကြိမ် တစ်ရွာလုံး ရွာသန့်ရှင်းရေး ပြုလုပ်ကြရသည်။ ဒါကဘယ်ရွာနှင့်မှ မတူသည့် ဓလေ့ဖြစ်သည်။ ရွာထဲလမ်းပြုပြင်တာ၊ အမှိုက်သရိုက်ရှင်းလင်းတာပါသည်။ ရေပုံး၊ လှေကား၊ သံတူရွင်း၊ ခြောက်ပေပတ်လည် ထင်းပုံတစ်ပုံ အိမ်တိုင်းမှာရှိရသည်၊ အိမ်တိုင်းမှာ အိမ်သာရှိရသည်၊ ဒါကို စုပေါင်းလုပ်ကြရသည်၊ စစ်ဆေးရေးအဖွဲ့က စစ်ဆေးသည်၊ နားလည်မှုဆိုတာ မရှိ၊ လူတိုင်း လိုက်နာကြသည်၊ဗိုလ်ကြွန်ဘိခ် လက်ထက်ကတည်းက လုပ်ခဲ့သည့်အစဉ်အလာကို ယနေ့အထိလိုက်နာကျင့်သုံးဆဲဖြစ်၍ ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။

ပွင့်လင်းရာသီမှာ တာရွှန်းရွာကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များလာကြသည်။ ဆောင်းနှင့် နွေမှာ အလာများသည်။၂၀၁၉ ခုနှစ် ပြတိုက်နှစ်ချုပ် စာရင်းအရ ပြည်တွင်းဧည့်သည် ၅၈ ဦး၊ နိုင်ငံခြားသားဧည့်သည်၈၇ ဦးလာသည်။ Duha Zu Maw ခိုနေအိမ်ရှိသည်။Lmn Lai Villa ဟု ဆိုင်းဘုတ် ရေးထားသည်။ခရီးသည်တစ်ဦး ညအိပ်ခကျပ် ၁၀၀၀၀ ယူသည်။ နိုင်ငံခြားသားခရီးသည်များကဒေသ ဓလေ့နှင့် အငွေ့အသက်ရချင်၍ နှစ်ခြိုက်စွာ တည်းခိုကြကြောင်း သိရသည်။

ကလေးတွေ တစုတဝေး ကစားနေသည့်ရွာလယ်လမ်းမကြီးကို ဖြတ်သန်း၍ တာရွှန်းမှပြန်ခဲ့သည်။ တာရွှန်းကို ရှေးက တိုင်စွန်းဟုခေါ်ကြသေးသည်။ လက်ရှိအချိန်မှာ ရွာအဝင်ဆိုင်းဘုတ်အတိုင်းတာရွှန်းဖြစ်နေပေပြီ။ တာရွှန်းဟု ဒေသအသုံးအနှုန်းဖြစ်နေသော်လည်း ဖလမ်းမြို့ကတော့ တာရွှန်းကပါတာရွှန်း (TASHION)လို့ ပြောကြသလို Hna Laiအင်လိုင်ဟုလည်း ပြောကြသည်။ ဖလမ်းမြို့ပေါ်မှာသုံးပါက တာရွှန်းကဟုပြောလျှင် နားလည်ကြသလို အင်လိုင်ကဆိုလျှင် တာရွှန်းရွာကမှန်း သိကြသည်။

ညနေ ၆ နာရီရှိပြီဖြစ်၍ ချင်းလူမျိုးတော်လှန်ရေးခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ခ) ဗိုလ်ဆွန်ပက်၏ ဇာတိချင်းအမွေအနှစ်များရှိရာ ရပ်ရွာလူထုအခြေပြုခရီးသွားရွာ ဖြစ်လာသည့် တာရွှန်းမှ ပြန်ခဲ့ကြပါပြီ၊ တာရွှန်းရွာမှထွက်ကတည်းက ဖလမ်းမြို့အပြန်ခရီး တောင်တက်လမ်းမှာ အလာတုန်းကထက် အအေးပိုကဲနေပါပြီ။

ရေးသူ – အောင်မြင့်မြင့်