အဆိုတော် ဝိုင်းလေး နှင့်ဆက်သွယ်မေးမြန်းခြင်း

“မြန်မာတစ်နိုင်ငံလုံးကို ပြန်ပတ်မယ်။ အကုန်လုံးနဲ့လည်း တွေ့ချင်တယ်”

အဆိုတော်ဝိုင်းလေးနှင့်ဆက်သွယ်၍ သီချင်းဖန်တီးမှုများ နှင့် ပတ်သက်သည့်အကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားနေ သည့် လက်ရှိကာလအတွင်း အိမ်တွင် နေထိုင်ဖြတ်သန်းဖြစ်ပုံ အကြောင်းအရာများအပြင် အခြားသိရှိလိုသမျှ ဆက်သွယ် မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – အနုပညာဒီကာလတွေမှာ ဘယ်လိုမျိုးဖြတ်သန်းဖြစ်နေလဲ။

ဖြေ – ဝိုင်းလေးက တစ်ခါတလေတော့ အပြင်ထွက်တယ်။ စီးတီးမတ်သွားတာမျိုးတွေ၊ ဝိုင်းတို့အိမ်က ကန်တော်ကြီးနဲ့နီးတော့ ညနေခင်းဆိုရင် ကန်တော်ကြီးသွားတယ်။ လူလည်းရှင်းတယ်ဆိုတော့ စိတ်ပြေလက်ပျောက် ညနေစောင်းဆိုရင် လမ်းလျှောက်တယ်။ ဓာတ်ပုံရိုက်တာမျိုးတော့ လုပ်တယ်။ အရင်တုန်းကတော့ အိမ်မှာပဲ တောက်လျှောက်နေဖြစ်တယ်။ အခုကျတော့ ပြည်တွင်းကူးစက်မှုကလည်း တဖြည်းဖြည်းနဲ့ နည်းလာပြီး မရှိသလောက်ဖြစ်နေပြီဆိုတော့ အိမ်မှာနေရတာထက် မွန်းကျပ်လာတဲ့အခါမျိုးဆိုရင် ကန်တော်ကြီးကို သွားဖြစ်တယ်။ တခြားနေရာတော့ မသွားဖြစ်ဘူး။

မေး – ဒီလိုအချိန်တွေမှာ ပရိသတ်တွေအတွက် သီချင်းဖန်တီးမှုအပိုင်းလေးတွေဆိုရင် ဘယ်လိုမျိုးလေးတွေ လုပ်ပေးဖြစ်လဲ။

ဖြေ – သီချင်းက လောလောဆယ် အသစ်တစ်ပုဒ်တော့ လုပ်နေတယ်။ ကျန်တာကတော့ Cover Song လေးတွေပဲ ပြန်ဆိုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းအခွေထုတ်တယ်ဆိုရင် ဝိုင်းလေးတို့မှာက အခွေမရောင်းရဘူးပေါ့နော်။ ဘယ်သူမှလည်း အခုနောက်ပိုင်းမှာ အခွေကိုဝယ်ပြီးတော့ အားပေးတာရှားလာပြီ။ အွန်လိုင်းကပဲ နားထောင်ကြတာများတယ်။ ဝိုင်းတို့က အွန်လိုင်းမှာဆိုလည်း Free တွေပဲ ပေးရတာများတော့ ပြန်ဝင်တဲ့ ဝင်ငွေကျတော့ ရှိုးပွဲကနေပဲ ယူရတာပေါ့။ အခုလိုမျိုး စတေးဟုမ်းတဲ့အချိန်၊ ရောဂါဖြစ်တဲ့အချိန် ဝိုင်းလေးတို့မှာ ဖျော်ဖြေရေး ဝင်ငွေတွေလည်း မရှိတော့တဲ့အခါကျတော့ သီချင်းအသစ်ထုတ်မယ့်အစား လောလောဆယ် ပရိသတ်နဲ့ အဆက်မပြတ်အောင် Cover Song လေးတွေ ဆိုဖြစ်တယ်။ ဒါပေမဲ့ ဒီဇွန်လထဲမှာတော့ သီချင်းအသစ် တစ်ပုဒ်ပေးဖို့ ရှိတယ်။ အဲဒါကတော့ ပရိသတ်တွေလည်း ဝိုင်းလေးသီချင်းအသစ်က မထွက်တာကြာပြီဆိုတော့ သူတို့လည်း ဝိုင်းလေးရဲ့သီချင်းအသစ်ကို မျှော်နေကြတာဆိုတော့ ဒီကြားကာလမှာ ဝိုင်းလေးရဲ့ ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်တော့ ထုတ်ဖို့ရှိတယ်။

မေး – အပြင်တွေလည်းထွက်ဖြစ်တယ်ဆိုတော့ ကာကွယ်မှုအပိုင်းကော ဘယ်လိုမျိုး လုပ်ဖြစ်လဲ။

ဖြေ – ဝိုင်းက လက်အိတ်စွပ်တယ်၊ Mask တပ်တယ်၊ ပြီးရင် အမြဲတမ်း Hand Gel ဆောင်တယ်။ တစ်နေရာဆိုရင် တစ်နေရာပဲသွားဖြစ်တယ်။ ဥပမာ-စီးတီးမတ် ကိုသွားမယ်ဆိုရင် အိမ်ကနေ စီးတီးမတ်ကိုပဲသွားတယ်။ ပြီးရင် လမ်းမှာထိတွေ့မှု မရှိအောင် ဓာတ်လှေကားတို့၊ လှေကားတို့ ထိတွေ့မှုနည်းနိုင်သမျှနည်းအောင် လုပ်တယ်။ စီးတီးမတ်သွားရင်လည်း လူတွေနဲ့ ခပ်ဝေးဝေး ခပ်လှမ်းလှမ်းကပဲနေတယ်။ ပိုက်ဆံရှင်းပြီးရင်လည်း Hand Gel ပြန်သုံးတယ်။ လက်ကို သေချာပြန်ဆေးတယ်။ တောက်လျှောက်တော့ ဂရုစိုက်ဖြစ်ပါတယ်။

မေး – ဒီကြားကာလမှာ ပြည်တွင်းကူးစက်မှုက တော်တော်ကြာ မဖြစ်ခဲ့ဘူး။ အခု ပြန်လည် တွေ့ရှိမှုတွေရှိနေပြီဆိုတော့ အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ ပရိသတ်တွေအတွက် ဘာပြောချင်သေးလဲ။

ဖြေ – ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးမှ ပတ် ဝန်းကျင်ကို ကာကွယ်လို့ရမှာလေ။ ဘယ်လိုပဲဖြစ်ဖြစ် စားဝတ်နေရေးအတွက်ကတော့ လုပ်နေရမှာပဲ။ လုပ်ငန်းတွေကလည်း ရပ်ထားလို့လည်းမရတော့ ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့။ ဆေးလည်း အမြန်ဆုံးရပါစေလို့ပဲ မျှော်လင့်ရတာပေါ့။ ကျန်တဲ့ အနေအထားကျတော့ ညီမတို့ကိုယ်တိုင်လည်း ရေရှည်ကြီး ဒီတိုင်းနေဖို့ ဆိုတာက အဆင်မပြေဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဆို ပိုဆိုးတယ်။ အလုပ်ကတော့ လုပ်နေရမှာပဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ ပြောချင်ပါတယ်။

မေး – အရင်တုန်းကဆို တော်တော်များများ လက်ကိုခဏခဏ ဂရုတစိုက်ဆေးကြတယ်။ အခုဆို နည်းနည်းလေး ပေါ့လျော့လာကြတယ်၊ ကိုယ်တိုင်ကော ဘယ်လိုမျိုး ဂရုစိုက်ဖြစ်လဲ။

ဖြေ – ဝိုင်းကတော့ လက်ကိုပုံမှန်ဆေးဖြစ်တယ်။ အပြင်ရောက်ရင်တော့ Hand Gel ကိုလည်း အိတ်ထဲမှာအမြဲဆောင်ထားတယ်။ ကားပေါ်မှာဆိုလည်း တစ်ဘူးထား ထားတယ်။ သူငယ်ချင်းတွေဆိုလည်း သတိပေးဖြစ်တယ်။ သတိရတဲ့အခါတိုင်း ဆေးဖို့တော့ လိုအပ်တာပေါ့။ အလွန်အကျွံကြီးတော့ မဟုတ်ဘူး။ Hand Gel ဆိုတာလည်း Alcohol ပါတာဖြစ်တဲ့အတွက် ဆေးပြီးရင် ရေနဲ့ဆပ်ပြာနဲ့ သေချာပြန်ဆေးပေးပေါ့။ မဟုတ်ရင် Hand Gel တွေ အလွန်အကျွံသုံးမိရင် ကိုယ်က အစားအသောက်တွေစားတဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို Alcohol တွေဝင်တာမျိုးတွေ ရှိနိုင်တယ်ဆိုတော့ အလွန်အကျွံတော့မကောင်းဘူး။ ပုံမှန်အားဖြင့်တော့ ဂရုစိုက်ဖို့ လိုတယ်။ သူငယ်ချင်းတွေကိုလည်း ဂရုစိုက်ဖြစ်ပါတယ်။

မေး – ဒီကာလပြီးရင် ဘယ်အလုပ်တွေ စလုပ်ဖြစ်မလဲ။

ဖြေ – ဝိုင်းလေးတို့ကတော့ သီချင်းဆိုတာဆိုတော့ ပရိသတ်တွေနဲ့ပဲ ပျော်ပျော်ပါးပါး ပွဲမှာသီချင်းတွေ ပြန်ဆိုချင်တယ်။ ခရီးတွေသွားချင်တယ်။ တောက်လျှောက်ကြီး အိမ်မှာပဲနေရတာဖြစ်တဲ့အတွက် ဘယ်သူမဆို စိတ်မွန်းကျပ်မှုတွေကတော့ ရှိမှာပဲလေ။ အဲဒီအတွက် ခရီးတွေသွားချင်တယ်။ ပရိသတ်တွေနဲ့ အရင်လိုပဲ ပွဲတွေမှာ ပြန်ဆုံချင်ပါတယ်။

မေး – လွမ်းနေတဲ့ ပရိသတ်တွေအတွက် ဘာပြောချင်သေးလဲ။

ဖြေ – ဝိုင်းလေးကတော့ အွန်လိုင်းမှာ ဝိုင်းလေးရဲ့ Offical Page ကနေပဲ တောက်လျှောက်သီချင်းတွေ၊ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုတွေ အကုန်လုံးကို တင်ပေးဖြစ်တယ်။ ဝိုင်းကို သတိရတဲ့ပရိသတ်တွေအကုန်လုံးအတွက် ဝင်ကြည့်လို့ရပါတယ်။ အပြင်မှာ လူကိုယ်တိုင်တွေ့ဖို့ကတော့ ဒီကာလပြီးသွားရင် မြန်မာတစ်နိုင်ငံလုံးကို ပြန်ပတ်မယ်။ အကုန်လုံးနဲ့လည်း တွေ့ချင်တယ်။

နှင်းစုမွန်-မေးမြန်းသည်

ဓာတ်ပုံ – ဝိုင်းလေးဖေ့စ်ဘွတ်ခ်