ချန်ပီယံလိဂ်လက်ကျန်ပွဲတွေကို လစ္စဘွန်းမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ရှိနေ

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဆက်ကစားဖို့ ကျန်နေသေးတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ပုံစံပြောင်းပြီး ကျင်းပဖို့ စီစဉ်ထားရာမှာ ချန်ပီယံလိဂ်ပွဲကျန်တွေကို လစ္စဘွန်းမြို့က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ရေပန်းစားနေကြောင်း The Sun သတင်းမှာ ပါရှိပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ဘောလုံးပွဲတွေ မနားခင် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တချို့ကို ကစားခဲ့ပြီးဖြစ်ပေမယ့် ကွာတားဖိုင်နယ်ကို တက်နိုင်မယ့် ၈ သင်းစလုံးတော့ အဖြေမပေါ်သေးပါဘူး။

ယူအီးအက်ဖ်အေရဲ့ အစီအစဉ်အရ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် အသင်း ၈ သင်းကို လစ္စဘွန်းမြို့မှာပဲ စခန်းသွင်း လေ့ကျင့်စေပြီး ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေလို တစ်ပွဲတည်းအပြတ်ကစားတဲ့ပုံစံမျိုး ကျင်းပမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီဟာ ဇွန်လ ၁၇ ရက်နေ့မှာ အစည်းအဝေးကျင်းပဖို့ရှိပြီး အဲဒီအစည်းအဝေးပွဲကနေ ရာသီလက်ကျန် ဥရောပကလပ်ပြိုင်ပွဲတွေအတွက် တိကျတဲ့အဖြေထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ခန့်မှန်းခြေအရ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သြဂုတ်လ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရဖွယ်ရှိပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကစားဖွယ်ရှိပါတယ်။

ယူရိုပါလိဂ်လက်ကျန်ပွဲတွေအတွက် အိမ်ရှင်နိုင်ငံအဖြစ် ဂျာမနီ၊ စပိန်နဲ့ ရုရှားတို့ ၃ နိုင်ငံက လျှောက်ထားရာမှာ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်မှုအရ ဂျာမနီက လက်ခံကျင်းပခွင့်ရဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – The Sun