မသန်စွမ်းသူ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် တစ်ဘီလီယံကျော်ထောက်ပံ့

လက်ရှိအစိုးရ၏ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း နိုင်ငံ တစ်ဝန်းရှိ မသန်စွမ်းသူများစာရင်းအား ကောက်ယူပြီး တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မသန်စွမ်းသူဦးရေ ၄၃၈၂၁ ဦးအတွက် ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှသိရသည်။

‘ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေနဲ့ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ပြီးခဲ့တဲ့ စတုတ္ထနှစ်မှာ အများကြီးပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းသူစာရင်းတွေကောက်ယူပြီး တစ်ကြိမ် တစ်ယောက်ကို သုံးသောင်းနဲ့ ကနဦးထောက်ပံ့ခြင်းကို ဆောင်ရွက်နိုင်ခဲ့တယ်။ ၁ ဒသမ ၃ ဘီလီယံကျပ် အကုန်အကျခံ ဆောင်ရွက်နိုင်ခဲ့ပါတယ်’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ဇွန် ၁၂ ရက်မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မသန်စွမ်းသူများအတွက် ပုံမှန်ထောက်ပံ့မှု၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

‘ကျွန်တော်တို့က အထောက် အပံ့လည်း ပေးရတယ်။ သူတို့ရပ်တည်နိုင်အောင်လည်း ကြိုးစားပေးရတယ်။ ဖွံ့ဖြိုး တိုးတက်အောင်လည်း ကျွန်တော်တို့က ဆောင်ရွက်ပေးရတယ်။ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုရင် မသန်စွမ်းမှုအခြေ အနေပေါ့။ အရမ်းပြင်းနေလား။ အလယ်အလတ်ပဲလား။ သိပ်ပြီး မပြင်းထန်တာလား။ ဒါကို အခြေအနေကို အဆင့်ခွဲခြား ရမယ်။ နောက်ပြီးမှတ်ပုံတင်ရမယ်။ ဒါကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတယ်။ ကနဦးလေးမြို့နယ်မှာ ဆောင်ရွက်နေတယ်’ဟု ၎င်းက ပြောဆိုသည်။

UNICEF (မြန်မာ)နှင့်ပူးပေါင်း၍ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း တို့ကို ကရင်ပြည်နယ် ဘားအံမြို့ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နှင့် ရန်ကုန်တိုင်းဒေသ ကြီး လှိုင်သာယာမြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်၍ မသန်စွမ်းသူများမှတ်ပုံတင်ကြီးကြပ်ရေးမှူးသင်တန်း၊ ဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ် အေးက ပြောကြားခဲ့သည်။ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်စံနမူနာပြအဖြစ် နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း – မင်းမင်းထွန်း