NBA ကစားသမား ၁၆ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

အမေရိကန်ဘတ်စကက်ဘောအဖွဲ့ချုပ်(NBA)ရဲ့ ပုံမှန်ရာသီ လက်ကျန်ပွဲတွေကို ဇူလိုင်လ ၃၀ ရက်မှာ ပြန်လည်စတင်ကစားဖို့ ပြင်ဆင်ထားချိန် ကစားသမား ၁၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က NBA ကစားသမားပေါင်း ၃၀၂ ဦးကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီး ယမန်နေ့က ဆေးရလဒ်မှာ ပိုးတွေ့လူနာ ၁၆ ဦးရှိခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၁၆ ဦးဟာ သီးခြားခွဲနေထိုင်ရမှာဖြစ်ပြီး လေ့ကျင့်ခန်း ပြန်ဆင်းခွင့်မရခင် သူတို့တွေကို ဆရာဝန်တစ်ဦးက ကျန်းမာရေးစစ်ဆေးတာတွေ ပုံမှန်လုပ်သွားမှာဖြစ်ပါတယ်။

NBA ဟာ ကစားသမားတွေကို ဇူလိုင် ၁ ရက်ကစလို့ တစ်ဦးချင်းလေ့ကျင့်ခန်း ပြန်ဆင်းခွင့်ပေးထားပြီး အသင်းလိုက် လေ့ကျင့်ရေးအစီအစဉ်ကိုတော့ ဇူလိုင်လ ၇ ရက်မှာ ဖလော်ရီဒါပြည်နယ်က Disney World Resort မှာ စတင်လုပ်ဆောင်ခွင့်ပေးမယ်လို့ ဘီဘီစီအားကစားသတင်းတစ်ရပ်အရ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC