COVID-19 ကာလအတွင်း ပေါ့ဆမှုများ များလာသည်နှင့်တပြိုင်နက် ကပ်ဦးကာလအဖြစ် အခြေအနေ ပြောင်းလဲသွားနိုင်

ယခုလက်ရှိဖြစ်ပွားနေသည့် COVID-19 ကာလအတွင်း ပြည်သူများ၏ ပေါ့ဆမှုများ များလာသည်နှင့် တပြိုင်နက် ကပ်ဦးကာလအဖြစ် အခြေအနေပြောင်းလဲသွားနိုင်ကြောင်း ဘားအံပြည်သူ့ဆေးရုံမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာချိုချိုစန်းထူးကသတိပေးလိုက်သည်။

ယနေ့ (ဇွန် ၃၀ ရက်)နံနက်ပိုင်းကပြုလုပ်သည့် COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး၊ ဘားအံပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာချိုချိုစန်းထူးတို့၏ အပြန်အလှန်ဆွေးနွေးသည့် အစီအစဉ်တွင် ၎င်းကသတိပေးလိုက်ခြင်းဖြစ်သည်။

“ဒါက ကပ်ရောဂါဆိုတော့ တစ်ခုခုတိမ်းစောင်းတာနဲ့တစ်ပြိုင်နက် အမှားအယွင်းတွေအများကြီးဖြစ်သွားနိုင် ပါတယ်။ နောက်ပြီးတော့ ဒါကပ်ရောဂါ ပြီးတာမဟုတ်ဘူး။ ကံမကောင်းဘူးဆိုရင်ဒါ ကပ်ဦးကာလဖြစ်နိုင်ပါ တယ်။ စနစ်တကျထိန်းသိမ်းကြတယ်ဆိုရင် ဒါရည်မှန်းချက်ပန်းတိုင်ကိုချီတက်သွားကြနိုင်မှာပါ။ ပေါ့လိုက်ပြီး ထွက်ကြ၊ လည်ကြ၊နှာခေါင်းစည်းမတပ်ကြ၊ social distancing မူကိုမလိုက်နာကြ၊ လက်မဆေးကြဆိုရင် ကံကြမ္မာ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်”ဟု ဒေါက်တာချိုချိုစန်းထူးကပြောသည်။

ယခုအချိန်တွင် ပြည်သူများ၏ပေါ့ဆမှုများကပိုမိုများပြားလာသည့်အတွက် သတိရှိရှိနေထိုင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံသတိပေးပြောကြားသည်။

“ကျန်းမာရေးဝန်ကြီးဌာနက စိတ်ပူလာတယ်။ ပြည်သူတွေကပေါ့ဆလာကြလို့။ ပြည်သူတွေကမဖြစ်တော့ပါဘူး ဆိုပြီး ဒီအန္တရာယ်ကြီးကလွန်သွားပြီလို့ထင်နေတယ်။ မလွန်သေးဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။ ရန်ကုန်မှာဆိုရင် COVID ရောဂါစည်းမျဉ်းစည်းကမ်းတွေကိုမလိုက်နာတဲ့အကျိုးဆက်တွေထဲမှာ တခြားရောဂါ တွေပိုပြီးရှိလာတယ်။ တခြားအကျိုးဆက်တွေက ကားတွေ လမ်းမှာ ပိုများလာတယ်။ လူတွေအသွားအလာများ လာလို့ အရင်တုန်းကထက်ပိုပြီးကားတိုက်မှုတွေဖြစ်လာတယ်။ လူနာတွေကဆေးရုံကြီးကိုများလာတယ်။ ဆေးရုံမှာ လူနာတွေကိုကြည့်ရှုနေတဲ့အထဲမှာကိုဗစ်ရောဂါဖြစ်လို့ရှိရင်လည်း သူတို့ကိုပြန်ကြည့်ရှုရတယ်။ အလုပ်တွေကပိုပြီးပြင်းထန်လာတယ်။ ပြင်းထန်လာတဲ့အတွက် နိုင်ငံအတွက်ရင်ဆိုင်စရာတွေကပိုများလာ တယ်။ ဒါကြောင့်သတိထားဖို့အမြဲပြောနေတာ။ ပြောလွန်းတာ နားထောင်တဲ့သူတော့မသိဘူး။ ပြောတဲ့သူကတော်တော်အားနာနေပြီထပ်တလဲလဲပြောနေရတာ”ဟု ၎င်းကဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ယခုအခြေအနေတွင် ပေါ့လျော့သွားပါက၎င်းအန္တရာယ်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် နှမြောစရာ ကောင်းကြောင်း၊ အရှေ့ပိုင်းကပြုလုပ်ခဲ့တဲ့သည့်ကိစ္စရပ်များက အဟောသိကံ ဖြစ်သွားပါက နှမြောစရာ ကောင်းကြောင်း၎င်းကဆက်လက်သတိပေးပြောကြားခဲ့သည်။

ထို့အပြင်မြန်မာနိုင်ငံ၏ အဖိုးအတန်ဆုံးအရင်းအမြစ်မှာ ပြည်သူများဖြစ်ပြီး ရောဂါကြောင့်ပြည်သူများ ထိခိုက် ပါက နိုင်ငံအနေဖြင့် ထိခိုက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်သတိရှိစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဆက်လက်ပြောကြားခဲ့သည်။

ယခုလက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၂၉၉ ဦးအထိရှိနေပြီး သေဆုံးသူ ၆ဦးရှိကာ ရောဂါမှပြန်လည်သက်သာလာသူ ၂၂၂ ဦးအထိရှိလာပြီဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်