တရားဟောဆရာ စောဒေးဗစ်လားအမှု စွဲချက်တင်၊ မတင် လာမည့် ဇူလိုင် (၂)ရက်တွင် အမိန့်ချမည်

တရားဟောဆရာစောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ်)တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ – ၂၅ဖြင့် စွဲချက်တင်၊ မတင် လာမည့် ဇူလိုင် ၂ ရက်တွင် အမိန့်ချမည် ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောသည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံး၌ ယနေ့ (ဇွန် ၃၀ ရက်)၌ နှစ်ဖက်ရှေ့နေများက အမှုနှင့်ပတ်သက်၍ စွဲချက်တင်ရန်သင့်၊ မသင့် လျှောက်လဲချက်တင်ပြခဲ့ကြသည်။

အဆိုပါအမှုအား ဇွန် ၈ ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေအဖြစ် အဆိုတော် မျိုးကြီးအပါအဝင် လူပုဂ္ဂိုလ်(၁၂)ဦးအား စစ်ဆေးခဲ့သည်။

တရားလိုပြသက်သေများ၏ ထွက်ဆိုချက်အရ လူစုလူဝေးဖြင့် ဟောပြောကြောင်း မျက်မြင်ကိုယ်တွေ့ မရှိသည်ကို တွေ့ရကြောင်း စောဒေးဗစ်လား၏ ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြီးခဲ့သည့် ဇွန် ၁၀ ရက်ရုံးချိန်းတွင် သတင်းမီဒီယာများကို ပြောကြားထားသည်။

ကနေဒါနိုင်ငံသားခံယူထားသူ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ် ) တို့သည့် ယခုနှစ် မတ်လအတွင်း မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံး၌ ဧပြီလတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

သတင်း၊ဓာတ်ပုံ-မင်းဟိန်း/စံတော်ချိန်