နိုင်ငံအချို့၌ ကန့်သတ်ချက်များဖြေလျှော့ပြီးမှ COVID-19 လူနာများပြန်တွေ့၍ မြန်မာနိုင်ငံအနေနှင့် မပေါ့ဆသင့်ဟုဆို

စင်ကာပူနှင့် နယူးဇီလန်နိုင်ငံများ၌ ဖြေလျှော့မှုများပြုလုပ်ပြီးမှ COVID-19 လူနာများပြန်လည်တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေနှင့် သတိလက်လွတ်ဆောင်ရွက်မည်ဆိုပါက အချိန်မရွေးရောဂါကူးစက်မှုမြင့်တက်လာနိုင်သောကြောင့် ပေါ့ပေါ့ဆဆမနေသင့်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့(ဇွန် ၃၀ ရက်) တွင်ပြုလုပ်သည့် COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဒေါက်တာသန္တာလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရောဂါနှိမ်နင်းရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာမြင့်မြင့်အေး (ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)၊ ဒေါက်တာချိုချိုစန်းထူး (အထူးကုဆေးရုံကြီး (ဆေးပညာ) ဘားအံပြည်သူ့ဆေးရုံ) တို့နှင့် အပြန်အလှန်တွေ့ ဆုံဆွေးနွေးသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ဒေါက်တာသန္တာလွင်က အထက်ပါအတိုင်း ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။

“စင်ကာပူတို့လို နယူးဇီလန်နိုင်ငံတို့မှာ ဖြစ်ပွားမှုတွေများစွာလျှော့ကျပြီး မရှိသလောက်ဖြစ်ပြီဆိုတာကို ကြေညာပြီးတော့မှ လူနာတွေပြန်တွေ့နေတာကို သိရှိရပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဒီအချိန်ကို လျှော့လျှော့ပေါ့ပေါ့ လေးပဲဆောင်ရွက်မယ်။ သတိလက်လွတ်ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်မှုတွေ အချိန်မရွေးမြင့်တက်လာနိုင်တဲ့အတွက် ပေါ့ဆ၍မရကြောင်း ပြည်သူကိုတင်ပြချင်ပါတယ်” ဟု ဒေါက်တာသန္တာလွင်က ပြောဆိုခဲ့သည်။

အလားတူ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံများတွင်လည်း ကန့်သတ်ချက်များဖြေလျှော့ပြီးမှ ပိုးတွေ့လူနာများပြန်လည်တွေ့ရှိလာသည့်အတွက် ထပ်မံ၍ကန့်သတ်မှုများပြန်လည်ပြုလုပ်ရကြောင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများ၌ အဆင့်အလိုက်ဖြေလျှော့ခြင်းများရှိသော်လည်း ပြည်ပခရီးသွားမှုများကို ယခုအချိန်ထိကန့်သတ်ထားရသည့် ဖြစ်စဉ်များရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“လနဲ့ချီပြီး ကန့်သတ်ထားတဲ့အတွက် လူထုစီးပွားရေးအခြေအနေကို ထိခိုက်မှုရှိပါတယ်။ စီးပွားရေးပြန်လုပ်ဖို့တာဆူလာပြီ။ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်တွေ ဖွင့်လှစ်ခွင့်ကိုလည်း နိုင်ငံတော်ကနေ ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်နဲ့အညီ ညွှန်ကြားဆောင်ရွက်ထားပြီဖြစ်သော်လည်း တကယ်လို့များ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လိုက်နာရမဲ့ညွှန်ကြားချက်တွေကို မလုပ်ဘူးဆိုရင် ပေါ့ဆပြီး ရောဂါကူးစက်နိုင်မယ့် အခြေအနေဖြစ်လာနိုင်တာကို တွေ့ရပါတယ်” ဟု ၎င်းက သတိပေးဆွေးနွေးခဲ့သည်။

ထို့အပြင် ပြည်တွင်းကူးစက်မှုများနည်းပါးလာပြီး ကန့်သတ်ချက်များကို ဖြေလျှော့မှုများပြုလုပ်လာသောကြောင့် ပြည်သူအချို့မှာ နှာခေါင်းစည်းများ မတပ်ဆင်တော့သည်ကို တွေ့လာရကြောင်း၊ ယင်းမှာအရေးကြီးပြီး ပြည်တွင်းကူးစက်မှုများပြန်လည်ဖြစ်ပွားနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း ဆက်လက်ဆွေးနွေးပြောဆိုခဲ့သည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်