COVID-19 ရောဂါပိုးကင်းစင်လာသူ သုံးဦးထပ်မံတိုး

ဓာတ်ခွဲအတည်ပြုလူနာအသစ်မရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့( ဇွန် ၂၉ ရက် )ည ( ၈ ) နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအသစ် မရှိကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (NHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၆၆) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (NHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၉၄) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၁၈) ခု၊စုစုပေါင်း (၁,၂၂၉)ခု အား ယနေ့ ( ဇွန် ၂၉ )ရက်တွင်စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် ပိုးမတွေ့ရှိ ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ သုံးဦး (Case- 182, 200 နှင့် 201) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူစုစုပေါင်း (၂၂၂) ဦးရှိပြီး ၎င်းတို့အနက် (၂၁၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၉) ဦးရှိပြီး သေဆုံးလူနာ(၆)ဦးရှိပြီဖြစ်သည်။

သတင်း – အဉ္ဇလီသင်း / စံတော်ချိန်