ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ မြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၂၁ ဦး ပြန်လည်ရောက်ရှိ

ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှမြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၂၁ ဦးသည် ယနေ့ ( ဇွန် ၂၉ ရက် ) ညနေ ၃နာရီ ၂၀ မိနစ် တွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုဒေသတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၁) ဦးအား မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA) ၏ လေကြောင်းပျံသန်းအမှတ် UB- 8030 ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင်မကာအိုဒေသမှ မြန်မာနိုင်ငံသား (၁၀၄) ဦး၊ ဟောင်ကောင်ဒေသမှ မြန်မာနိုင်ငံသား (၆) ဦးနှင့် ဟောင်ကောင် ဆိပ်ကမ်း၌ Sign Off ပြုလုပ်ခဲ့သည့် မြန်မာသင်္ဘောသား (၁၁) ဦး စုစုပေါင်း (၁၂၁) ဦးလိုက်ပါခဲ့ကြောင်း သိရသည်။

ထို့အပြင်ဟောင်ကောင်နှင့် မကာအိုဒေသခံများအပါအဝင် ခရီးသည်စုစုပေါင်း (၄၀) ဦးကိုလည်း ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအားပြန်လည်ခေါ်ဆောင်ပေးခဲ့သည်မှာ စုစုပေါင်း ( ၆၁၂၈ )ဦးရှိပြီဖြစ်သည်။

သတင်း – အဉ္ဇလီသင်း / စံတော်ချိန်
ဓာတ္ပုံ – MOFA