အလုပ်ခန့်စာ နောက်ကျသည့်အပေါ် ခေါင်းတလားချကာ ဆန္ဒပြ

ဆရာ/ဆရာမများ၏ အလုပ်ခန့်စာ အမိန့်ထုတ်ပြန်ခြင်းနောက်ကျသည့်အတွက်ဟုဆိုကာ စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးရှေ့၌ ပညာရေးဝန်ကြီး၏ ခေါင်းတလားပုံစံချကာ တောင်းဆိုဆန္ဒထုတ်ဖော်မှုတစ်ခု ဇွန် ၂၈ ရက်က ဖြစ်ခဲ့သည်။

နှစ်စဉ်နှစ်တိုင်း လုပ်ငန်းခွင်ဝင်မည့် ဆရာဆရာမများ၏ အလုပ်ခန့်စာ အမိန့်(Order) ထုတ်ပြန်ရန် နောက်ကျခြင်းများ၊ စနစ်မကျသောဆရာခန့်ထားရေးမူဝါဒများ၊ ကတိကဝတ်မတည်ခြင်းများ၊ မိမိတို့ ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီနှင့် ထားရှိသောကတိကဝတ်မတည်မူများကြောင့် ယခုကဲ့သို့ခေါင်းတလားပြုလုပ်၍ တုန့်ပြန်ရခြင်းဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ အကြံပေးကော်မတီဝင် ကိုဇော်ရဲထွဋ်က စံတော်ချိန်သို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့၌ချထားသည့်အဆိုပါခေါင်းတလားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ အမည်ရေးသားထားခြင်းဖြစ်ပြီး အဆိုပါခေါင်းတလားတစ်လုံးအား ဇွန် ၂၈ ရက် ည ၉ နာရီခန့်က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီထံမှ သိရသည်။

“အလုပ်ခန့်တဲ့ကိစ္စတွေမှာ အမြဲနောက်ကျတယ်။ ၂၀၁၈ ၊၂၀၁၉ တုန်းကလည်းနောက်ကျခဲ့တယ်။ ၂၀၂၀မှာလည်းနောက်ကျဆဲပဲ။ အခုက ကိုဗစ်ကာလမို့ နောက်ကျတယ်ဆိုတာကိုတော့ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ နှစ်တိုင်းလိုလို ဖြစ်ခဲ့တွေကတော့ စဉ်းစားစရာပေါ့နော်။ နောက်တစ်ခုကျတော့ ကျွန်တော်တို့ ကော်မတီနဲ့ ထားခဲ့တဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်မပေးနိုင်တာတွေကြောင့် ဒီကိစ္စတွေကြောင့် အလောင်းကောင် ပုံစံပို့ဖြစ်တာပါ”ဟု ကိုဇော်ရဲထွဋ်က ပြောသည်။

ယခင်နှစ်များတွင်လည်း ယခုကဲ့သို့ အလုပ်ခန့်စာ နောက်ကျခြင်းကြောင့် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သော်လည်း ခေါင်းတလားပုံစံပြုလုပ်ပေးပို့တောင်းဆိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ အကြံပေးကော်မတီဝင် ကိုဇော်ရဲထွဋ်က ပြောသည်။

“ပုံမှန်ဆိုရင် order က ခြောက်လပိုင်း ဒုတိယပတ်လောက်မှာ နှစ်တိုင်းထွက်ပေးရမှာ။ ဒါပေမဲ့အမြဲတမ်း လိုလိုတော့နောက်ကျတယ်။ အခုဆိုရင်လည်း အချိန်ကလွန်သွားပြီ။ ၂၀၁၇ လောက်ဆိုရင် ရှစ်လပိုင်းလောက်ကမှ ချပေးနိုင်တာ။ အလုပ်ခန့်စာကအမြဲတမ်းလိုလို နောက်ကျတယ်။ ၂၀၁၇မှာ နောက်ကျလို့ ဆန္ဒပြတယ်။ အဲ့နောက်ပိုင်းလည်း နောက်ကျနေသေးလို့ အသေးစားလှုပ်ရှားမှုတွေတော့ လုပ်ဖြစ်တယ်။ အခေါင်းပို့တာတော့ ဒါပထမဆုံးပေါ့”ဟု ၎င်းက ဆိုသည်။

ထိုခေါင်းတလားပေါ်တွင် “ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အသက်၅၅ နှစ် ၊ DTED နှင့် PPTT များ Order ချပေးရန် ကြိုးစားပမ်းစားစီမံခန့်ခွဲရင်း ကွယ်လွန်”ဟု ရေးသားထားသည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး၏ အမည်ရေးသားထားသည့်ခေါင်းတလားပုံစံအတုပြုလုပ်ကာ တောင်းဆိုမှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနဘက်မှတစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်း မရှိသေးကြောင်း ကိုဇော်ရဲထွဋ်က ပြောသည်။

သတင်း-သီတာလွင် /စံတော်ချိန်
ဓာတ်ပုံ – Representative Committee Of ECSUs Facebook Page