ပြည်သူများ အလိမ်မခံရစေရန် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲမဆွယ်ရေး ကန့်ကွက်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော

ပြည်သူများ အလိမ်မခံရစေရန် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲမဆွယ်ရန် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ယ‌နေ့ (ဇွန် ၂၉ရက်)မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ House of Orchid ၌ ပြုလုပ်သည့် နိုင်ငံရေးပါတီများဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားခေါင်းဆောင်ဖြစ်တယ်။ လွတ်လပ်ရေးဖခင်ဖြစ်တယ်။ ပြည်သူအားလုံးက ချစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ချစ်တယ်။ အဲ့တော့ ပြည်သူတွေက သူတို့ မဲဆန္ဒနယ်မှာ ဗိုလ်ချူပ်ကိုပဲ မြင်တယ်။ ဒီချစ်တဲ့စိတ်နဲ့ပဲ ဒေသက ကိုယ်စားလှယ်လောင်းကို မကြည့်နဲ့ ဗိုလ်ချုပ်ပုံပဲ ကြည့်ပြီးမဲပေးကြတယ်။ ဒီလိုဗိုလ်ချုပ်ပုံကိုပဲ ကြည့်ပြီး မဲပေးခဲ့ကြတဲ့အတွက် လွှတ်တော်ရဲ့ စွမ်းဆောင်ရည်၊ အစိုးရရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပါ။ တိုင်းပြည်ရဲ့ စီးပွားရေး ဘယ်လောက်ကျသွားလာလဲ။ ဒါကြောင့် မဲဆန္ဒပြည်သူတွေ ကြည့်ရမှာက ပါတီမဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းပဲ”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံအား မဲဆွယ်ရာတွင်အသုံးမပြုရန် နိုင်ငံရေးပါတီ(၃၀)ခန့်က တင်ပြခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခြင်းမရှိဘဲ ဗိုလ်ချုပ်ရုပ်ပုံအား ပါတီများ အားလုံ မဲဆွယ်ရာတွင် အသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ ဖြစ်သလို နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်လည်းဖြစ်တယ်။ သာမာန်ပုဂ္ဂိုလ်ဆိုရင် မပြောဘူး။ တစ်နိုင်ငံလုံးက ချစ်ခင်တဲ့ အမျိုးသားခေါင်းဆောင်ဖြစ်လို့ ရုပ်ပုံနဲ့မဲမဆွယ်ရေးကန့်ကွက်ရတာဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

သတင်း- မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ- ထူးထူး/စံတော်ချိန်