အင်းစိန်မြို့နယ်အား stay at home အစီအစဉ်မှပယ်ဖျက်

အင်းစိန်မြို့နယ်အား stay at home အစီအစဉ်မှပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ (ဇွန် ၃၀ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID -19 ရောဂါကူးစက်ပျံ့ပွားမှုနှင့် ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်များအရ ရောဂါထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုများရှိလာသဖြင့် မနက်ဖြန် (ဇူလိုင် ၁ ရက်) နံနက် ၄ နာရီမှစပြီး အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ပြည်သူများကို stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ် (၁၀)မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ် (၁)မြို့နယ် စုစုပေါင်း (၁၁)မြို့နယ်တွင် နေထိုင်ကြသည့်ပြည်သူများကို stay at home အစီအစဉ်ဖြင့် သတ်မှတ်နေထိုင်စေခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်များအနက် မြို့နယ် ( ၁၀ )မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ်မှု အခြေအ‌နေတိုးတက်လာသဖြင့် မေ ၁၄ ရက် ၊ မေ ၂၅ ရက်နှင့် ဇွန် ၁၄ ရက်တွင် stay at home အစီအစဉ်မှပယ်ဖျက်ခဲ့ပြီးဖြစ်သည်။

stay at home အစီအစဉ်မှ ပယ်ဖျက်လိုက်သည့်မြို့နယ်များမှာ ရန်ကုန်တိုင်းဒေသကြီးမှ တောင်ဥက္ကလာပမြို့နယ်၊ ဗဟန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ တာမွေမြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေးမြို့နယ်တို့ဖြစ်သည် ။

သတင်း – အဉ္ဇလီသင်း / စံတော်ချိန်