လူကုန်ကူးခံရသူ မြန်မာ ၇၅ ဦး မြ၀တီဘက်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသော လူမှောင်ခို/လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၅ ဦးအား ဇွန် ၂၉ ရက်က နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းဘက်ခြမ်းမှ မြန်မာဘက်ခြမ်း မြ၀တီဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ကြောင်း မြ၀တီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မြန်မာနိုင်ငံသား ၇၅ ဦးမှာ လူမှောင်ခို/လူကုန်ကူးခံရပြီး ထိုင်းဘက်ခြမ်း တာဝန်ရှိသူများက လူမှုစောင့်ရှောက်ရေးဂေဟာများတွင် သုံးလခန့်ထားရှိပြီးမှ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

‘ကျွန်တော်တို့နိုင်ငံကနေ ထိုင်းဘက်ဝင်ရုံပဲဆို သူတို့ဘက်က မသိကျိုးကျွန်ပြုထားတယ်။ သူတို့ဘက်ကနေတစ်ဆင့် မလေးဘက်ကို ကူးမယ်ဆိုရင် ဖမ်းဆီးတာများတယ်။ ပြန်လွှဲတဲ့အခါကျတော့ လူကုန်ကူးခေါင်းစဉ်နဲ့ ပြန်လွှဲတာပေါ့။ ခုပြန်လာပို့တဲ့သူတွေက ထိုင်းဘက်ခြမ်းမှာ လူမှောင်ခို/လူကုန်ကူးခံရပြီး ထိုင်းဘက်က စောင့်ရှောက်ရေးဂေဟာတွေမှာ ထိန်းသိမ်းထားတဲ့သူတွေ ဖြစ်တယ်။ သူတို့က ဖမ်းဆီးခံထားရတာ မဟုတ်ဘူး။ ပြစ်ဒဏ်ကျခံရတဲ့သူတွေ မဟုတ်ဘူး။ ဒီမနက်မှာ မြ၀တီဘက်ခြမ်းကို ထိုင်းဘက်က လာပြန်လွှဲပေးတာပေါ့။ သူတို့ကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး သီးသန့် Quarantine နေရာတွေမှာထားပြီး စောင့်ကြည့်သွားရမှာပါ။ ခုပြန်လွှဲတဲ့သူတွေကလည်း ပြည်နယ်နဲ့ တိုင်းအစုံက လူတွေပါတယ်’ဟု မြ၀တီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောဆိုသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် လူမှောင်ခို/လူကုန်ကူးခံရသော မြန်မာနိုင်ငံသားများအား ပုံမှန်အားဖြင့် သုံးလလျှင် တစ်ကြိမ်၊ ခြောက်လလျှင်တစ်ကြိမ် လွှဲပြောင်းပေးအပ်တတ်သော်လည်း COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလ ပြန်လည်လွှဲပြောင်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းမှ မြန်မာဘက်ခြမ်း မြ၀တီဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်သော မြန်မာနိုင်ငံသား ကျား ၇၄ ဦး၊ မ တစ်ဦး စုစုပေါင်း ၇၅ ဦးအား ချစ်ကြည်ရေးတံတား အမှတ်(၂) BCF Zone တွင် မြန်မာဘက်ခြမ်းတာဝန်ရှိသူများက စနစ်တကျ လက်ခံခဲ့ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ မြ၀တီမြို့ရှိ MOU CBFQ တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းဘက်ခြမ်းတွင် အမှုကိစ္စအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများနှင့် လူမှောင်ခို/လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများအား မြန်မာဘက်ခြမ်း မြ၀တီဘက်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာလအတွင်း ထိုင်းဘက်ခြမ်းမှ မြန်မာဘက်သို့ နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်က စတင်လက်ခံခဲ့ရာ ဇွန် ၂၉ ရက် အထိ ပြန်လည်ဝင်ရောက်လာသူ ဦးရေ ၃၅၀၀၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

သတင်း – အောင်မြင့်ထွန်း(မြစ်မခ)