တာချီလိတ်မြို့နယ်အတွင်း ကျပ် ၂၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် ဇွန် ၂၈ ရက် နံနက် ၄ နာရီခွဲခန့်က ကျပ် ၂၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီး၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၈ ရက် နံနက် ၄ နာရီခွဲတွင် သတင်းအရ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာပလတ်စတစ်အိတ်အစအား တွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် ဆက်လက်တူးဖော်ရှာဖွေခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၆၄၈၀၀၀၀ ခန့်၊ စိတ်ကြွဆေးပြား အကြေ(ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်)၊ AK မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ၎င်း ကျည်အိမ်တစ်ခုနှင့် ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ နှစ်လုံးပြူး သေနတ်တစ်လက်၊ ၎င်းကျည် ငါးတောင့်၊ တစ်လုံးထိုး သေနတ်နှစ်လက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သိရသည်။

သတင်း – ဇော်ဌေးသန်း
ဓာတ်ပုံ – သတင်းမှန် ပြန်ကြားရေးအဖွဲ့