အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟောင်ကောင်လုံခြုံရေးဥပဒေကို တရုတ်အစိုးရ အတည်ပြု

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟောင်ကောင်လုံခြုံရေးဥပဒေကို တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ အမြဲတမ်းကော်မတီက အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ လုံခြုံရေးဥပဒေဟာ ဟောင်ကောင်ကို အဖျက်သမားနဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပေမယ့် ၁၉၉၇ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့တဲ့ ဒေသတစ်ခုရဲ့လွှတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်သွားမှာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

လုံခြုံဥပဒေအရ ဟောင်ကောင်အစိုးရကို နိုင်ငံခြားစစ်တပ်နဲ့ပူးပေါင်းအလုပ်လုပ်ခွင့်ပေးမှာမဟုတ်သလို ခွဲထွက်ရေးလှုပ်ရှားမှုတွေလည်း ပိတ်ပင်တားဆီးသွားမှာဖြစ်ပါတယ်။ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဟာ ဟောင်ကောင် လုံခြုံရေးဥပဒေကို အတည်ပြုနိုင်ဖို့ တနင်္ဂနွေနေ့ကတည်းကစတင်ပြီး ၃ ရက်ကြာဆွေးနွေးခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁ ရက်ကစလို့ ဥပဒေစတင်အသက်ဝင်မယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ဟာ ဟောင်ကောင်ကျွန်းကို ဗြိတိန်ကနေ တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့တာ ၂၃ နှစ်ပြည့်တဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဟောင်ကောင်လုံခြုံရေးဥပဒေကို အတည်ပြုလိုက်ပြီဖြစ်ပေမယ့် ဥပဒေမူကြမ်းကို တစ်ခါမှ လူသိရှင်ကြား မထုတ်ပြန်ခဲ့သလို အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိခဲ့ဘူးလို့ အယ်လ်ဂျာဇီးယားသတင်းက ဖော်ပြသွားခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Al Jazeera