ပြည်သူ့ရန်ပုံငွေ အလွှဲသုံးစားလုပ်မှုကြောင့် ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်နဲ့ငွေဒဏ် ချခံရ

ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဖရန်ဆွာဖီယွန်နဲ့ သူ့ဇနီး ပီးနီလုပ်တို့ကို အများပြည်သူရန်ပုံငွေကို အလွဲသုံးစားလုပ်မှု၊ အလွဲသုံးစားလုပ်တာမှာ ကြံရာပါမှုတို့ကြောင့် ပဲရစ်မြို့ တရားရုံးက ထောင်ဒဏ်နဲ့ငွေဒဏ်တွေအသီးသီး ချမှတ်ခဲ့ပါတယ်။ ဖီယွန်ဟာ သမ္မတ ဆာကိုဇီ လက်ထက်က ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။ အမှုစစ် တရားသူကြီးက ဝန်ကြီးချုပ်ဟောင်း ဖီယွန်ဟာ ပြည်သူ့ရန်ပုံငွေ ယူရိုသိန်းပေါင်းများစွာကို အလုပ်နည်းနည်းပြပြီး ဒါမှမဟုတ် လုံးဝမလုပ်ဘဲ သူ့ဇနီး၊ သားသမီးနဲ့ လက်ထောက်အရာရှိ မာ့ခ်ယူလော့ဒ်တို့ကို ပေးခဲ့တယ်လို့ စီရင်ချက်ချခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဖီယွန်ကို ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ် ယူရို သုံးသိန်းခုနစ်သောင်းငါးထောင်ပေးဖို့ ပြစ်ဒဏ်ချခဲ့တဲ့အပြင် ရွေးကောက်ပွဲတွေမှာ ပါဝင်ပတ်သက်ခွင့် ၁၀ နှစ်အထိ ပိတ်ပင်ခဲ့ပါတယ်။ သူ့ရဲ့ထောင်ဒဏ် ၅ နှစ်ထဲမှာ ၃ နှစ်ကိုတော့ ဆိုင်းငံ့အဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ သူ့ဇနီး ပီးနီလုပ်ကိုတော့ အလွဲသုံးစားလုပ်မှုမှာ ကြံရာပါအနေနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ယူရို သုံးသိန်းခုနစ်သောင်းငါးထောင် ဒဏ်တပ်ခဲ့ပါတယ်။ ဒါ့အပြင် ဖီယွန်နဲ့အတူ လက်ထောက်အရာရှိဟောင်း မာ့ခ်ယူလော့ဒ်တို့ကို ပြင်သစ်အမျိုးသားညီလာခံကို လျော်ကြေး ယူရို ၁ သန်းပေးဖို့လည်း အမိန့်ချမှတ်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါရှိပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – CNN