လိဂ်မန်နေဂျာအစည်းအရုံးရဲ့ အကောင်းဆုံးဆုကို လီဗာပူးနည်းပြ ကလော့ပ် ရရှိ

လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်နည်းပြပေးနိုင်ခဲ့တဲ့ ဂျာမနီနည်းပြ ဂျာဂန်ကလော့ပ်ကို လိဂ်မန်နေဂျာအစည်းအရုံးက ဒီနှစ်ရဲ့အကောင်းဆုံးနည်းပြဆုကို ပေးအပ်ဖို့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

လိဂ်မန်နေဂျာအစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို Sky Sports ရုပ်/သံကနေ ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ကလော့ပ်ဟာ အကောင်းဆုံး နည်းပြဆုနဲ့ လုံးဝ ထိုက်တန်ကြောင်း ချီးကျူးခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွေထဲမှာ မန်စီးတီးအသင်းရဲ့ စံချိန်တင်ရမှတ် ၁၀၀ ကို မမီခဲ့ပေမယ့် တစ်ရာသီလုံးမှာ အိမ်ကွင်းရှုံးပွဲမရှိခဲ့တဲ့အပြင် တခြားမှတ်တမ်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ လိဂ်မန်နေဂျာ အစည်းအရုံးရဲ့ အကောင်းဆုံးနည်းပြဆုကို “ဆာအဲလက်စ်ဖာဂူဆန်ဆု”လို့ အမည်ပြောင်းခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC