ပရီးမီးယားလိဂ်ကို ပြန်ဖို့အခွင့်အရေးရရင် ငြင်းဆန်မှာမဟုတ်ကြောင်း ဘို့တန်း ဖွင့်ဟ

ဘိုင်ယန်မြူးနစ်နောက်ခံလူဂျရိုမီဘို့တန်းက လက်ရှိနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပရိးမီးယားလိဂ် ကလပ်အသင်းတစ်ခုခုရဲ့ကမ်းလှမ်းမှုရခဲ့ရင် ငြင်းဆန်မှာမဟုတ်ကြောင်း၊ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဘို့တန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေပြီး လာမယ့်ရာသီမှာ တခြားအသင်းတစ်ခုခုကို ပြောင်းရွှေ့တော့မယ်လို့လည်း သတင်းတွေထွက်ပေါ် နေပါတယ်။

ယမန်နေ့က တရုတ်အားကစားရုပ်သံလိုင်း CGTN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို Goal.com ဝက်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့ရာမှာ မန်စီးတီးအသင်းသားဟောင်းဖြစ်တဲ့ ဘို့တန်းက “ နွေရာသီ ဈေးကွက်အတွင်း ပရီးမီးယားလိဂ်ဘက်က ကမ်းလှမ်းခဲ့ရင် ကျွန်တော်ငြင်းဆန်မှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ ကစားရတာပျော်ပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့လည်း တွဲဖက်ပြီး လေ့ကျင့်ခန်းဆင်းနိုင်တယ်လေ” လို့ ဆိုခဲ့ပါတယ်။

သတင်း – ကိုဆွဲ(မုံရွာ)
ကိုးကား – Goal.com