အကြည်တော်၏ စာအုပ်အသစ်”သူခိုး”လုံးချင်းအား ဝန်ဇင်းမှ ပုံနှိပ်ထုတ်ဝေ

Wun Zinn Online စာပေမှ ပထမဆုံး ပုံနှိပ်ထုတ်ဝေဖြန့်ချိသော စာရေးဆရာ အကြည်တော်၏ “သူခိုး” လုံးချင်းဝတ္ထုအသစ်ကို ဇူလိုင် ၂၉ ရက်က စတင်ဖြန့်ချိခဲ့ပေးခဲ့ကြောင်း အဆိုပါစာပေမှသိရသည်။

စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို စတင်တိုးချဲ့လုပ်ဆောင်ခဲ့ရခြင်းသည် ကြိုက်နှစ်သက်သည့် စာအုပ်များကို ဝယ်ယူသိမ်းဆည်းချင်သည့် စာဖတ်ပရိသတ်တွေအတွက် ရည်ရွယ်ပြီး Wun Zinn Online စာပေအနေနဲ့ စတင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုဝင်းလှိုင်က ပြောသည်။

“၂၀၁၃ ကမှ စလုပ်တာဆိုတော့ နောက်ကျပေမယ့်လည်း ကျွန်တော်တို့လုပ်နေတဲ့ သက်တမ်းတစ်လျှောက်နဲ့ ပြန်ကြည့်ရင် မဆိုးဘူးပြောရမယ်။ စာဖတ်ရှိန်တွေ တော်တော်မြင့်လာတယ်။ လူတွေကစာအုပ်ကို ဝယ်ရမယ်၊ ဖတ်ရမယ်၊ သိမ်းရမယ်ဆိုတဲ့ အသိလေးတွေရလာတယ်ပေါ့နော်။ ပြောရမယ်ဆို ကျွန်တော်တို့ကိုယ်တိုင်လည်း ထုတ်ဝေသူဖြစ်ချင်တယ်ဆိုတာထက် စာအုပ်ထုတ်ကြည့်ချင်တယ်။ ကျွန်တော်တို့ အွန်လိုင်းကနေ e-book ကြီးပဲ တောက်လျှောက်သွားခဲ့တာ။ အခုမှပုံနှိပ်လုပ်ငန်းကို စပြီးစမ်းကြည့်တာပါ”ဟု ၎င်းကပြောသည်။

ယခုထုတ်ဝေသည့် “သူခိုး”ဝတ္ထုသည် Wun Zinn Online Sarpay ၌ e-book အဖြစ်တင်ပေးခဲ့ပြီး အွန်လိုင်းစာဖတ်ပရိသတ်များ၏ အားပေးမှုကြောင့် စာအုပ်အဖြစ် ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဝတ္ထုသည် သူခိုးငပိန်ကို ဇာတ်ကောင်ထားရေးဖွဲ့ထားတဲ့ ဆရာအကြည်တော်၏ ဟာသဝတ္ထုအသစ်ဖြစ်ပြီး စာမျက်နှာ ၂၆၆ မျက်နှာပါဝင်ကာ တန်ဖိုး ၄၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ အဆိုပါဝတ္ထုကိုလည်းရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုမှ ဝယ်ယူထားပြီးဖြစ်ကာ ဒါရိုက်တာကိုပေါက်မှ ဖန်တီးပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

Wun zinn Application သည် စာရေးဆရာများနှင့်ထုတ်ဝေသူများ၏ တရားဝင်ခွင့်ပြုချက်ဖြင့် စာအုပ်များအား e-book အဖြစ်ရောင်းချပေးနေသည့် App တစ်ခုဖြစ်သည်။

အဆိုပါ စာအုပ်များကို ဖုန်းဘေလ်ဖြစ်လည်းကောင်း၊ Visa Card၊ Master Cardများဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်း – အဉ္ဇလီသင်း
ဓာတ်ပုံ – ကြယ်စင်