အိမ်အကူ ခင်မာမြင့်အား ထောင်ဒဏ်(၇)နှစ်နှင့် ပွဲစား ဒေါ်ညိုအား ထောင်ဒဏ်(၅)နှစ်ချမှတ်

အိမ်အကူ ခင်မာမြင့်အား ထောင်ဒဏ်(၇)နှစ်နှင့် ပွဲစား ဒေါ်ညိုအား ထောင်ဒဏ်(၅)နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့ (ဇူလိုင် ၃၀ ရက်)တွင်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ဒေါ်ညို၏ ရှေ့နေ ဦးခင်မောင်တင်က “ပုဒ်မ-၃၈၉ နဲ့ စွဲတဲ့အမှုမှာက ဒေါ်ညိုနဲ့ ခင်မာမြင့်ကို ထောင်ဒဏ် ၅ နှစ် ချပါတယ်။ ခင်မာမြင့်တစ်ဦးတည်းကို ပုဒ်မ-၂၁၁ နဲ့ စွဲတာကတော့ ထောင်ဒဏ် ၂ နှစ်ပေါ့။ စုစုပေါင်းက ခင်မာမြင့်က ထောင်ဒဏ် ၇ နှစ်၊ ဒေါ်ညိုက ထောင်ဒဏ် ၅ နှစ်ပါ”ဟု စံတော်ချိန်သို့ ပြောသည်။

တရားရုံးမှ ပြစ်ဒဏ်ချမှတ်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အမိန့်စာ ကူးယူဖတ်ရှုပြီးမှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း ဦးခင်မောင်တင်က ပြောသည်။

“အမှုမှာ ဘာကြောင့် အမိန့်ချတယ်။ ဘယ်လိုကွဲလွဲချက်တွေရှိတယ်ဆိုတာကတော့ တရားရုံးအမိန့်စာကို ကူးယူဖတ်ရှုပြီးမှပဲ ဖြေလို့ရပါလိမ့်မယ်”ဟု ရှေ့နေ ဦးခင်မောင်တင်က ပြောသည်။

ပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံတက်ရန် အမှုသည်ဘက်မှ ဆန္ဒရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်တင်က ပြောသည်။

အဆိုပါအမှုတွင် ခင်ပွန်းဖြစ်သူ သီဟတင်စိုးကို မုဒိမ်းမှုနှင့် လီဆယ်အမှုဖွင့်ကာ ခြိမ်းခြောက်ငွေတောင်းသည်ဟုဆိုကာ သရုပ်ဆောင်ဇင်မာဦးက တရားလိုပြုလုပ်၍ အိမ်အကူ ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုကို ပုဒ်မ- ၃၈၉ ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အိမ်အကူခင်မာမြင့်ကို သုဝဏ္ဏနယ်မြေရဲစခန်းက တရားလိုပြုလုပ်၍ လိမ်လည်တိုင်တန်းမှု ပုဒ်မ-၂၁၁ ဖြင့်လည်း စွဲဆိုခဲ့သည်။

အမှုတွင်တရားလိုဘက်မှ သီဟတင်စိုးအပါအဝင်သက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ သက်သေ ၄ ဦးကို စစ်ဆေးခဲ့သည်။

အဆိုပါအမှုမှ တရားလိုပြသက်သေများအား စစ်ဆေးပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ခင်မာမြင့်နှင့် ဒေါ်ညိုအား မူလပုဒ်မများဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ ဓာတ်ပုံ – မင်းဟိန်း/စံတော်ချိန်