ဒီမိုကရေစီလမ်း မကောင်းသေးပါက ကောင်းအောင်ပြင်ရန်မဲပေးဖြစ်အောင်ပေးကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုက်တွန်း

လျှောက်ချင်သည့် ဒီမိုကရေစီ လမ်း မကောင်းသေးပါက ကောင်းအောင် ပြင်ရန်အတွက် ပြည်သူများအနေဖြင့် မဲပေးဖြစ်အောင် ပေးကြရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဇူလိုင် ၃၁ ရက်တွင် တိုက် တွန်းပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက် ပွဲတွင် မဲရုံသို့ မဲသွားမပေးရန် (No Vote)ဆိုသည့် လှုပ်ရှားမှုများ ပေါ်လာခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေး ရေးသားရာတွင် ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

“ဒီမိုကရေစီရဲ့အရေးပါဆုံးအနှစ်သာရတစ်ခုက လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းပါ။ ဒီမိုကရေစီအစိုးရဆိုတဲ့ ခေတ်ထဲကျမှ မဲရုံကို မဲသွားမပေးဖို့ (No Vote) ဆိုတဲ့ အယူအဆနဲ့ လှုပ်ရှားမှုတွေပေါ်လာတာ ဟာ ဘာကြောင့်ဖြစ်ပါမလဲ ။ တစ်စုံတစ်ရာ အပေါ်၊ ဒါမှမဟုတ် အကြောင်းပေါင်း များစွာအပေါ်မှာ ယုံကြည်မှုပျောက်ဆုံးသွားခြင်းကြောင့်လား၊ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ ကောင်း၊ သင့်၊ ညံ့ ဆိုတဲ့ အမျိုးအစားသုံးရပ်ထဲက ကိုယ်ကြိုက်ရာ ရွေးယူခွင့်ဟာ ပြည်သူတိုင်းပိုင်တဲ့အခွင့်အရေးတစ်ရပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ် မရွေးရင် သူများရွေးပေးတာကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက်ယူရမှာ။ အဲဒါလည်း ဒီမိုကရေစီပါပဲခင်ဗျာ။ လျှောက်ချင်တဲ့ ဒီမိုကရေစီ လမ်းမကောင်းသေးရင် ကောင်းအောင်ပြင်ဖို့ မဲပေးဖြစ်အောင်ပေးကြပါစို့ခင်ဗျာ”ဟု ၎င်းက ရေးသားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းတွင် အာဏာတည်သည်ဟုဖော်ပြထားသဖြင့် မိမိဖယ်လို သည့်သူကို ဖယ်ရှားနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး မဲပေးခြင်းဖြင့် ဖယ်ရှားရန်လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြော ကြားသည်။]ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်က ရွေးချယ်ခံပိုင်ခွင့်ရှိသလို ရွေးချယ်ခွင့်လည်းရှိတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄)မှာ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာဟာ နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံ တစ်ဝန်းမှာ အာဏာတည်တယ် ဆိုပြီးတော့ ဖော်ပြထားတယ်။ နိုင်ငံသားတွေရဲ့ အမြင့်ဆုံးအာဏာဟာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံသားမှ မဲပေးပိုင်ခွင့်ရှိတဲ့ ကိစ္စကို မဲမပေးဖို့ လှုံ့ဆော်တဲ့ လူတွေအတွက်လည်း ကျွန်တော်က အင်မတန်အံ့ဩ တယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒါသည် မိမိကြမ္မာကိုဖန်တီးပေးမယ့်သူတွေကို ရွေးချယ်ရတာ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ သူများရွေးချယ်တဲ့ သူကိုယူလိုက်လို့ရှိရင်တော့ တကယ်ခံစားရမှာက ပြည်သူအားလုံး ကိုယ်တိုင်လည်း ပါဝင်တာပေါ့။ ဒါကြောင့်မို့လို့ လူတိုင်း မဲပေးဖို့ လူတိုင်း မဲပေးသင့်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံသားက တခြားနိုင်ငံကို သွားပြီးတော့ မဲပေးလို့မရသလို တခြား နိုင်ငံခြားသားကလည်း မြန်မာပြည်ကို မဲလာ ပေးလို့မရပါဘူး။ ဒီလို နိုင်ငံသားတစ်ယောက်ရထားတဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံး အောင် တိုက်တွန်းတဲ့ သူတွေအနေနဲ့ အထူးသတိပြု ဆင်ခြင်သင့်တယ်လို့ ယူဆပြီးတော့ မိမိတို့ဖယ်လို သောသူကို ဖယ်ဖို့အတွက် နိုဝင်ဘာ ၈ ရက်မှာ မိမိတို့ ကြိုက်နှစ်သက်သော သူကို ရွေးချယ်ခြင်းဖြင့် ဖယ်ရှားနိုင်တယ်ဆိုတဲ့ဟာလေး ကျွန်တော်မှတ်ချက်ပြုပြောကြား လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ဝင်ရောက်ယှဉ် ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏အမည်စာရင်းကို ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထား ကြောင်း ယင်းပါတီမှ သိရသည်။

သတင်း – နောင်လေး