တောင်ဥက္ကလာပမြို့နယ်၌ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သည့် လင်မယားနှစ်ဦး အသတ်ခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ (၆)လမ်း (ခ)ရှိ တိုက်ခန်းတစ်ခု၌ ပန်းထိမ် လုပ်ငန်းလုပ်ကိုင်သည့် လင်မယားနှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သေဆုံးသူနှစ်ဦးမှာ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သည့် လင်မယားနှစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာ တိုက်အမှတ် (….)၊လေးလွှာတွင် နေထိုင်သူများဖြစ်ကြောင်း (၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးလှမြင့်က စံတော်ချိန်သို့ ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်လောက်က အမျိုးတွေက သူတို့ကိုဖုန်းဆက်တာမှာ ဆက်လို့ မရတဲ့အတွက် ရပ်ဆွေရပ်မျိုးတွေကို အကြောင်းကြားတာပါ။ ဒါနဲ့ မနေ့က(ဇူလိုင် ၃၁ ရက်) ည ၈ နာရီလောက်မှာ လာရောက်အကြောင်း ကြားတဲ့သူရယ်၊ မြေရှင်ရယ်၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က တိုက်ခန်းကို ဝင်ပြီးစစ်ဆေးတော့ အပေါက်ဝတင် မိန်းမက မှောက်လျက်အနေအထားနဲ့ သေနေတယ်။ ဒုတိယအခန်းမှာတော့ အမျိုးသားက အိပ်အခင်းနဲ့ ပတ်ပြီး သေနေတာတွေ့ရတယ်။ နောက် စီအိုင်ဒီက လာရောက်စစ်ဆေးတာမှာ ည တစ်နာရီလောက်မှ ပြီးပါတယ်”ဟု ဦးလှမြင့်က ပြောသည်။

သေဆုံးသူ လင်မယားနှစ်ဦးမှာ အသက် (၃၀)ဝန်းကျင်ခန့်ရှိပြီး အမျိုးသားတွင် ထိုးသွင်းဒဏ်ရာ (၁၀) ချက်ခန့်နှင့် အမျိုးသမီးတွင် မျက်နှာနှင့်နားထင်တို့တွင် ချိုင့်ဝင်ဒဏ်ရာများတွေ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လွန်ခဲ့သည့် နှစ်ရက်ခန့်က အခင်းဖြစ်ပွားရာ နေအိမ်သို့ ဝင်ထွက်သွားလာမှုရှိသည့် မသင်္ကာဖွယ် လူတစ်ဦးအား ရဲတပ်ဖွဲ့က ခြေရာခံစုံစမ်းနေကြောင်း သတင်းရရှိသည်။

သတင်း – မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ – Thet Zaw (fb)